(က)-ပြည်မြို့နယ်အတွင်း နဝင်းချောင်းရေတိုက်စားမှုကြောင့် ဆိုးရွားစွာကမ်းပြိုလျက်ရှိသော ကျေးရွာ များအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင် မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နဝင်းချောင်းသည် မိမိတို့ ပြည်မြို့နယ်၏ အရှေ့ဘက်က စတင်စီးဆင်းဝင်ရောက်လာပြီး မြို့နယ် အတွင်းကို ဖြတ်သန်းစီးဆင်းပါကြောင်း၊ နောက်ဆုံးတွင် ဧရာဝတီမြစ်ထဲကိုစီးဝင်သွားသော ချောင်း တစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ ရေနည်းသော်လည်း မိုးတွင်းအခါတွင် ရေအလွန်များပြီး ရေစီး အလွန်သန်သော ချောင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နှစ်စဉ်ရေတိုက် စားမှုကြုံတွေ့နေရပါကြောင်း၊ ယခုမေးခွန်းတွင်ပါဝင်သော ကျေးရွာအုပ်စုသုံးစုသည် အဆိုးရွားဆုံး ဖြစ်ပြီး လူနေအိမ်များ၊ သာသနိကအဆောက်အအုံများနှင့် ရွာချင်းဆက်လမ်းများကို တိုက်စား ပျက်စီးစေသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ပထမဦးစွာ မြောင်းငယ်လှကျေးရွာရှိ ကမ်းပြိုခြင်းကို တင်ပြလိုပါကြောင်း၊ နဝင်းချောင်းစီးဆင်း လာသည့်အချိန်တွင် မြောင်းငယ်လှရွာကို ဖြတ်သန်းစီးဆင်းသွားပါကြောင်း၊ ရွာ၏ အလယ်ရောက် သည့်အခါ ချောင်းကျဉ်းသွားသည့်အတွက် ကမ်းပါးတိုက်စားမှုကို များစွာဖြစ်ပေါ်စေပါကြောင်း၊ ထို့အပြင် အဆိုပါရွာက မြေအောက်ရေများသည် ရေလျှံတွင်းက အဆက်မပြတ်ထွက်သည့်အတွက် ယခုအချိန် ရေနည်းသွားသည့်အချိန်တွင်လည်း မြေပြိုမှုကို ပိုပြီးဆိုးရွားစေပါကြောင်း၊ ရွာသူရွာသား များသည် ရွာရှိလူနေအိမ်များအတွက် စိုးရိမ်ပူပန်ရသည့်အပြင် အဓိကရေတိုက်စားသည့်နေရာသည် ဘုန်းတော်ကြီးကျောင်းနှင့် ရှေးဟောင်းသိမ်တည်ရှိနေသည့်အတွက် အချိန်မီမဆောင်ရွက်နိုင်ပါက သာသနိကအဆောက်အအုံများပါ ပျက်စီးသွားမည်ဖြစ်သည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် သဲကုန်းကျေးရွာအုပ်စုရှိ လင်းပယ်ရွာကမ်းပါးပြိုကျခြင်းက အလွန်အဆိုးဆုံး ဖြစ်ပါကြောင်း၊ ယခု မိမိတို့၏ကျေးရွာချင်းဆက်လမ်း နတ်တလင်း၊ သဖန်းဂျို၊ ကမ်မလာ၊ လက်ခုပ်ကုန်း၊ ငွေအသပြာ၊ ပေါင်းစု၊ လင်းပယ်၊ ဇီးတောစသည့်ရွာများမှ ပြည်-အောင်လံ လမ်းမကြီးကို ဆက်သွယ်သည့်ကုန်ထုတ်လမ်းဖြစ်ပါကြောင်း၊ ကမ်းပါးပြိုပြီး ယခုအချိန်တွင် လမ်းတစ်ဝက်ကျော်ပါသွားပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကမ်းပါးကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသည်မှာ စုစုပေါင်း ဘဏ္ဍာရေးနှစ်သုံးနှစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း မပါဝင်ခဲ့သည့်အတွက် ယခုအချိန်တွင် ပြည်သူများ ကိုယ်ထူကိုယ်ထဖြင့် သိန်း ၄၀ ကျော် အကုန်အကျခံ ချောင်းဖြောင့်ပြီး ချောင်းလွှဲထားသော်လည်း ပြည်သူများက တတ်စွမ်းသမျှ လုပ်ထားပေမဲ့လည်း ရေကကမ်းပါးထိပ်ထိရောက်သည့်အတွက် မိုးပြင်းပြင်းထန်ထန် နှစ်ချီခန့်ရွာလိုက်ပါက ငွေကုန်ကြေးကျခံပြီး ရွာသူရွာသားများ ဆောင်ရွက်ထားသည်မှာ ပြန်လည် တိုက်စားသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ်တွင် မိမိတို့က သိန်းပေါင်း ၃၆၀၀ ဖြင့် ကျေးလက်လမ်းကို ကျောက်ချောလမ်းခင်းရာတွင် မည်သို့မျှမဖြစ်နိုင်သည့်အတွက် အိမ်လေးအိမ်ကို နောက်ဖြိုပြီး ရွေ့လိုက်ရပါကြောင်း၊ ပေ ၄၀ လည်း လောလောဆယ် နောက်ဆုတ်ထားပါကြောင်း၊ ကျေးလက်လမ်းနှင့်လည်းညှိနေပါကြောင်း၊ ၎င်းဝိတ်ကို ခံနိုင်ပါ့မလားဆိုသည်လည်း ရှိပါကြောင်း၊ ထို့ကြောင့် ယခုနှစ်မိုးသာ မပြင်ဆင်ပါကယခုလမ်းရော၊ အသစ်လမ်းရော မိမိတို့ လုပ်ထားသော ရေလွှဲသည်လည်း အဆင်ပြေမည် မထင်ပါကြောင်း၊ ထို့ကြောင့်အရေးအကြီးဆုံးတစ်ခုအနေဖြင့် ထည့်သွင်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ တတိယအချက်အနေဖြင့့် ပေါင်းတလည် တိုက်နယ် ဝန်တင်ဆိပ်ရှိ နဝင်းချောင်းပါးပြိုနေပါကြောင်း၊ ပြည်မြို့နယ်ရှိ တိုက်နယ်နှစ်ခုဖြစ်သော ပေါင်းတလည်မြို့နှင့် ဝက်ထီးကန်မြို့ကို ဆက်သွယ်ထားသည့်လမ်းထဲတွင်ပါရှိပါကြောင်း၊ ယခု မြေပြင်တွင် ၁၀ ပေတောင် မကွာတော့ပါကြောင်း၊ ပေါင်းတလည်-ဝက်ထီးကန်ဆက်လမ်း ယခုနှစ်မိုးတွင်ပါသွားမည့်အပြင် ၎င်းဘေးရှိ ဝန်တင်ဆိပ်မူလတန်းကျောင်းလည်း ပါနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်တိုင် တင်ပြတောင်းခံခဲ့သော်လည်း အဆိုပါကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းများသည် ဘတ်ဂျက်တွင် ပါဝင်လာခြင်းမရှိပါကြောင်း၊ မိမိတို့ ကိုယ်ထူ ကိုယ်ထအားဖြင့် ဆောင်ရွက်ထားရသည့်အတွက် ယခုနှစ်မိုးမကျခင်တွင် မည်သို့ဘတ်ဂျက်ဖြင့် ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ နဝင်းချောင်းရေတိုက်စားမှုကြောင့် ဆိုးရွားစွာကမ်းပြို လျက်ရှိသော ဇီးအုပ်ကျေးရွာအုပ်စု၊ မြောင်းငယ်လှကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများ ရေးဆွဲခဲ့သော်လည်း ကမ်းပြို ကာကွယ်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များတွင်လည်း ကွင်းဆင်းတိုင်းတာနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ကမ်းပြိုမှုအနေ အထားများ ပြောင်းလဲလာနိုင်သဖြင့် ၃-၁-၂၀၂၀ ပြည့်နှစ်တွင် ထပ်မံ၍ ကွင်းဆင်း တိုင်းတာခဲ့ပါကြောင်း၊ တိုင်းတာရရှိသည့် ရေလမ်းပုံအရ ကမ်းပါးအိကျနေသည့်နေရာက အလျားပေ ၁၀၇၀ ပေခန့်ရှိပြီး ချောင်းကွေ့၏ အပြင်ဘက်ကျရောက်ပြီး ကမ်းပြိုရခြင်းဖြစ်ကြောင်းတွေ့ရှိရပါ ကြောင်း၊ အဆိုပါ ကမ်းပြိုကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ အနေဖြင့် နှစ်တန်းသွားမျောတိုင်တန်း သဲအိတ်ဖြည့်အခြေထိန်းရေကာနှင့်အတူ သဲအိတ်စီ(Poly Felt)အုပ် ကမ်းထိန်းနံရံ ပေ ၉၁၀ လုပ်ငန်းများဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ် ၈၈.၄၇ သန်း ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေကို ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေမှ ကျခံဆောင်ရွက်နိုင်ရေးအတွက် တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အကယ်၍ ၎င်းရန်ပုံငွေမှမရခဲ့သည် ရှိသော် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် လည်း ထပ်မံတင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်း၊
ပြည်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ လင်းပယ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ကမ်းပြိုအလျားပေ ၁၅၃၀ ရှိသည့်အနက် ပေ ၅၀၀ ခန့်သည် ရွာချင်းဆက်လမ်းနှင့် အနီးကပ်ဆုံးအပိုင်းဖြစ်ပြီး လမ်းသားများပါ ပဲ့ကျနေသည့် အနေအထား တွေ့ရှိခဲ့ရပါကြောင်း၊ တိုင်းတာရရှိခဲ့သည့် ရေလမ်းပုံအရ ဆောင်ရွက်သင့်သော လုပ်ငန်းအစီအမံများ ရေးဆွဲ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့သော်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အတွက်ကြောင့် ၃-၁-၂၀၂၀ ပြည့်နှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထပ်မံ ကွင်းဆင်း တိုင်းတာခဲ့ပြီး ရရှိသည့်တိုင်းတာချက်များအရ ကမ်းပြိုအလျားစုစုပေါင်းမှာ ပေ ၁၅၈၀ ခန့်အထိ တိုးမြှင့်သွားခဲ့ပြီး ထိုအလျားထဲတွင် လမ်းနှင့် အနီးကပ်ဆုံးအပိုင်းဖြစ်သော ပေ ၅၀၀ ခန့်မှာလည်း ကမ်းပြိုမှုဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အဆိုပါ ကမ်းပြိုကာကွယ်ရေး အတွက် နှစ်တန်းသွားမျောတိုင်တန်း ကျောက်ဖြည့်အခြေထိန်းရေကာ ပေ ၅၀၀၊ နှစ်တန်းသွားမျော တိုင်တန်းရေလွှဲရေကာ ပေ ၈၀၊ ကမ်းရင်းမျောကရစ် ပေ ၁၀၀ x ပေ ၃၀ တစ်ခုနှင့် ပေ ၅၀ x ၁၅ ပေ တစ်ခုလုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်က ကျပ် ၁၂၁.၄၇ သန်းဖြစ်ပါကြောင်း၊ ဖော်ပြပါ ခန့်မှန်းကုန်ကျစရိတ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးသဘာဝဘေးရန်ပုံငွေမှကျခံဆောင်ရွက်နိုင်ရေးအတွက် တင်ပြ ထားရှိပြီးဖြစ်သည့်အပြင် ရန်ပုံငွေမှမရရှိခဲ့သည်ရှိသော် လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်း ထပ်မံတင်ပြ တောင်းခံထားရှိပြီးဖြစ်ပါကြောင်း၊
ပြည်မြို့နယ်၊ အုပ်ဆွဲအုပ်စု၊ ဝန်တင်ဆိပ်ကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကွင်းဆင်းစစ်ဆေးချက်အရ ပေါင်းတလည်-ဝက်ထီးကန်လမ်းနှင့် ချောင်းကမ်းပါးမှာ ပေ ၃၀ ခန့်ကွာဝေးပြီး ကမ်းပြိုအလျား ပေ ၂၄၀ ခန့်ရှိကြောင်း တိုင်းတာစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အဆိုပါ ကမ်းပြိုနေရာကို ကာကွယ်နိုင်ရေးအတွက် နှစ်တန်းသွားမျောတိုင်တန်းကျောက်ဖြည့် အခြေထိန်း ရေကာနှင့် ကမ်းရင်းတွင် မျောကရစ်ကျောက်ဖြည့် Soda Mattress လုပ်ငန်းဖြင့် ကာကွယ်သွားရန် လျာထားခဲ့ပါသော်လည်း လုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် အဆိုပါနေရာကို ၁-၁-၂၀၂၀ ပြည့်နှစ်တွင် ထပ်မံတိုင်းတာခဲ့ရာ ကမ်းပြိုအလျား ပေ ၃၉၀ ခန့်အထိ တိုးမြင့်ဖြစ်ပေါ်နေပြီး လမ်းနှင့်လည်း ယခင်ကပေ ၃၀ ခန့်ကွာဝေးရာမှ ယခုတိုင်းတာချက်အရ ၂၄ ပေခန့်သာ ကွာဝေး လျက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊ ဖော်ပြပါ ကမ်းထိန်းလုပ်ငန်းနှင့်ပတ်သက်၍ တိုင်းတာရရှိသည့် ရေလမ်းပုံအရ အဆိုပါ ကမ်းပြိုအလျားပေ ၃၉၀ ခန့်ကို နှစ်တန်းသွား မျောတိုင် တန်းကျောက်ဖြည့်အခြေထိန်းရေကာ ပေ ၃၉၀ နှင့် ကမ်းရင်းမှာ မျောကရစ် ကျောက်ဖြည့် လုပ်ငန်း(ပေ ၃၉၀ x ၁၅ ပေ)လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျ စရိတ်မှာ ကျပ် ၅၃.၇ သန်းဖြစ်ပါကြောင်း၊ အဆိုပါခန့်မှန်းကုန်ကျငွေကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးသဘာဝဘေးရန်ပုံငွေမှ ကျခံဆောင်ရွက် နိုင်ရေးအတွက် တင်ပြထားရှိပြီး ဖြစ်ပါကြောင်း၊ အကယ်၍ အဆိုပါရန်ပုံငွေမှ မရရှိသည် ရှိသော်လည်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်း ထပ်မံတင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်မြို့နယ်အတွင်းရှိ နဝင်းချောင်းရေတိုက်စားကမ်းပြိုလျက်ရှိသော ဇီးအုပ် ကျေးရွာ အုပ်စု၊ မြောင်းငယ်လှကျေးရွာ၊ သဲကုန်းကျေးရွာအုပ်စု၊ လင်းပယ်ကျေးရွာနှင့် အုပ်ဆွဲအုပ်စု၊ ဝန်တင်ဆိပ်ကျေးရွာတို့၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအသီးသီး ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သော ရန်ပုံငွေစုစုပေါင်းကျပ် ၂၆၃.၆၄ သန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေသို့ တင်ပြတောင်းခံထားရှိပြီးဖြစ်သကဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်း တင်ပြတောင်းခံထား ရှိပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ကူညီမှုဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
