(ဃ) ကနီမြို့နယ်တွင်ထူးပေါက်ကျေးရွာအုပ်စုမှ သုံးရွာ၊ မဲဒင်ကျေးရွာအုပ်စုမှလေးရွာ၊ ယာကြီးကျေးရွာအုပ်စုမှ ကျပ်သုံးရွာ၊လက်ပန်စု၊ညောင်ရင်း၊ကန်တော၊သစ်ခက်နှင့်ဇီးပင်တွင်းကျေးရွာများအားလျှပ်စစ်မီးပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၃၀.၁.၂၀၂၀)

 (ဃ)ကနီမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ဒုတိယအဆင့်တွင် ပင်မ 11 KV ဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်တည်ရှိနေသော ထူးပေါက်ကျေးရွာအုပ်စုမှ သုံးရွာ၊ မဲဒင် ကျေးရွာ အုပ်စုမှ လေးရွာ၊ ယာကြီးကျေးရွာအုပ်စုမှကျပ်သုံးရွာ၊ လက်ပန်စု၊ ညောင်ရင်း၊ ကန်တော၊ သစ်ခက် နှင့် ဇီးပင်တွင်းကျေးရွာများအား NEP ဖြင့် လျှပ်စစ်မီးလင်းနိုင်ရေးစီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကနီမြို့နယ် အမျိုးသား လျှပ်စစ်ရရှိရေးစီမံကိန်း ဒုတိယအဆင့်မှာ ၁၁ ကေဗွီဓာတ်အားလိုင်း၏ ငါးမိုင်အတွင်းကျေးရွာများ ဓာတ်လျှပ်စစ် ဓာတ်အားရရှိရေး နှင့်စပ်လျဉ်း၍ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စာဖြင့်ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ ထိုသို့ဖြေကြားရာတွင် NEP ၏ဒုတိယအဆင့် လျှပ်စစ်မီးလင်းရမည့် ငါးမိုင်အတွင်းကျေးရွာများ ဆက်လက်ကျန်ရှိနေသဖြင့် ယခုကဲ့သို့မေးခွန်း မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထူးပေါက် ကျေးရွာအုပ်စု တွင်ရှိသည့် ထူးပေါက်တောင်၊ ထူးပေါက်မြောက်၊ ထူးပေါက်အရှေ့ ကျေးရွာများ၊ ညောင်ရင်း ကျေးရွာများနှင့် ကန်တောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စပ်လျဉ်းပြီး ယခင်မေးခွန်း ဖြေကြားချက်၊ ဖြေကြားထားမှုမှာ 11 KV ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများ ၂၀၁၉-၂၀ တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ရာ ရန်ပုံငွေများ အတည်ပြုရရှိပြီ ဖြစ်ပါကြောင်း၊

NEP အစီအစဉ်ဖြင့် မီးလင်းပေးရန် မေးခွန်းပါ လက်ပန်စုကျေးရွာနှင့် ဇီးပင်တွင်းကျေးရွာများ ကိုလည်း 11 KV ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် ထရန်စဖော်မာများတပ်ဆင်ခြင်းလုပ်ငန်းများ ကို ၂၀၁၉-၂၀ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့သော်ယခုလို ပင်ပဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်းရှိ အထက်ပါကျေးရွာများကို NEP ဖြင့် မီးလင်းရန်စီစဉ်ရမည့် အစား တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရသဖြင့် 11 KV ဓာတ်အားလိုင်း မရောက်သောကြောင့် မီးလင်းခွင့်မရကြသေးသည့် အခြားကျေးရွာများအတွက် နစ်နာစေသည်ဟု ထင်မြင်မိပါကြောင်း၊ လက်ရှိ ကျွန်းရွာအုပ်စုလေးရွာနှင့် သစ်ခက်ကျေးရွာများအတွက် NEP ကိစ္စဖြေကြားထားမှုတွင် ကျွန်းရွာသည် ကနီနှင့်အနီးဆုံးဖြစ်ပြီး ခြောက်မိုင်ခန့်နှင့် မဲဒင်၊ မဲဒင် မြောက်၊ စဖိုကြီးကျေးရွာများနှင့် သစ်ခက်ကျေးရွာများသို့ ကျွန်းရွာမှ ၁၁ မိုင်ခန့်ရှိကြောင်း ဖြေကြား ထားပါကြောင်း၊သို့သော် အနီးဆုံးပင်မဓာတ်အားလိုင်းဖြစ်သည့် ကနဲ-မိုးကောင်းလိုင်း မှတိုင်းတာ ပါက ကျွန်းရွာအထိ ၂.၁၁ မိုင်၊ မဲဒင်အထိ ၂.၈၀ မိုင်၊ မဲဒင်မြောက်အထိ ၂.၈၁ မိုင်၊ စဖိုကြီးအထိ ၃.၈၂ မိုင်နှင့် သစ်ခက်ကျေးရွာအထိ ၄.၁၃ မိုင်ခန့်သာရှိသဖြင့် NEP ဒုတိယအဆင့်မှာ လျှပ်စစ်မီးလင်းနိုင် ရေးကို စီစဉ်ပေးရမည် ဖြစ်ပါကြောင်း၊

ယာကြီးကျေးရွာအုပ်စုနှင့်ပတ်သက်ပြီး ဖြေကြားထားမှုတွင် ဓာတ်အားရရှိပြီးဖြစ်သည့် သလင်း ကျေးရွာမှရေဖြူကျေးရွာသို့ရှစ်မိုင်၊ ရေဖြူကျေးရွာမှ ရွာမကျေးရွာသို့တစ်မိုင်၊ ရွာမကျေးရွာမှ တောင်သပြေကျေးရွာသို့တစ်မိုင်တည်ဆောက်ရမည်ဖြစ်ပြီး NEP ဒုတိယအဆင့်တွင်တည်ရှိပြီး      11 KV လိုင်းနှင့်ငါးမိုင်အတွင်းရှိသော ကျေးရွာများကိုသာ လျာထားခြင်းဖြစ်သဖြင့် အထက်ပါကျေးရွာ များအား NEP ဒုတိယအဆင့်တွင်လျာထားနိုင်ခြင်းမရှိပါကြောင်း ဖြေကြားထားပါကြောင်း၊ ဌာန၏မိုင်အကွာအဝေးတွက်ချက်မှုများသည် ကားလမ်းတည်ရှိ ဖောက်လုပ်ထားမှုများအတိုင်း ကွေ့ဝိုက်တိုင်းတာထားခြင်းဖြစ်ပါကြောင်း၊ အမှန်တကယ်ဓာတ်အားလိုင်းရောက်ရှိပြီးဖြစ်သည့် သလင်းကျေးရွာမှ ယာကြီးကျေးရွာ အုပ်စုဖြစ်သည့် အောင်သပြေကျေးရွာအထိ ၃.၈၄ မိုင်၊ ရွာမကျေးရွာအထိ ၄.၄၁ မိုင်၊ ရေဖြူကျေးရွာ အထိ ၄.၆၄ မိုင်သာရှိကြသည့်အပြင် တစ်ဆက်တည်းတစ်ကြောင်းတည်းတည်ရှိနေသော ကျေးရွာများဖြစ်ရာ NEP ဒုတိယအဆင့်တွင် လျှပ်စစ်မီးလင်းနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည့်မေးခွန်းမှာ ကနီမြို့နယ်တွင် အမျိုးသားလျှပ်စစ်  ရရှိရေးစီမံကိန်း၏ ဒုတိယအဆင့်တွင် ပင်မ 11 KV ဓာတ်အားလိုင်းနှင့်ငါးမိုင်အတွင်း တည်ရှိ နေသော်လည်း NEP ဖြင့် လျှပ်စစ်မီးလင်းရန်လျာထားခြင်းမရှိသော ကျေးရွာများအား NEP ဖြင့် လျှပ်စစ်မီးလင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိမေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးခင်မောင်ဝင်း(ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကနီမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ ဒုတိယ အဆင့်တွင် ပင်မ 11 KV ဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်းတည်ရှိနေသော ထူးပေါက် ကျေးရွာအုပ်စု သုံးရွာ၊ ကျွန်းပင်အိုင်ကျေးရွာအုပ်စု ကျန်သုံးရွာ၊ မဲဒင်ကျေးရွာအုပ်စုလေးရွာ၊ ယာကြီးကျေးရွာအုပ်စု ကျန်သုံးရွာ၊ ကနဲကျေးရွာအုပ်စု ကျန်နှစ်ရွာ၊ ကန်တော၊ ညောင်ရင်းနှင့် သစ်ခက်ကျေးရွာတို့အား လျှပ်စစ်မီးရရှိရေးထည့်သွင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကိုသိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သဖြင့် ဝန်ကြီးဌာနမှ ၂၀-၆-၂၀၁၉ ရက်စွဲပါစာဖြင့် ပေးပို့ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်ဓာတ်အားလိုင်းများ တည်ဆောက်ရန် လမ်းအူကြောင်းရွေးချယ်ရာတွင် ဓာတ်အားလိုင်းပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု ရှိရန်လိုအပ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် မြေပြင်အခြေအနေ ကောင်းမွန်ရန် လိုအပ်ခြင်း၊ တည်ဆောက်ပြီး ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုအပ်ခြင်း၊ သဘာဝဘေးဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မြစ်ချောင်းများ၊ လူနေအိမ်များနှင့် ယာခင်း၊ စိုက်ခင်းများကို ဖြတ်ကျော်တည်ဆောက်ရမည့် နေရာများကို အတတ်နိုင်ဆုံးလျှောက်လွှဲရခြင်းစသည့် အခြေအနေများအပေါ်မူတည်၍ ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်ရရှိရေး စီမံကိန်း NEP ဆောင်ရွက်မည့်ကျေးရွာများ၏ ဓာတ်အားလိုင်းအကွာအဝေးကို တိုင်းတာရာတွင်လည်း တည်ရှိပြီးဓာတ်အားလိုင်း၏ ဓာတ်အား ရယူချိတ်ဆက်ရမည့်နေရာမှ အမှန်တကယ်တည်ဆောက်နိုင်မည့် ဓာတ်အားလိုင်း လမ်းကြောင်း အတိုင်းသာ တိုင်းတာသတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊

ထူးပေါက်ကျေးရွာအုပ်စု ဓာတ်အားရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းပါ အကွာအဝေးအတိုင်းအတာများဖြစ်သည့်      တောင်နီကျေးရွာ မှ ထူးပေါက်(တောင်)သို့ ၃.၇၃ မိုင်၊ တောင်နီမှ ထူးပေါက်(မြောက်)သို့ ၄.၀၅ မိုင်၊ တောင်နီမှ ထူးပေါက်(အရှေ့)သို့ ၃.၈၃ မိုင်၊ တောင်နီမှ ညောင်ရင်းသို့ ၄.၈၂ မိုင်၊ တောင်နီမှ ကန်တောသို့     ၂.၅၂ မိုင်၊ တောင်နီမှ လက်ပန်စုသို့ ၄.၉၂ မိုင်တို့ဟာ တောင်နီကျေးရွာမှ သက်ဆိုင်ရာကျေးရွာများသို့ မြေပုံအရ စမှတ်နှင့်ဆုံးမှတ်အား Point to Point အဖြောင့်တိုင်းတာထားသော အကွာအဝေးများသာ ဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် တည်ဆောက်၍ရနိုင်သော လမ်းကြောင်းအတိုင်း တိုင်းတာခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိရ ပါကြောင်း၊ ယင်းသို့ တိုင်းတာရာတွင်လည်း ပေ ၁၀၀၀ ခန့်ကျယ်ဝန်းသည့် ဖိုးမဲချောင်း ကိုဖြတ်ကေျာ်၍လည်းကောင်း၊ ယာခင်း၊ စိုက်ခင်းနှင့် တောင်ကုန်းများကို ဖြတ်ကျော်၍ လည်းကောင်း တိုင်းတာထားခြင်းဖြစ်ပြီး အဆိုပါလမ်းကြောင်းတစ်လျှောက် ဓာတ်အားလိုင်း ပစ္စည်းများ သယ်ယူ ရန်အတွက် မော်တော်ယာဉ်သွားလာရန် လမ်းမပေါက်ကြောင်းနှင့် ဖိုးမဲချောင်းသည် မိုးတွင်း ကာလ၌ ချောင်းရေစီးနှုန်းအရှိန်ပြင်းထန်ပြီး ချောင်းအနီးရှိ မူလဝင်မနားကျေးရွာသည်ပင် ချောင်းရေကြောင့် ၂၀၀၃ ခုနှစ်တွင် ပြောင်းရွှေ့တည်ဆောက်ခဲ့ရပါကြောင်း၊ အဆိုပါ အခြေအနေ များကြောင့် ချောင်းတစ်ဖက်ကမ်းရှိ တောင်နီကျေးရွာမှ ဓာတ်အားဆက်လက် ချိတ်ဆက် ရယူမည်ဆိုပါက လက်တွေ့တွင် ဓာတ်အားလိုင်းတည်ဆောက်ရန် အခက်အခဲများစွာရှိမည် ဖြစ်သည့်အပြင် ကားလမ်းမပေါက်ခြင်းကြောင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းရန်လည်း အခက်အခဲရှိမည်ဖြစ်သဖြင့် ထူးပေါက်ကျေးရွာအုပ်စု ဓာတ်အားရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တော်ကြီး၏မေးမြန်းချက်ပါ တောင်နီကျေးရွာမှ ဓာတ်အားချိတ်ဆက်ရယူရန် မြေပြင် အခြေအနေအရ မလွယ်ကူဘဲ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည့် ဝင်မနားကျေးရွာဘက်မှသာ ဓာတ်အားရယူရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် အထက်ဖော်ပြပါကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် 11 KV ဓာတ်အားလိုင်းရောက်ရှိပြီးဖြစ်သည့် ဝင်မနားကျေးရွာမှ ကန်တောကျေးရွာသို့ ၅.၂ မိုင်၊ ကန်တောမှ ထူးပေါက်(အရှေ့)သို့ ၂.၄ မိုင်၊ ထူးပေါက်(အရှေ့)မှ ထူးပေါက်(မြောက်)သို့ ၀.၃၇ မိုင်၊ ထူးပေါက်(မြောက်)မှ ထူးပေါက်(တောင်)သို့ ၀.၈ မိုင်၊ ကန်တောမှ ညောင်ရင်းနှင့် လက်ပန်စု ကျေးရွာသို့ သုံးမိုင်တည်ဆောက်ရမည်ဖြစ်သည့်အတွက် ဓာတ်အားစနစ်ချိတ်ဆက်ရယူမည့် ကန်တောကျေးရွာသည် လက်ရှိဓာတ်အားရရှိပြီးဖြစ်သော ဝင်မနားကျေးရွာမှ ငါးမိုင်အထက် ကျော်လွန်ကွာဝေးနေသဖြင့် NEP ဒုတိယအဆင့်တွင် ထည့်သွင်းလျာထားမှုမရှိခြင်းဖြစ်ပါကြောင်း၊ ထို့အတူ မဲဒင်ကျေးရွာအုပ်စုရှိ ကျေးရွာလေးရွာနှင့် သစ်ခက်ကျေးရွာ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါ  ကနဲ-မိုးကောင်း 11 KV ဓာတ်အားလိုင်းမှ ကျွန်းရွာအထိ ၂.၁၁ မိုင်၊ မဲဒင်အထိ ၂. ၈ မိုင်၊ မဲဒင်(မြောက်)အထိ ၂.၈၁ မိုင်၊ စဖိုကြီး အထိ ၃.၈၂ မိုင်နှင့် သစ်ခက်ကျေးရွာအထိ ၄.၁၃ မိုင်တို့သည် ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်းရှိ ကနဲ-မိုးကောင်းဓာတ်အားလိုင်းမှ အဖြောင့်တိုင်းတာထားခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် မဲဒင်ကျေးရွာ အုပ်စုနှင့်သစ်ခက်ကျေးရွာများမှာ ချင်းတွင်းမြစ်၏ အနောက်ဘက်တွင်တည်ရှိပြီး လွှတ်‌တော်ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့် လမ်းကြောင်းအတိုင်း တည်ဆောက်မည်ဆိုပါက ချင်းတွင်းမြစ်ကို ဖြတ်ကျော်၍တည်ဆောက်ရမည်ဖြစ်ပါ၍ လိုင်းပစ္စည်းများသယ်ယူရန်အတွက် မော်တော်ယာဉ် သွားလာရန်အခက်အခဲတို့ကြောင့် လက်တွေ့မြေပြင်တွင်ဆောင်ရွက်ရန် မလွယ်ကူကြောင်း တွေ့ရှိ ရပါကြောင်း၊

ထို့ကြောင့် မဲဒင်ကျေးရွာအုပ်စုနှင့် သစ်ခက်ကျေးရွာဓာတ်အားရရှိရေးအတွက် လက်တွေ့မြေပြင်တွင် ဓာတ်အားချိတ်ဆက်ရယူမည့် 11 KV ဓာတ်အားလိုင်းရောက်ရှိပြီး ကနီမြို့မှ ကျွန်းရွာသို့ ၅.၆ မိုင်၊ ကျွန်းရွာမှ မဲဒင်ကျေးရွာသို့ ၁.၅ မိုင်၊ မဲဒင်မှ မဲဒင်(မြောက်)ကျေးရွာသို့ တစ်မိုင်၊ မဲဒင်(မြောက်)မှ စဖိုကြီးသို့ ၂.၈ မိုင်၊ စဖိုကြီးကျေးရွာမှ သစ်ခက်ကျေးရွာသို့ ၁. ၇ မိုင်တည်ဆောက် ရမည်ဖြစ်ပြီး ဓာတ်အားစတင်ချိတ်ဆက်ရယူမည့် ကျွန်းရွာသည် လက်ရှိဓာတ်အားလိုင်းမှ ငါးမိုင် အထက်ကျော်လွန်ကွာဝေးခြင်းကြောင့် NEP ဒုတိယအဆင့်တွင် ထည့်သွင်းလျာထားမှုမရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယာကြီးကျေးရွာအုပ်စု၊ ရေဖြူ၊ ရွာမ၊ အောင်သပြေကျေးရွာများ ဓာတ်အားရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါ သလင်းကျေးရွာမှ အောင်သပြေကျေးရွာအထိ ၃.၈၄ မိုင်၊ ရွာမကျေးရွာအထိ ၄.၄၁ မိုင်၊ ရေဖြူကျေးရွာအထိ ၄.၆၄ မိုင်နှင့် သလင်းကျေးရွာမှ အဖြောင့်တိုင်းတာထားခြင်းသားဖြစ်ပြီး ၎င်းအတိုင်းတည်ဆောက်မည်ဆိုပါက ပေ ၁,၀၀၀ ခန့်ကျယ်ဝန်းသော ရေဝါချောင်းကို နှစ်နေရာဖြတ်၍လည်းကောင်း၊ တောများ ကျောက် တောင်ကုန်းများ၊ ချောင်းသွယ်များကို ဖြတ်၍လည်းကောင်း တည်ဆောက်ရမည်ဖြစ်ပြီး မော်တော် ယာဉ်များဖြင့် သွားလာရန်လမ်းမရှိခြင်းကြောင့် ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ခက်ခဲမည့်အပြင် နောင်တွင်ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေးအတွက် အခက်အခဲ ရှိမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ယာကြီးကျေးရွာအုပ်စု ဓာတ်အားရရှိရေးအတွက် 11 KV ဓာတ်အားလိုင်း ရောက်ရှိပြီးဖြစ်သည့်ကနီမှ အောင်သပြေကျေးရွာသို့ ၅.၅ မိုင်၊ အောင်သပြေမှ ရွာမသို့ ၀.၇ မိုင်၊ ရွာမမှ ရေဖြူသို့ ၀.၂၅ မိုင်တည်ဆောက်ရမည်ဖြစ်ပြီး ဓာတ်အားစတင်ချိတ်ဆက်ရယူမည့် အောင်သပြေကျေးရွာသည် လက်ရှိဓာတ်အားလိုင်းမှ ငါးမိုင်အထက် ကျော်လွန်ကွာဝေးနေသည့် အတွက် NEP ဒုတိယအဆင့်တွင် ထည့်သွင်းလျာထားမှုမရှိခြင်း ဖြစ်ပါကြောင်း၊ မေးမြန်း ချက်တွင်ပါရှိသည့် ဇီးပင်တွင်းကျေးရွာသည် ချောင်းမကျေးရွာနှင့် ၃.၇၈ မိုင်သာ ကွာဝေးသည် ဆိုခြင်းမှာ ချောင်းမကျေးရွာမှ အဖြောင့်တိုင်းတာခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းအူကြောင်းအတိုင်း တည်ဆောက်မည်ဆိုပါက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲသောကြောင့် မြေပြင် အခြေအနေတွင် 11 KV ဓာတ်အားလိုင်း ရောက်ရှိပြီးဖြစ်သော ချောင်းမကျေးရွာမှာ အောက်မင်္ဂလာ ရွာကိုဖြတ်၍ ဇီးပင်ကွင်းကျေးရွာသို့ ခုနစ်မိုင် တည်ဆောက်ရမည်ဖြစ်သည့်အတွက် NEP ဒုတိယ အဆင့်တွင် ထည့်သွင်းလျာထားနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP တွင် အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာများ၏ ဓာတ်အားလိုင်း အကွာအဝေး အားတိုင်းတာသတ်မှတ်ရာတွင် ဓာတ်အားချိတ်ဆက်ရယူရမည့် ဓာတ်အားလိုင်းမှ ကျေးရွာသို့ အမှန်တကယ်မြေပြင်တွင်သွယ်တန်းတည်ဆောက်နိုင်သည့် ဓာတ်အားလိုင်းလမ်းကြောင်း အတိုင်း တိုင်းတာသတ်မှတ်ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်ပါ ကျေးရွာများမှာ ဓာတ်အားချိတ်ဆက်ရယူနိုင်မည့်ဓာတ်အားလိုင်းမှ ငါးမိုင်အထက် ကျော်လွန်နေခြင်း ကြောင့် NEP ဒုတိယအဆင့်တွင် ထည့်သွင်းလျာထားနိုင်ခြင်းမရှိခြင်းဖြစ်ပါကြောင်း၊ ကန်တော၊ လက်ပန်စု၊ ညောင်ရင်းကျေးရွာသုံးရွာ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဘတ်ဂျက်တွင် လျာထားပြီးဖြစ်ပါကြောင်း၊ ကျန်ကျေးရွာများလျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဝန်ကြီးဌာနမှ ယခင်ဖြေကြားခဲ့သည့်အတိုင်း နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီးအစိုးရ၏ရန်ပုံငွေိဖြင့် လျာထားဆောင်ရွက် နိုင်ရန် ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင်(ကနီမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီးအနေဖြင့် ကျန်သည့်ကျေးရွာများကို တိုင်းဒေသကြီး အစိုးရနှင့်ညှိနှိုင်းပြီး ဘဏ္ဍာငွေရရှိမှုအပေါ်တွင်မူတည်၍ဆောင်ရွက်ပေးမယ်ဟု ဖြေကြားပေးသည့်အတွက် ကျေးဇူးတင် ပါကြောင်း၊ ဆက်စပ်မေးမြန်းလိုသည်မှာ NEP နှင့် ပတ်သက်၍ 11 KV ဓာတ်အားလိုင်းများ သွယ်တန်းသည့်နေရာတွင် လမ်းအူကြောင်းသတ်မှတ်သည့် ကိစ္စများကို ဒုတိယဝန်ကြီးက ဖြေကြားခြင်းဖြစ်ပါကြောင်း၊ထို့ကြောင့် လမ်းအူကြောင်းလုပ်သည့် နေရာတွင် ကားလမ်းအတိုင်းသာ လက်ရှိအနေအထားများက ဌာနမှတိုင်းထားခြင်းဖြစ်ပါကြောင်း၊  ကားလမ်းမှ တိုင်းထားခြင်း ဖြစ်သည့် အတွက် ယခုကဲ့သို့ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ရှိပါကြောင်း၊ 11 KV လိုင်းများ တည်ဆောက်သည့်နေရာတွင် တောများ၊ တောင်များ၊ ချောင်းများ၊ မြောင်းများ၊ လယ်များ၊ ယာများ၊ ကိုင်းများ၊ ကျွန်းများကိုဖြတ်၍ တည်ဆောက်ထားသည့်၊ တည်ဆောက်ပြီးမီးလင်းနေသည့် ကျေးရွာများရှိပါကြောင်း၊

သို့သော်လည်း ယခုကိစ္စနှင့် ကနီမြို့နယ်နှင့်ပတ်သက်ပြီး မိမိတို့ကနီမြို့နယ် အတွင်းတွင်လည်း ယခုလိုမျိုးတည်ဆောက်ထားသည့်11 KV လိုင်းများ၊ အင်မတန် ကျယ်ဝန်းပါသည်ဆိုသည့် ချောင်းများကိုဖြတ်၍တည်ဆောက်ထားသည့် 11 KV လိုင်းများလည်း ရှိပြီးသား ဖြစ်ပါကြောင်း၊ ထို့နောက် ယာများ၊ ကိုင်းများ၊ ကျွန်းများကိုဖြတ်ပြီးတည်ဆောက်ထားသည့် လိုင်းများကိုလည်း ပြ၍ရကြောင်း၊ မိမိတင်ပြနေသည့်ကိစ္စများထဲတွင် တချို့ရွာများ မြစ်ခြားနေ၍ အဆင်မပြေဘူး ဆိုသည့်ကိစ္စများ၊ ဝန်ကြီးမှပြောသည့်ကိစ္စများသည်လက်ခံပေး၍ရပါကြောင်း၊ သို့သော် တချို့ရွာများ သည် နှစ်မိုင်၊ သုံးမိုင်အတွင်းသာ ရှိသော်လည်း ကားလမ်းမရှိ၍ မလင်းရဘူးဆိုသည့် အနေအထား မျိုးဖြစ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် NEP ၏မူမှာ ကားလမ်းမပေါက်လျှင် စီမံကိန်းထဲ ထည့်လို့မရဘူးဆိုသည့်မူရှိပါသလားမေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

မိမိတို့ NEP Plan အနေဖြင့် ပထမ မိမိတို့ဓာတ်အားခွဲရုံမှနေပြီး နှစ်မိုင်အကွာအဝေး၊ နောက် ဒုတိယ ငါးမိုင်အတွင်း စသည်တို့ကို မိမိတို့က မူအနေြဖင့်ချမှတ်ထားတာရှိပါကြောင်း၊ လမ်းအူကြောင်း ကိုရှာဖွေသည့် နေရာမှာတွင်လည်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ဒေသခံများနှင့်ပေါင်းစပ်ပြီး‌ လမ်းအူကြောင်း ကိုရှာဖွေပြီးမှ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကို အဆင်ပြေချောမွေ့စေရန် မိမိတို့ ဆောင်ရွက်ရခြင်း ဖြစ်သည့် အတွက်ကြောင့် ယခုကဲ့သို့ လမ်းအူကြောင်းကိုအရင်ဆုံးရှာဖွေပြီးမှသာ ဓာတ်အားလိုင်း တည်ဆောက်နိုင်မည့် အကွာအဝေးများကို တိုင်းထွာသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ ကိုယ်စား လှယ်တော်ကြီး ပြောကြားချက်အရ မိမိတို့နောက်ပိုင်းတွင် လည်း သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ပြီးမှ အတတ်နိုင်ဆုံး အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။