(ဃ)-မြန်မာနိုင်ငံတွင်အတွင်း မကြာခင် ရောက်ရှိလာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလ အတွင်း လူမှုကွန်ရက် မီဒီယာ (Facebook) အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်း ထိန်းကျောင်းပေးရန် အစီအစဉ်ရှိ ပါသလားနှင့် ကိုယ်စားလှယ်လောင်းများ၏ (Facebook)ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးကြေညာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏ တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ် ရှင်းတမ်း၌ ဖော်ရန်လို၊ မလိုနှင့် ရွေးကောက်ပွဲရက် နီးကပ်နေ သော မဲမဆွယ်ရသည့် နေ့များ (Silent Day)နှင့် ရွေးကောက်ပွဲရက် မဲမဆွယ်ရ ဧရိယာများတွင် (Facebook) အသုံးပြုပါက ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် လူမှုကွန်ရက် မီဒီယာ အားကောင်းလာချိန်ဖြစ်သဖြင့် တောရောမြို့ပါ အင်တာနက် ချိတ်ဆက်နိုင်သည့် နေရာတိုင်းတွင် လူတိုင်းနီးပါး သုံးစွဲလာကြသည် ကို သိမြင်နေရပါကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိအနေအထားအရ အင်တာနက်နှင့် ချိတ်ဆက်နိုင် သည့် ဖုန်းကဒ်၊ ဆင်းကဒ်များကို ငွေတစ်ထောင်လျှင် ငါးခုနှုန်းခန့်ဖြင့် လမ်းဘေးတွင် ပေါများစွာ ဝယ်ယူနိုင်ကြသည့်အပြင် Facebook Account များကို အလွယ်တကူ ဖွင့်လှစ်သုံးစွဲနိုင်သည့် အခြေအနေတွင် ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံ၏ Facebook အသုံးပြုမှုတွင် ကိုယ်ပိုင် Profile များရှိသလို မိမိတို့ Account မှန်ကန်စွာ သုံးစွဲကြသူများ ရှိသလို Profile အတု၊ Account အတု မျိုးစုံဖြင့် ရေးချင်သလိုရေး၊ တင်ချင်သလို တင်နေတဲ့ Post ပေါင်းများစွာကိုလည်း မြင်တွေ့နေ ရပါကြောင်း၊ ၎င်းအပြင် Online အရောင်းအဝယ်များ၊ အစုအဖွဲ့များ၊ အလွယ်တကူ ဖတ်ရှုနိုင်သည့် စာမျက်နှာများ၊ Pages များ ဝေဝေဆာဆာ မြင်တွေ့ရပါကြောင်း၊ တချို့ Account သုံး၊ လေးခု သုံးစွဲနေကြသည်ကို တွေ့ရပါကြောင်း၊ Facebook ကြောင့် ဗဟုသုတအကျိုးကျေးဇူးများစွာ ရရှိနိုင်သလို အမုန်းစကားများ၊ မဟုတ်မမှန်သည့် သတင်းကြောင့်လည်း ပြဿနာတက်နိုင် ပါကြောင်း၊ ယနေ့ခေတ်စားနေသည့် ပုဒ်မ ၆၆ ပုဒ်မခွဲ(ဃ) သည် သက်သေထူ နေပါကြောင်း၊
မကြာခင်ကာလတွင် ၂၀၂၀ ရွေးကောက်ပွဲကာလကို မိမိတို့ မလွဲမသွေဖြတ်ကျော်ကြရမည် ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကို Facebook တိုက်ပွဲလို့တောင် တင်စားခေါ်ဝေါ်နေပြီဖြစ်ပါ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက စည်ပင်ရွေးကောက်ပွဲကာလများတွင်လည်း ကိုယ်စားလှယ်လောင်းများကို Facebook ကတစ်ဆင့်ကြေညာပြီး မဲဆွယ်ခဲ့ကြပါကြောင်း၊ သိပ်မကျယ်ပြန့်သေးသည့်ကာလ တစ်ခုဖြစ်လို့ သိသာထင်ရှားမှု မရှိခဲ့ပါကြောင်း၊ ယခု လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မီးကုန်၊ ယမ်းကုန် Facebook ကိုသုံးစွဲပြီး မဲဆွယ်ကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ဒေသဆိုင်ရာရွေးကောက်ပွဲစတင်ကျင်းပချိန်မှ ရွေးကောက်ပွဲရလဒ်ကြေညာပြီးသည့်အချိန်အထိ Facebook နှင့် Google ကုမ္ပဏီက နိုင်ငံရေးနှင့်သက်ဆိုင်သော ကြေညာများကို ဖယ်ရှားမှုပြုလုပ်ပေးရန် တောင်းဆိုသည်အထိ ဖြစ်ခဲ့ဖူးပါကြောင်း၊ Facebook ကြောင့် ရွေးကောက်ပွဲတွင် ပြဿနာတက်ဖူးသော သာဓကများ ရှိနေ၍ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ယခု လောလော ဆယ်တွင် Facebook ၏ လူမှုဆိုင်ရာစံနှုန်းထားများ (Community Standards)အပေါ်တွင် ကျင့်ဝတ်ချို့ဖောက်ခြင်းရှိ/မရှိ စိစစ်သည့်အဆင့်သာ ရှိပါသေးကြောင်း၊ မိမိတို့အနေဖြင့် သတိပြုရမည်မှာ ရွေးကောက်ပွဲကာလ မဲပေးရက်နီးကပ်နေသော မဲမဆွယ်ရသည့် Silent Day နေ့မျိုးတွင် Facebook အသုံးပြုခြင်းများ ကန့်သတ်ထားမလား၊ ခွင့်ပြုမလား၊ ရွေးကောက်ပွဲ ကျင်းပချိန် မဲမဆွယ်ရဧရိယာများတွင် Facebook ကို အသုံးပြုပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှုရှိရဲ့လား၊ အပြန်အလှန်တရားစွဲဆိုနိုင်သလားဆိုသည်ကို ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်ပါကြောင်း၊ အရေးအကြီးဆုံးအချက်က Facebook ပေါ်တွင် Pages ထောင်ပြီး မဲဆန္ဒရှင် များများဖတ်ရှုနိုင်ရန်အတွက် Post လုပ်ပြီး နိုင်ငံရေးကြေညာချက်အတွက် ကျခံခဲ့သော ငွေကြေးတန်ဖိုးများသည် ရွေးကောက်ပွဲအသုံးစရိတ်တွင် ဖော်ပြရန် လို/မလိုဆိုသည့်အချက်သည် လည်း အငြင်းပွားဖွယ်ရာ ပြဿနာတက်နိုင်စရာ ကိစ္စတစ်ခုဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲဝင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံး ကြိုတင်သိရှိနိုင်စေရန် နိုင်ငံတော်အစိုးရမှလည်း လိုအပ်သလို ထိန်းကျောင်းညှိနှိုင်းပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မေးခွန်းတွင် (၁) မြန်မာနိုင်ငံတွင် မကြာခင်ရောက်ရှိလာတော့မည့် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လူမှုကွန်ရက်မီဒီယာ Facebook အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ်ရှိပါသလား၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးကြေညာသည့်အတွက် သုံးစွဲခဲ့သော ငွေကြေးပမာဏ တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်ရှင်းတမ်း၌ ဖော်ပြရန်လို/မလိုနှင့် ရွေးကောက်ပွဲ ရက်နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ(Silent Day)နှင့် မဲဆွယ်ရက် မဲမဆွယ်ရဧရိယာများတွင် Facebook အသုံးပြုပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုရှိ/မရှိတို့ကိုသိလိုခြင်းဆိုပြီး မေးခွန်း သုံးပိုင်း ခွဲခြားမေးမြန်းထားပါကြောင်း၊
မြန်မာနိုင်ငံတွင် မကြာမီရောက်ရှိလာတော့မည့် အထွေထွေရွေးကောက်ပွဲအတွင်း လူမှုကွန်ရက် မီဒီယာ Facebook များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ်ရှိပါသလားမေးခွန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဆက်သွယ်ရေးကဏ္ဍကို ယှဉ်ပြိုင်နိုင်သောဈေးကွက်အဖြစ်နှင့် ပြုပြင်ပြောင်းလဲပေးခဲ့ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် ဆက်သွယ်ရေးကဏ္ဍ လျင်မြန်ဖွံ့ဖြိုးတိုးတက်လာပြီး အင်တာနက်မှတစ်ဆင့် Social Media များဖြစ်သော Facebook ၊ Twitter တို့ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းအနက် Facebook ကို အများဆုံးအသုံးပြုလျက်ရှိပြီး Social Media အသုံးပြုမှုများပြားလာခြင်းသည် ခေတ်ရေစီးကြောင်းဖြစ်သည့်အတွက် တားဆီးထိန်းချုပ်၍မရနိုင်သကဲ့သို့ အကျိုးသက်ရောက်မှုများ တွင်လည်း အကောင်းနှင့်အဆိုး ရောထွေးလျက်ရှိကြောင်း၊ Social Media များကို အသုံးပြုရာတွင် သတ်မှတ်ထားသော Community Standards တို့ကို သုံးစွဲသူကိုယ်တိုင်က ဦးစွာဖတ်ရှုပြီး လိုက်နာကျင့်သုံးရမည်လည်း ဖြစ်ပါကြောင်း၊ Community Standards ဆိုသည်မှာ ကျင့်ဝတ်အဖြစ် လိုက်နာကျင့်သုံးသင့်ကြောင်း သတ်မှတ်ထားခြင်းသာ ဖြစ်သည့်အတွက် ဥပဒေကဲ့သို့ အရေးယူ ထိန်းကျောင်းရန် အခက်အခဲရှိကြောင်း၊ မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံးဖြစ်သော Facebook အတွက် Facebook ၏ လူမှုကွန်ရက်စံနှုန်းများ(Facebook Community Standards)ကို http://www.facebook.com/safety/resources/Myanmar တွင် မြန်မာဘာသာဖြင့် ဖော်ပြထား ပြီးဖြစ်သည့်အပြင် Facebook ကုမ္ပဏီများနှင့်လည်း ညှိနှိုင်းဆွေးနွေးပြီး အများပြည်သူ သိရှိ လိုက်နာရမည့် အချက်များကို အခါအားလျော်စွာ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Community Standards များကို လိုက်နာ သော လူမှုကွန်ရက်အသုံးပြုသူများဖြစ်စေရန် ရည်ရွယ်ပြီး Social Media အသုံးပြုရန် လိုက်နာသင့် သည့်အချက်များ၊ သတိပြုရမည့်အချက်များကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ (၁) လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ (၂) မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲမှုဆိုင်ရာနည်းပညာများကို အသိပေးဆွေးနွေးခြင်း၊ (၃) Cyber လုံခြုံရေးဆိုင်ရာပြပွဲများနှင့် လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုကွန်ရက်မီဒီယာ Facebook များမှ တစ်ဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်းနှင့် သတင်းအမှားများ ဖြန့်ချိခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် သို့မဟုတ် နိုင်ငံတော်၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိပါးစေမည့် ပြုမူဆောင်ရွက်ချက်များကို မပြုလုပ်စေရေးအတွက် ပြည်သူလူထုအား ပညာပေးခြင်း၊ လိုအပ်သောဥပဒေများပြဋ္ဌာန်းခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီများအား သတိပေးနှိုးဆော်ခြင်းများနှင့် Social Media ကို ဝန်ဆောင်မှုပေး သောကုမ္ပဏီများနှင့် ပူးပေါင်းညှိနှိုင်းခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့် ငြိစွန်းသောကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတို့နှင့် ပူးပေါင်းဖော်ထုတ် အရေးယူခြင်းများနှင့် လူမှုကွန်ရက်မီဒီယာအသုံးပြုမှုများကို အထိုက်အလျောက် ဟန့်တားထိန်း ကျောင်းပေးလျက်ရှိပါကြောင်း၊
မေးခွန်း၏ အကျိုးအကြောင်းဖော်ပြချက်တွင်ပါသော အင်တာနက်နှင့်ချိတ်ဆက်သော SIM Cards များကို ငွေတစ်ထောင်လျှင် ငါးခုနှုန်းဖြင့် လမ်းဘေးဈေးသည်များထံတွင် ပေါများစွာ ဝယ်ယူ အသုံးပြုခြင်းနှင့် စပ်လျဉ်းပြီး SIM Cards များရောင်းချရာတွင် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်နိုင်ရေး၊ မိမိတို့၏ Point of Sale(POS)များ၊ အရောင်းကိုယ်စားလှယ်များကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ထားရန်၊ လိုက်နာခြင်းမရှိသော POS များ၊ အရောင်းကိုယ်စားလှယ် များရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာ Operator များအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်ရာ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းမရှိသည့် ဆက်သွယ်ရေး Operator များကို သတိပေး ခြင်းဖြင့်လည်းကောင်း၊ ဒဏ်ကြေးငွေးပေးဆောင်စေခြင်းဖြင့်လည်းကောင်း၊ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ SIM Cards ရောင်းချမှုများနှင့်စပ်လျဉ်း၍ ID တစ်ခုဖြင့် Operator တစ်ဦးထံမှ အများဆုံး SIM Cards နှစ်ခုသာ ဝယ်ယူမှတ်ပုံတင်နိုင်ရေး အသိပေးနှိုးဆော်ချက်ကို ၂၃-၃-၂၀၁၉ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းဖော်ပြခဲ့ပြီး လိုင်စင်ရ ဆက်သွယ်ရေး Operator များကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ID တစ်ခုတည်းဖြင့် SIM Cards မည်မျှ မှတ်ပုံတင်ထားသည်ကို စိစစ်ရန်ခက်ခဲခြင်း၊ ID မှန်ကန်မှုရှိ/မရှိ စိစစ်ရန်ခက်ခဲခြင်းတို့ကြောင့် Biometric အချက်အလက်များအသုံးပြုပြီး Verification ပြုလုပ်နိုင်ပြီး ဆက်သွယ်ရေး Operator အားလုံး၏ သုံးစွဲသူအချက်အလက်များကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်သော Common Database စနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစနစ်ဖြင့် SIM Cards အသစ်ဝယ်ယူသူများကို မှတ်ပုံတင်ခြင်း၊ လက်ရှိမှတ်ပုံတင်ထားသော SIM Cards များကိုလည်း အချိန်ကာလတစ်ခုသတ်မှတ်၍ ပြန်လည်မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသောကြောင့် လမ်းဘေးဈေးသည်များထံမှ SIM Cards များ ပေါများစွာ ဝယ်ယူအသုံးပြုနေမှုကိုလည်း ကန့်သတ်သွားလိမ့်မည်ဖြစ်ပါကြောင်း၊
ဒုတိယမေးခွန်းပါ ကိုယ်စားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေး ကြေညာသည့်အတွက် သုံးစွဲရသည့်ငွေကြေးပမာဏတန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်း၌ ဖော်ပြရန်လို/မလိုနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်လောင်းများက Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးကြေညာခြင်းအတွက် အသုံးပြုသည့် အသုံးစရိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်သီးခြားဖော်ပြပြီး သတ်မှတ်ပြဋ္ဌာန်းထားတာမရှိပါကြောင်း၊ သို့သော် ရွေးကောက်ပွဲကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁၂)၌လည်းကောင်း၊ သက်ဆိုင်ရာရွေးကောက် ပွဲနည်းဥပဒေ အခန်း(၁၃)၌လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၅ တွင် ရွေးကောက်ပွဲကိုယ်စားလှယ် သည် သက်ဆိုင်ရာ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များကို သတ်မှတ် ထား သည့်အတိုင်း စနစ်တကျထိန်းသိမ်းထားရှိရမည်၊ ယင်းကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့် နည်းလမ်း နှင့်အညီ မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ တင်ပြရမည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၇၇ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ(၂၀)ဖြင့်ရေးသွင်း၍ မိတ္တူ တစ်စုံကူးယူပြီး မူရင်းနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့က မဲဆန္ဒနယ် အလိုက်သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများမှန်ကန်ကြောင်း မြို့နယ်တရားသူကြီး အဆင့်ထက် မနိမ့်သောတရားသူကြီးတစ်ဦး ၏ရှေ့မှောက်တွင် ပြုလုပ်သောကျမ်းကျိန်လွှာကိုလည်း ပူးတွဲတင်သွင်းရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် သည် မည်သည့် နည်းဖြင့်ဖြစ်စေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲဆွယ်စည်းရုံးခြင်းအတွက် ရွေးကောက်ပွဲကိစ္စအလို့ငှာ သုံးစွဲသော ငွေကြေးပမာဏတန်ဖိုးများကို ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းပုံစံ(၂၀)တွင် သတ်မှတ်ထားသည့်အပိုင်းအလိုက်၊ ခေါင်းစဉ်များအလိုက် ထည့်သွင်းဖော်ပြ ရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကိစ္စအလို့ငှာ ဖော်ပြသည့်အပိုဒ်၊ ခေါင်းစဉ်များမှ အမည် ဖော်ပြမပါရှိသော အခြားအသုံးစရိတ်များကိုလည်း အပိုဒ်(ဌ) ခေါင်းစဉ်အောက်တွင် ထည့်သွင်း ဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
တတိယမေးခွန်းပါ ရွေးကောက်ပွဲနီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ(Silent Day)နှင့် ရွေးကောက်ပွဲ၏ မဲမဆွယ်ရသည့်ဧရိယာများတွင် Facebook အသုံးပြုပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ စသည့်မေးခွန်း နှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲနီးကပ်သော မဲမဆွယ်ရသည့်နေ့များ (Silent Day)မဲဆွယ်ခြင်းနှင့် ရွေးကောက်ပွဲရက် မဲမဆွယ်ရသည့်ဧရိယာများတွင် Facebook အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်ဖော်ပြပြီး သတ်မှတ်ပြဋ္ဌာန်း ထားခြင်း မရှိပါကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း(၁၃)တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်ပြစ်ဒဏ် များကိုလည်း ကောင်း၊ သက်ဆိုင်ရာအခန်း(၁၄)တွင် တရားမဲ့ပြုကျင့်မှုများကို လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန် ခြင်းနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃) ပုဒ်မ ၆၁ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၆၁ မည်သူမဆို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအဝေးအတွင်း၌ဖြစ်စေ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ် ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁၀၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊ (က) မဲဆွယ်ခြင်း၊ (ခ)မဲဆန္ဒရှင်တစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲမပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊ (ဂ) ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း တိုက်တွန်းသွေးဆောင်ခြင်း၊ ရှင်းလင်းချက်တွင် ဤပုဒ်မပါကိစ္စအလို့ငှာ အခြားနေရာများတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင် သည့်ကြော်ငြာ၊ စာရွက်စာတမ်း စသည်တို့ကို ကပ်ထားခြင်းနှင့် ချိတ်ဆွဲခြင်းမပါဝင်ဟု ပြဋ္ဌာန်း ထားချက်အရ မဲမဆွယ်ရသည့် ဧရိယာထဲတွင်ပါဝင်သော နေရာတွင်ဖြစ်ဖြစ်၊ မဲရုံအတွင်းတွင်ဖြစ်ဖြစ် မည်သည့်နည်းဖြင့်အဆို မဲဆွယ်စည်းရုံးမည်ဆိုပါက ပုဒ်မ ၆၁ နှင့် ငြိစွန်းမှာဖြစ်ပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှု နှင့်စပ်လျဉ်းပြီး ညွှန်ကြားချက်အမှတ်(၁/၂၀၁၄)ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ် တွင် နိုင်ငံရေးပါတီအားလုံး၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များ ကိုလည်းကောင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကျင့်ဝတ်များနှင့်အညီ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း မဲဆွယ်စည်းရုံး ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါရွေးကောက်ပွဲများမှာ မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ပြီး ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူ လူထုအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား လွတ်လပ်စွာဆန္ဒပြုနိုင်ရန်အလို့ငှာ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို ည ၁၂ နာရီအချိန်မှ ရွေးကောက်ပွဲကျင်းပပြီးသည့်အချိန်ထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရန်နှင့် အဆိုပါ မဲဆွယ်စည်းရုံးခြင်းကို ရပ်နားထားသည့်ကာလအတွင်း မဲဆွယ်စည်းရုံးသည့် ကြော်ငြာပိုစတာ များကို ဖြုတ်သိမ်းသွားရန်လည်း ညွှန်ကြားဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားသတ်မှတ်ထားသော Silent Day ကာလတွင် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းခြင်းဖြင့်လည်း ဆန့်ကျင်၍ မဲဆွယ်စည်းရုံးခြင်းမပြုရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
