မြန်မာ့မီးရထားကို နိုင်ငံတော်မှအဆင့်မြှင့်တင်နေပါကြောင်း၊ မြန်မာ့မီးရထား၏ ရန်ကုန်ဘူတာကြီး တွင် ရထားစီးရန်စောင့်ဆိုင်းနေသူများအတွက် အဆင်ပြေစေရန် ထိုင်ခုံများ၊ TV များ၊ ဖုန်းအား သွင်းရန်နေရာများ၊ သောက်ရေသန့်ရရန်နေရာများဆောင်ရွက်ပေးထားသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဝရမ်းလဲရန်နှင့် ကျေနပ်မှုမရှိလျှင် တိုင်ကြားရန်အတွက် ပြည်သူ့ဆက်ဆံရေးဌာနလည်း ဖွင့်လှစ်ထားရှိပါကြောင်း၊ ရထားတွဲဆိုင်းများ ကိုလည်း အသစ်ဝယ်ယူထားပါကြောင်း၊ လေအိတ်တွဲများပါ ဆောင်ရွက်ပေးထားပါကြောင်း၊ ရထားလမ်းပိုင်းများလည်း အဆင့်မြှင့်တင်ပေးနေပြီး ယခင် ပြေးဆွဲချိန်ထက်တစ်ဝက်နီးပါး လျှော့ချနိုင်ရန် ကြိုးစားနေသည်မှာ အင်မတန်အားရစရာကောင်းပါကြောင်း၊ ရထားစီးရသည်မှာ ကားစီးရသည်ထက် သက်သောင့်သက်သာရှိပါကြောင်း၊ ညောင်းလျှင်လမ်းထ လျှောက်နိုင်ပါ ကြောင်း၊ ရေအိမ်များလည်းထားရှိပါကြောင်း၊ တချို့ရထားများတွင် အစားအသောက်တွဲများ ပါသည့်အတွက် လမ်းခရီးသွားရင်းစားသောက်လျှင် အဆင်ပြေပါကြောင်း၊ ခရီးသွားသူအားလုံး ကလည်း ယခုကဲ့သို့ကောင်းမွန်သည့်အချက်များကြောင့် မီးရထားနှင့် ခရီးသွားရန် အားလုံးကြိုက်ကြပါကြောင်း၊ ရထားလက်မှတ်များသည် ကားခထက်သက်သာနေကြောင်း၊ ကြိုတင်လက်မှတ်များကိုလည်း မြန်မာ့မီးရထားကြိုတင်လက်မှတ်ရုံတွင် ဝယ်ယူရနိုင်ပါကြောင်း၊
အထက်တန်းအတွက် သုံးရက်ကြို၊ ရိုးရိုးတန်းအတွက်ဆိုလျှင် ခရီးစဉ်နှင့်ရထားအမှတ်အလိုက် တစ်ရက်ကြို၊ နှစ်ရက်ကြို စသည်ဖြင့် ရောင်းချပေးပြီး၊ လက်ကျန်လက်မှတ်များကို ရန်ကုန် ဘူတာကြီးထဲတွင် ရထားမထွက်ခင်အချိန်ထိ ရောင်းချပေးနေပါကြောင်း၊ ရောင်းချသည့် လက်မှတ် ကိုလည်း ခရီးစဉ်အလိုက်လမ်းဘူတာများပါမကျန် ရောင်းချပေးပါကြောင်း၊ လက်ကျန် လက်မှတ်များကိုလည်း ကြော်ငြာသင်ပုန်းပေါ်တွင် ရေးသွင်းဖော်ပြထားပါကြောင်း၊ ရထား လက်မှတ်ခသည်လည်း ခရီးစဉ်၊ ထိုင်ခုံအရေအတွက်များနှင့့်ချိန်ထိုး၍ မရှုံးရလေအောင် သတ်မှတ် ထားမည်ဟုထင်ပါကြောင်း၊ ရထားလည်းကောင်း၍ လူလည်းသက်သာပါကြောင်း၊ စီးလိုသည့် သူများလည်းများကြောင်း၊ သို့သော် မြန်မာ့မီးရထားသည် အရှုံးပေါ်နေသည်မှာ ထူးဆန်းနေ ပါကြောင်း၊ ရထားလက်မှတ်များဝယ်လျှင် လက်ကျန်လက်မှတ်မရှိကြောင်း၊ ကြက်ခြေခတ်အမှတ် အသားလေးများ များနေပြီးဝယ်မရ ဖြစ်ကြရပါကြောင်း၊ ပြည်သူများအနေဖြင့် လက်မှတ်ဝယ်မရဘဲ ရထားထွက်သည့်အခါ ခုံပြည့်/ မပြည့်ကိုမည်သို့မှမစစ်နိုင်ပါကြောင်း၊ သို့သော် တချို့သူများက နည်းမျိုးစုံနှင့်ကြိုးစားသည့်အခါ ရထားပေါ်ရောက်သွား၍ ရထားသည် ခုံလက်ကျန်မရှိဘဲ ရထား ပေါ်တွင်ခုံလွတ်များကျန်နေကြောင်း ပြန်ပြောသည်ကို ကြားရသည်မှာ မြန်မာ့မီးရထားအတွက် အတော်မခံချင် ဖြစ်မိပါကြောင်း၊ လမ်းဘူတာများအတွက် ခုံများဖြစ် ကြောင်း၊ ရန်ကုန်မှဘူတာအထိ စီးမည့်သူမရှိ၍ ခုံကျန်နေခြင်းဖြစ်ကြောင်း မမဆိုသည့် မြန်မာ့မီးရထားအတွက် ခုခံပြောဆို မိပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာမှုလည်းရှိအောင် ရထားလက်မှတ်ရောင်းရသည့် ဝန်ထမ်းများလည်းသက်သာအောင် ပြည်သူများလည်း အစောကြီးထ၍ တန်းစီရ၊ လက်မှတ်ရုံ တစ်ခေါက်သွားဝယ်ရ စသည့်ဒုက္ခနှင့် စရိတ်စကများဈေးသက်သာအောင် ကားလက်မှတ်များကို Online ရောင်းသကဲ့သို့ ရထားလက်မှတ်ကိုလည်း Online ဖြင့် ပွင့်လင်းမြင်သာစွာ ရောင်းချ နိုင်ခြင်းရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခေတ်အဆက်ဆက်ရန်ပုံငွေ အခက်အခဲကြောင့် မိမိတို့က ပြည်သူများကိုထိရောက်လျှင်မြန်ချောမွေ့သည့် ဝန်ဆောင်မှုပေးနိုင်ရန် အတွက်ကို ကြိုးပမ်းခဲ့သော်လည်း ယခုနောက်ပိုင်းကျမှ မိမိတို့ကဆောင်ရွက်နိုင်သည့်အတွက် ကိုယ်စားလှယ်တော်ကြီးက မိမိတို့၏ဆောင်ရွက်ချက်များကို အသိအမှတ်ပြု၍ ဖော်ပြသွားသည့် အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသည်မှာ အင်မတန် ပြည့်စုံသည့်အတွက် အဓိကအချက်ကိုသာ ဆက်လက်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊
မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်မည့် Network Server မရှိသည့်အတွက် Online မှလက်မှတ်ရောင်းချမှုစနစ်ကို မဆောင်ရွက်နိုင်သေးသော်လည်း (၁-၁၀-၂၀၁၉) ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်- မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့် (၂) လုပ်ငန်းများတွင် ခရီးသည် ဝန်ဆောင်မှုကို မြှင့်တင်နိုင်ရန်ကြိုတင်လက်မှတ်မှာသည့် (Ticket Reservation) စနစ်ဖြင့် ခရီးသည်ပြန်ကြားရေး (Passenger Information) စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းပါရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆင်လျက်ရှိပြီး ၂၀၂၀-၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ အဆင့်(၂)လုပ်ငန်းများ ပြီးဆုံးမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ရထားလက်မှတ်များကို ပြည်သူများသို့ Online မှ ရောင်းချပေးနိုင်မည် ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအတွက် အချိန်နှင့်တစ်ပြေးညီ မျက်မြင်သိရှိနိုင်မည့် Real-time Information System အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့့််လက်မှတ် ရောင်းချမှုစနစ်ကို ပြောင်းလဲနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဒေါက်တာသန်းအောင်စိုး(မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို ကြားရသည်ကို အများကြီး ဝမ်းသာပါကြောင်း၊ Online မှ လက်မှတ်ရောင်းရန် မိမိမေးထားသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၏ အကြံပြုချက်အရလည်း ရန်ကုန်မြို့ပတ်ရထားများတွင် ယခင်က QR Code နှင့် စီးခဲ့ရဖူးကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ပြောပါကြောင်း၊ ခေတ်မီသည့် နိုင်ငံများတွင် ငွေမှ Card စနစ်များကို ပြောင်းကြောင်း၊ ထိုမှ Card less ဆိုသည့် ကတ်မပါဘဲ QR Code နှင့်စနစ်ကို အသုံးပြုလာကြကြောင်း၊ မိမိတို့ တိုင်းပြည်တွင် လူတိုင်းနီးပါး ဖုန်းကိုင်နေပြီ ဖြစ်ပါကြောင်း၊ Card မှ Card ကိုမသွားဘဲ ဖုန်းနှင့့် QR Code အထိ ခုန်ကျော်ပြီး ဆောင်ရွက်၍ ရနိုင်နေပြီ ဖြစ်သည့်အတွက် မြို့ပတ်ရထားများတွင် Online စနစ်ကို အသုံးပြုပြီး ယခင် လုပ်ခဲ့ဖူးသော QR Code စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကိုလည်း သိရှိလိုကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်မေးခွန်းကလည်း မိမိအနေဖြင့် ယခုတစ်ခါတည်း ဖြေကြား ပေးနိုင်ခြင်းမရှိဘဲ ၎င်းစီမံကိန်း၏ လုပ်ငန်းဘောင်အတွင်းတွင် မြန်မာ့မီးရထားကို အသေးစိတ် ပြန်လည်မေးမြန်းပြီး ကိုယ်စားလှယ်တော်ကြီးကို ပြန်လည်ဖြေကြားပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
