International Foundation For Electoral Systems (IFES)မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
International Foundation For Electoral Systems မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများတွင် မည်သည့် Spyware၊ Troller Software Trojan အပါအဝင် Window Software ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာ ဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းလိုပါ ကြောင်း၊ မေးခွန်းကို မိမိ၏ကိုယ်ပိုင်ရပ်တည်ချက်အရ မေးမြန်းရခြင်းဖြစ်ပြီး ပါတီနှင့့်လည်း သက်ဆိုင်ခြင်းမရှိပါကြောင်း၊ USDP အပါအဝင် ပါတီ ၂၀ ၏ရပ်တည်ချက်က IFES တင်ဒါခေါ်ရာတွင် သမ္မတရုံး၏ညွှန်ကြားချက် (၁/၂၀၁၇)ကို လိုက်နာခြင်းမရှိဘူးဟု ရပ်တည်ထားပြီး မိမိက၎င်းကို သဘောမတူပါကြေကာင်း၊ IFES သည် INGO အဖွဲ့အစည်းဖြစ်ပြီး မိမိတို့နိုင်ငံအစိုးရ၏ တင်ဒါဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာစရာမလိုဘူးဟု ရပ်တည်ပါကြောင်း၊ ထို့ကြောင့် IFES ကိုတင်ဒါပြန် ခေါ်ရန် မြန်မာ့သတင်းစာတွင် တင်ဒါကြော်ငြာထည့်ရန် စသည်အားဖြင့် မိမိမပြောလိုပါကြောင်း၊ သို့သော် IFES သည် တကယ်တမ်း Credible ဖြစ်သော အဖွဲ့အစည်းဆိုပါက တင်ဒါသည် ပွင့်လင်းမြင်သာရန်ကောင်းပါကြောင်း၊
၎င်းတို့၏တင်ဒါကိုကြည့်လိုက်သည်နှင့် အဆိုပါအဖွဲ့အစည်းကို လူအများစုက နှာခေါင်းရှုံ့သွားပါ ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတင်ဒါရစေလိုသူအတွက် အချိန်ကန့်သတ်ပြီး ရည်သန် လုပ်ဆောင်နေသည်မှာ သိသာထင်ရှားနေသောကြောင့် ဖြစ်ပါကြောင်း၊ ပိုဆိုးသည်မှာ IFES သည် မိမိသဘောအလျောက် တင်ဒါခေါ်ခြင်းသည် မှန်ကန်သည့်လုပ်ငန်းစဉ်အတွက် ယုံကြည်ပါက နိုင်ငံရေးပါတီ ၂၀ က ကြေညာချက်ထုတ်ပြီး ကန့်ကွက်သည်ကို ဘာမှသတိပြုစရာမလိုပါကြောင်း၊ သို့သော်လည်း ၎င်းတို့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့သတင်းစာတွင် တင်ဒါအတွက် ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရမည့်ရက်ကို မူလ အောက်တိုဘာလ ၁၈ ရက်နေ့အစား နိုဝင်ဘာလ ၁၉ ရက်နေ့အထိ တစ်လတိုးမြှင့်ပေးခဲ့သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ၎င်းတို့သည် ရပ်တည်ချက် ခိုင်မာပြီး Credible ဖြစ်သော အဖွဲ့အစည်းဟုတ်/မဟုတ် သုံးသပ်နိုင်ပြီ ဖြစ်ပါကြောင်း၊ UEC သည် မိမိတို့နိုင်ငံ၏ ငါးနှစ်တာအနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကြီးတစ်ခုကို ကြီးကြပ် ဆောင်ရွက်နေရသော ဒိုင်လူကြီးဖြစ်ပါကြောင်း၊ ဒိုင်လူကြီးနေရာတွင်ရပ်တည်သည့်အဖွဲ့အစည်း သည် ဒိုင်လူကြီးအင်္ဂါရပ်များကို ကိုက်ညီရန်လိုသလို ဆက်သွယ်ဆက်ဆံသည့်သူများသည်လည်း ကောင်းသတင်းရှိသည်များဖြစ်သင့်ပါကြောင်း၊ မကောင်းသတင်းရှိသောအဖွဲ့အစည်းနှင့် ဆက်သွယ် ဆက်ဆံပါက မိမိ၏ဂုဏ်သိက္ခာကိုပါ ထိပါးစေသည်ကို သတိပြုစေလိုပါကြောင်း၊ ၂၀၁၇ ခုနှစ်က ကင်ညှာနိုင်ငံရွေးကောက်ပွဲတွင် IFES ၏ ကွန်ပျူတာနည်းပညာကို အသုံးပြုပြီး ရွေးကောက်ပွဲ ရလဒ်ကို ထိခိုက်အောင်လုပ်ဆောင်ခဲ့သည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က လုပ်ခဲ့သော နိုင်ငံရေး ပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သိပါသည်ဟုဝန်ခံပြီး သိလျက်နှင့် အဆိုပါအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်စိတ်ချရမှုကို ယုတ်လျော့စေပါကြောင်း၊ လမ်းစဉ်ပါတီအစိုးရခေတ်က ခေတ်စားသောအသုံးအနှုန်းတစ်ခု ရှိပါ ကြောင်း၊ နှောင်ကြိုးမဲ့အကူအညီဖြစ်ပါကြောင်း၊ ၎င်းနှောင်ကြိုးများရှိပါက ထိုခေတ်က လက်မခံပါ ကြောင်း၊ ယခု IFES ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများရယူခြင်းသည် မည်သည့်နှောင်ကြိုး များရှိနေပြီလဲဆိုသည်ကို ပြည်သူများနှင့်အတူ မိမိတို့က သိချင်နေပါကြောင်း၊ မိမိ၏ မူလ မေးခွန်းတွင်ပါသလို ကွန်ပျူတာတွင် Spy Ware များပါရှိပါက ရွေးကောက်ပွဲနှင့်ပတ်သက်သမျှ Data များ၊ Information များအားလုံးက မလိုလားအပ်သည့်နေရာကို အချိန်တိုအတွင်း ရောက်ရှိ သွားမည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာပဲ၊ Printer ပဲ၊ ရိုးရိုးပဲ မည်သည့် Spy Ware မှျမပါဘူး ဆိုသော်လည်း ထိုကဲ့သို့လှူခဲ့သည့် Relation နှင့်အတူ ရွေးကောက်ပွဲကို အသိပညာပေးသလိုလိုနှင့် ဝင်ရောက်စွက်ဖက်လိုသလိုခြယ်လှယ်သည်ကို မိမိတို့ခံရမည်လား၊ ဥပမာ တရားသူကြီးတစ်ယောက် ကို နှစ်ဖက်တရားပြိုင်မဟုတ်သော ကြားလူတစ်ယောက်က ထိုက်သင့်သလို လှူဒါန်းပြီး ကြားလူ နိုင်စေလိုသည့်ဘက်ကို မျက်နှာသာပေး၊ အခွင့်အရေးပေးအောင် တရားသူကြီးကို Leading ဆိုပါက တရားမျှတသည့်တရားစီရင်မှုရရှိမည်ဟု မျှော်လင့်ကြပါသလား၊ မိမိက ဘယ်သောအခါမျှ မမျှော် လင့်ပါကြောင်း၊ IFES သည် လှူဒါန်းမှုကိုအကြောင်းပြုပြီး ရွေးကောက်ပွဲ Process တွင် Technical Assistance ပေးနေဦးမည်ဆိုပါက တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု UEC က မည်သို့ပင် အာမခံစေကာမူ မိမိအပါအဝင် ပြည်သူများ၏သံသယကို မခြေဖြတ်နိုင်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုသောစကားက INGO များအနေဖြင့် ၎င်းတို့ပါဝင်ခွင့်ရရန် ကိရိယာတစ်ခုအနေဖြင့် သုံးသောလက်သုံးစကားဖြစ်ပါ ကြောင်း၊ ထိုင်းနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ရွေးကောက်ပွဲတွင် INGO ၏ စွက်ဖက်မှုကို လုံးဝလက်မခံခဲ့ပါကြောင်း၊
မည်သည့် INGO ၏အကူအညီကိုမှျမယူဘဲ ရွေးကောက်ပွဲတစ်ခုကို မိမိတို့၏ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည့်အတွက် IFES လှူဒါန်း မှုကို Spyware မပါဘဲ လက်ခံသည်ဆိုဦးတော့ IFES သည် UEC နှင့် ဝေးဝေးနေပါ၊ UEC ရုံးများထဲတွင် နယ်ကရုံးများပါအပါအဝင် IFES ကလူများ ဝင်/ထွက်နေကြမည်ဆိုပါက အလှူကို ဗန်းပြပြီး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခံနေရပြီဟု မိမိတို့က သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ဖြစ်နိုင်ပါက နိုင်ငံတော်က ဘတ်ဂျက်ကိုတောင်းပါ၊ အလှူငွေနှင့်ပစ္စည်းဗန်းပြပြီး စွက်ဖက်သည်ကို လက်မခံပါကြောင်း၊ ဘတ်ဂျက်မရပါက သတင်းစာများမှတစ်ဆင့်အလှူခံပါ၊ မိမိတို့ဝိုင်းပြီး ပြည့်မီ အောင် လှူဒါန်းမည် ဖြစ်ပါကြောင်း၊ INGO များ၊ အစိုးရအဖွဲ့အစည်းများအပါအဝင် မည်သူ့ဖိအား များ၊ နှောင်ကြိုးများမျှ မရှိဘဲ လွတ်လပ်သော UEC ကသာလျှင် တရားမျှတသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်ပါကြောင်း လှူဒါန်းသည်ကို လက်မခံသင့်ပါကြောင်းနှင့် မည်သို့တား၍မျှ မရဘဲ လက်ခံရန် ကတိကဝတ်များဖြစ်ခဲ့ပြီးပြီဆိုပါကလည်း Window Software ကတောင်မှ မတင်ရသေးသော ကွန်ပျူတာရိုးရိုး၊ Printer ရိုးရိုးပဲလက်ခံပြီး IFES ၏မည်သည့်စွက်ဖက်မှုမျိုးကိုမှ လက်ခံသင့်မှာမဟုတ်သည်ကို အာမခံချက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
မေးခွန်းနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် စိုးရိမ်စိတ်ဖြင့်မေးမြန်းခြင်းကို သိရှိနားလည်ပါကြောင်း၊ ယင်းကဲ့သို့ မေးမြန်းသည့်အတွက်ကြောင့်လည်း မိမိတို့ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အလုပ်လုပ်ရာတွင် ပိုမိုသတိထားပြီးဆောင်ရွက်ရမည့်အချက်များကိုလည်း သိမြင်လာသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် International Foundation For Electoral System(IFES) အဖွဲ့အစည်းနှင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲစာရင်းပြုစုရာတွင်လည်း အသုံးပြုရန်အတွက် IFES က Laptop Computer ၉၉၃ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင်လည်း အဆိုပါ Laptop Computer များကို အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ပြီး နည်းပညာအသုံးပြုဆောင်ရွက်ရသော အီလက်ထရောနစ်ဖြင့့်မဲပေးခြင်း စနစ်၊ မဲရေတွက်ခြင်းစနစ်၊ အီလက်ထရောနစ်စနစ်နှင့် မဲရလဒ်စုစည်းခြင်းစနစ်နှင့် အီလက်ထရောနစ် စနစ်နှင့် ရလဒ်ထုတ်ပြန်ခြင်းစနစ်တို့ကို ဥပဒေအရလည်း ပြဋ္ဌာန်းထားခြင်းမရှိသလို လက်တွေ့တွင် လည်းဆောင်ရွက်ခြင်းမရှိပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် Laptop Computer များကို မဲစာရင်းများ ရိုက်သွင်းခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးနိုင်ရေးအတွက် အသုံးပြု ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် လှူဒါန်းခဲ့သော ကွန်ပျူတာများသည် ကာလကြာရှည်အသုံးပြုပြီးဖြစ်သည့်အတွက် ယခုအခါ ပျက်စီးယိုယွင်းလျက် ရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြုစုရာတွင် အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးနှင့် ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရန်အတွက် Laptop Computer များလိုအပ်သည့်အတွက် ထပ်မံဖြည့်တင်းအစားထိုးရန် IFES က ထပ်မံလှူဒါန်းရန် စီစဉ် ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ IFES အဖွဲ့မှလှူဒါန်းသော ကွန်ပျူတာများတွင် Microsoft Window Licenses၊ Microsoft Licenses၊ Microsoft Office Licenses နှင့် Anti-Virus အစရှိသည့် တရားဝင်လိုင်စင်ဖြင့်အသုံးပြုရသော သာမန်ရုံးလုပ်ငန်း ကွန်ပျူတာစာစီစာရိုက်များနှင့် သက်ဆိုင် သည့် Software များသာပါပြီး ယင်းရုံးလုပ်ငန်းနှင့်မသက်ဆိုင်သော အခြားလုံခြုံရေးကို ထိခိုက် စေသည့် Software များမပါရှိပါကြောင်း၊
သာမန်ရုံးလုပ်ငန်းနှင့် သက်ဆိုင်သော Software များနှင့်မသက်ဆိုင်သည့် လုံခြုံရေးကို ထိခိုက်စေမည့့်် Software များ မပါရှိရေးအတွက်လည်း မူလ Software များ လက်ခံစဉ်ကပင် ကျွမ်းကျင်သူများနှင့် စစ်ဆေးလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထက်က မိမိတင်ပြခဲ့သလို Laptop Computer များနှင့် ဆက်စပ်ပစ္စည်းများကို မဲစာရင်းပြုစုရာတွင် အသုံးပြုခြင်းမှအပ မဲရေတွက်သည့်စနစ်၊ မဲရလဒ်စုစည်းသည့်စနစ်၊ မဲရလဒ်ထုတ်ပြန်ကြေညာသည့်စနစ်များတွင် အီလက်ထရောနစ်စနစ်ကို အသုံးပြုမည်မဟုတ်ပါကြောင်း၊ မဲရေတွက်သည့်စနစ်များ၊ မဲရလဒ် စုစည်းသည့်စနစ်များ၊ မဲရလဒ်ထုတ်ပြန်ကြေညာသည့်စနစ်များတွင် နည်းဥပဒေ၊ ဥပဒေတွင်ဖော်ပြ ထားသည်နှင့်အညီ ပုံစံများကို ဖြည့်စွက်ပြီး Paper Type နှင့် အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုံစံတိုင်းတွင်လည်း သိရှိပြီးဖြစ်သည့်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများ သက်သေများ၏ လက်မှတ်များရေးထိုးပြီး ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အထွေထွေရွေး ကောက်ပွဲကြီးသည် လွတ်လပ်၍တရားမျှတသည့်ပုံစံက သွေဖြည်သွားရန်မရှိပါကြောင်း၊ ထို့အပြင် IFES နှင့် UEC သည်လည်း မည်သည့်နှောင်ကြိုးမှမရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
Spyware ဆိုသည်မှာ Installation လုပ်ပြီးသည်နှင့် မမြင်ရတော့ပါကြောင်း၊ Spyware သာပါလာ ပါက အဆိုပါကွန်ပျူတာကို အချိန်ပြည့်တစ်နေရာကနေ ထိန်းချုပ်လို့ရပါကြောင်း၊ Webcam ပါရှိပါက Camera ဓာတ်ပုံရိုက်လို့ရပါကြောင်း၊ Data ဖိုင်များကူးလို့၊ ပြင်လို့၊ ဖျက်လို့ ရပါကြောင်း၊ Trojan Data Face Software များ ကျန်သော Specialized Software များပါမည်ဆိုပါက ၎င်းကွန်ပျူတာကတစ်ဆင့် သတင်းများအကုန်လုံးပေါက်ပါကြောင်း၊ ထို့ကြောင့် ယခု လက်ခံမည့့်် ကွန်ပျူတာအလုံး ၁၃၀၀ ကို ၎င်းတို့ပါ/မပါဆိုသည်ကို ကျွမ်းကျင်သူများနှင့် စစ်ဆေးသည်ဟု ပြောပါကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရပါက မိမိတို့ က မယုံပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ရော၊ ပြည်တွင်းကရော အသိအမှတ်ပြုသော မြန်မာနိုင်ငံကွန်ပျူတာအသင်းလို အသိအမှတ်ပြု အဖွဲ့အစည်းမှ ပညာရှင်များနှင့် စစ်ဆေးပြီး လက်ခံသုံးစွဲခြင်းမျိုးက လုံခြုံရေးအရပိုမိုပြီးစိတ်ချရပါ လိမ့်မည် ဖြစ်ကြောင်း၊ မိမိတို့လို ပါတီများအတွက်လည်း UEC ကို ယုံကြည်စိတ်ချရပါလိမ့်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းက ပညာရှင်နှင့်စစ်ဆေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုပါကြောင်း၊ ဝေဖန်သည်ကိုမခံနိုင်ပါက ဒီမိုကရေစီမရှင်သန်နိုင်ပါ ကြောင်း၊ ဒီမိုကရေစီ၏ အသက်က Freedom of Expression ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ရုံး၏စံ (၅)ချက် လွတ်လပ်ရမည်၊ မျှတရမည်၊ ပွင့်လင်းမြင်သာရမည်၊ အများယုံကြည် လက်ခံနိုင်ရမည်၊ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်သားတည်းကြည့်ရမည် စသည့်အချက် များတွင် INGO များနှင့့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းမထားသည့်အတွက် INGO နှင့်ပေါင်းမှ ၎င်း စံ(၅)ချက် ကိုက်ညီမည်လည်းမဟုတ်ကြောင်း ပြောလိုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် IFES အပြင် IDEA တို့၊ US Aid တို့၊ EU တို့နှင့်လည်း ပေါင်းပြီးဆောင်ရွက်နေကြောင်း၊ ထိုသူများနှင့် ဘယ်လောက်ထိ Binding များ၊ commitment များရှိနေသလဲဆိုသည်ကိုလည်း ဖြေကြားပေးရန် မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ
Spy Software များမပါအောင် စိစစ်သည့်နည်းက Anti-Virus Software များပါမည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် စိစစ်ပြီးလက်ခံသည့်အခါတွင်လည်း မြန်မာနိုင်ငံကွန်ပျူတာအသင်း၏ ပုဂ္ဂိုလ်များက ဆောင်ရွက်နိုင်မှုရှိ/မရှိဆိုသည်ကို မေးမြန်းပြီးမှ ပြန်လည်ဖြေကြားနိုင်မည် ဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌကြီး၏မေးခွန်းနှင့်ပတ်သက်သော ကိစ္စများ၊ တခြားအဖွဲ့အစည်းများနှင့့် ဆက်စပ်လုပ်ကိုင်နေသည့် ကိစ္စရပ်များသည် အဆင်သင့်မပါသည့်အတွက် စိစစ်မေးမြန်းပြီးမှ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
