ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၄၀၅ )ဦး တက်ရောက်သည်။
၂။ ( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးကျော်ရွှေ၊ ရမ်းဗြဲ မဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်၊ သင်္ကနက်ကျေးရွာ တွင် တည်ဆောက်ထားသော Cyclone Shelter အား ပြီးပြတ်အောင် တည်ဆောက် မပေးမှုနှင့်စပ်လျဉ်း၍ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခုပွင့်လင်း ရာသီတွင် Cyclone Shelter ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ တင်ဒါကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြို ကျောင်းများနှင့် ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်း စနစ်တကျ ရေးဆွဲထားခြင်း ရှိ၊မရှိ နှင့် ပြင်ပမူကြိုကျောင်းများကို မည်သည့်ဌာနက မည်သို့ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသော နေ့ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်း များအား ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအရ အဖွဲ့အစည်းတို့မှ တင်ပြလာသည့် လျှောက်ထားချက်များကို ဥပဒေနှင့်အညီစိစစ်ပြီး ခွင့်ပြုချက်သက်တမ်းနှင့် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုချက်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းများပြုလုပ် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါကျောင်းများကို သင်ရိုးညွှန်းတမ်းများနှင့်အညီ စနစ်တကျလေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးနေ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှ ပျဉ်းကတိုး ကျည်းပေါင်၊ ကျွန်းတံခါးရွက်များဖြင့်ပြုလုပ်ရန် ချမှတ်ထားသော ပြတင်းပေါက်များ အစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင်ခွင့်ပြုခြင်း ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ဈေးနှုန်းသင့်လျော်ပြီး ပိုမိုခိုင်ခန့်ကောင်းမွန်သော အလူမီနီယံ ကို ပေါင်းဆေးဖြင့်သုတ်လိမ်းထားသောတခါးဆံ (Aluminum Powder Coated Panel) များကို သစ်မာရှားပါးခက်ခဲမရလွယ်သောဒေသများအတွက်နှင့် သစ်မာ အသုံးပြုရန်အခွင့်အလမ်းရှိသော ဒေသများအတွက် သစ်သားတံခါးဆံ (Timber Frame Panel) များ အသုံးပြုနိုင်ရန် ပုံစံ(၂)မျိုးဖြင့် Drawing များ ပြုစုရေးဆွဲ ဖြန့်ဝေထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဇာနည်မင်း၊ ရွှေကူ မဲဆန္ဒနယ်က အခြေခံပညာအလယ်တန်း သို့မဟုတ် အထက် တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်းကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သင်ရိုးသစ် သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းတို့တွင် ကျောင်းသား/ ကျောင်းသူ တို့အား ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆန်းစစ်တက်ရန်၊ ဆန္ဒမဲ ပေးရွေးချယ်ခြင်းနှင့် ဒီမိုကရေစီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် တာဝန် ကျေပွန်စွာ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်အတွက် သင်ခန်းစာများကို လည်းကောင်း၊ သင်ရိုးသစ် ဒသမတန်းတွင် စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ် အခန်း(၃)၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများနှင့် လွှတ်တော်၏အခန်းကဏ္ဍများကို ထည့်သွင်းသင်ကြား ရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးခင်မောင်သိန်း၊ စစ်ကိုင်း မဲဆန္ဒနယ်က မေးမြန်းသော စစ်ကိုင်းမြို့နယ်၊ အုတ်ဖို ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျောင်းနေရာရွှေ့၍ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဌာနပိုင်မြေအဖြစ် မြေ စာရင်း ပုံစံ(၁၀၅)ရရှိပြီးပါက ကျောင်းမြေနေရာအသစ်သို့ ပြောင်းရွှေ့နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအနေဖြင့် ကျေးရွာနှင့်ပူးပေါင်း၍ အမူတွဲတည်ဆောက်ကာ သက်ဆိုင်ရာ သဘောထားမှတ်ချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာနသို့ ဆက်လက် တင်ပြပြီး နိုင်ငံတော်ပိုင်မြေနေရာဖြစ်ရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးသန်းအောင်၊ ငပုတော မဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်တွင် အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုး မညီမျှသော အခြေခံပညာကျောင်းများကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင်ထည့်သွင်း တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် ပြင်ခရိုင်၊ ပိုးလောင်း၊ သုံးခွ (မန်ကျည်းပင်)၊ တောင်ဦး(အထက်ပြွန်)၊ ဘုရားတောင်၊ သစ်ပုတ္ထိပ် စသည့်အခြေခံ ပညာကျောင်းများတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို လျာထားပြီးဖြစ်၍ ဘဏ္ဍာငွေရရှိသည်နှင့် ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်တင်တင်ရီ၊ ကျွန်းစု မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတစ်ဝန်း မြို့နယ် များရှိ အ.ထ.ကကျောင်းများတွင် အားကစားလေ့ကျင့်ရေးပစ္စည်းများကို ထားရှိ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများသို့ အားကစားလေ့ကျင့်ရေးပစ္စည်းများ ဆက်လက် ထောက်ပံ့နိုင်ရန် လျာထားဆောင်ရွက်ထားရှိပြီး ခြေလွှဲ၊ ခါးလှည့်၊ လက်လှည့်၊ အကြောလျှော့ ပစ္စည်းများအတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆက်လက်ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
( ခ ) နည်းဥပဒေ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းလာသော တရားလွှတ်တော်ရှေ့နေများ ကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း ကြေညာခဲ့သည်။
( ဂ ) အစီရင်ခံစာ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
(ဃ) အစီရင်ခံစာ(၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
( ၁ ) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့က ဆွေးနွေးပြီး လွှတ်တော်က အတည် ပြုကြောင်း ကြေညာခဲ့သည်။
( ၂ ) ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။
