ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် (၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇ ) ရက်မြောက်နေ့ (၁၈.၁၂.၂၀၁၉)

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၉၄ )ဦး တက်ရောက်သည်။                 

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                     (၁)   ဦးတိုးဝင်း၊ တာမွေ မဲဆန္ဒနယ်က မေးမြန်းသော လူအများစုနေထိုင်ရာဖြစ်သော မြို့ပြကြီးများရှိ တိုက်ခန်းနေပြည်သူများ၏ ဘေးအန္တရာယ်ကင်းစေရေးအတွက် တိုက်ခန်းပြုပြင်ခြင်းများဆောင်ရွက်ရန်၊ သက်ဆိုင်ရာအစိုးရဌာနများမှ ကွင်းဆင်း စစ်ဆေးရန်နှင့် ပြန်လည်တည်ဆောက်ရန် သင့်သော တိုက်ခန်းများအဖြစ် သက်ဆိုင် ရာမှ ဆုံးဖြတ်ပါက ပြည်သူများ၏ ဘဝနေထိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များမှာ နေထိုင်ကြသူများအနေဖြင့် အဆောက်အဦ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိပြီး ပြင်ဆင်စရိတ်ကို အညီအမျှ ကျခံရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲလျက်ရှိပြီး ဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှုကဏ္ဍကြီး တစ်ခုလုံးကို လွှမ်းခြုံ၍ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင် အဆောက်အဦကဏ္ဍတို့တွင် စံချိန် စံညွှန်း ပြည့်မီသည့် အဆောက်အဦများကို တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၂)   ဦးဝင်းမင်း၊ လှိုင်သာယာ မဲဆန္ဒနယ်က  မေးမြန်းသော ရွှေလင်ဗန်းစက်မှုဇုန် ကနောင် မင်းသားကြီးလမ်းရှိ မိုးလုံလေလုံအားကစားခန်းမအား အများပြည်သူအသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဌာနအနေဖြင့် အားကစားခန်းမအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်ရန် အခက်အခဲရှိခြင်း၊ ကျူးကျော်များ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် ကြီးကြပ်နိုင်မှု မရှိခြင်းတို့ကြောင့် အားကစားခန်းမနှင့် မြေနေရာအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး လွှဲပြောင်းသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (‌၃)   ဦးမြင့်ငွေ၊ ကျောက်ကြီး မဲဆန္ဒနယ်က မေးမြန်းသော ကျောက်ကြီးမြို့နယ်၊ ပတ္တလား ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာမှ ထိပ်ပေါက်ရွာအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်ကျောက်ချောလမ်း ခင်းပေးပါရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင်ပါဝင်ခြင်း မရှိသေးပါသဖြင့် ကျေးလက်လမ်းစာရင်းအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                       (၄)   ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတွင် မကြာခင်ရောက်ရှိလာတော့မည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက်မီဒီယာ (Facebook) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ်ရှိပါသလားနှင့် ကိုယ်စားလှယ်လောင်းများ၏ (Facebook) ပေါ်တွင် (Boost) လုပ်ပြီး နိုင်ငံရေးကြေညာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏတန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်း၌ ဖော်ရန်လို၊ မလိုနှင့် ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ (Silent Day) နှင့် ရွေးကောက်ပွဲရက်မဲမဆွယ်ရ ဧရိယာများတွင် (Facebook) အသုံးပြု ပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှု ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ဆိုရှယ်မီဒီယာ အသုံးပြုရာတွင် လိုက်နာသင့်သည့်အချက်များ၊ သတိပြုရမည့်အချက်များကို ပြည်သူ လူထုအားအသိပေးခြင်း၊ လိုအပ်သောဥပဒေများပြဋ္ဌာန်းပေးခြင်း၊ ဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများအား သတိပေးနှိုးဆော်ခြင်း၊ ဝန်ဆောင်မှုပေးသော ကုမ္ပဏီများ နှင့် ပူးပေါင်းညှိနှိုင်းခြင်း တည်ဆဲဥပဒေများနှင့် ငြိစွန်းသည့်ကိစ္စရပ်များအား ဖော်ထုတ်အရေးယူခြင်းများဖြင့်  လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများကို အထိုက် အလျောက် ဟန့်တားထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲဆွယ်စည်းရုံးခြင်းအတွက် ရွေးကောက်ပွဲကိစ္စအလို့ငှာ သုံးစွဲသည့် ငွေကြေးပမာဏာတန်ဖိုးများကို ရွေးကောက်ပွဲကုန်ကျစရိတ် ပုံစံ(၁၀)တွင် သတ်မှတ် ထားသည့်အပိုင်းလိုက်၊ ခေါင်းစဉ်လိုက် ထည့်သွင်းဖော်ပြရမည်ဖြစ်၍ ဖော်ပြသည့် အပိုင်းခေါင်းစဉ်များတွင် အမည်ဖော်ပြမပါရှိသည့် အခြားအသုံးစရိတ်များကိုလည်း အပိုင်း(ဌ)ခေါင်းစဉ်အောက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားသတ်မှတ်ထားသည့် (Silent Day) ကာလတွင် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ မဲဆွယ်စည်းရုံး ခြင်းမပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၅)   ဒေါ်ဇင်မာအောင်၊ ရန်ကင်း မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ၂၀၁၇ ခုနှစ်မှ စတင်၍ အသုံးပြု ခြင်းမရှိသည့်အပေါ် မည်သည့်အတွက်ကြောင့် သုံးစွဲခြင်းမရှိသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူမှုကွန်ရက်စာမျက်နှာ အသုံး ပြုခြင်းဖြင့် ရရှိပေါ်ပေါက်လာမည့် အကျိုးအပြစ်များကို ထည့်သွင်းစဉ်းစားသုံးသပ် လျက် စနစ်တကျဖြစ်စေရေးအတွက် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လူထုအသိပညာပေးခြင်း လုပ်ငန်းများ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်မှုသတင်းများကို ကော်မရှင်၏ Website ၌ ဝင်ရောက်ကြည့်ရှုနိုင်သည့် အပြင် သတင်းထုတ်ပြန်ရေးအဖွဲ့က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သတင်းမီဒီယာအဖွဲ့ များနှင့် တွေ့ဆုံရှင်းလင်းသည့် သတင်းထုတ်ပြန်ချက်များဖြင့်လည်း စဉ်ဆက်မပြက် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၆)   ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က  မေးမြန်းသော International Foundation For Electoral Systems (IFES) မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်းမရှိဘဲ သာမန်ကွန်ပျူတာဖြစ်သည်ကို အာမခံချက်ပေးနိုင်ခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက IFES အဖွဲ့မှ လှူဒါန်းမည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် သာမန်ရုံးလုပ်ငန်းနှင့်သက်ဆိုင်သည့် Softward များသာ ပါရှိမည်ဖြစ်ပြီး ရုံးလုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိသော လုံခြုံရေး ကို ထိခိုက်စေနိုင်သည့် Softward များမပါစေရေး မူလလက်ခံစဉ်ကပင် ကျွမ်းကျင်သူ များနှင့် လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                          (၇)    ဦးမျိုးဇော်ဦး၊ လယ်ဝေး  မဲဆန္ဒနယ်က မေးမြန်းသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ သတ်မှတ်ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်း ရှိ၊ မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီများအပေါ် စိစစ်နေခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်အတွင်းမှာ နိုင်ငံရေးပါတီများ ရှင်သန်တိုးတက်လာစေရေး၊ နိုင်ငံသားများအတွင်းမှာ ဒီမိုကရေစီ အလေ့အကျင့်များ တိုးတက်လာစေရေးတို့အတွက် အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသော နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များကို တည်ဆဲနိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )    ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

                       အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၀-၁၂-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဂ )   အစီရင်ခံစာ(၃)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

( ၁ )   ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ဆွေးနွေးပြီး လွှတ်တော်က အတည်     ပြုကြောင်း ကြေညာခဲ့သည်။

( ၂ )    ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

(၃)       ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

          (ဃ)    အစီရင်ခံစာ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို    ၁၉-၁၂-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။