ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၈၁ )ဦး တက်ရောက်သည်။
၂။ ( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)က မေးမြန်းသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရေစီးရေလာကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထားသတ်မှတ် ပေးပြီး လမ်းမကြီး(၁၀)လမ်းကို အုတ်ပါတ်ကားရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ အမြန်ဆုံးပြုလုပ်ပေး၍ ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ်ဆက်စပ်မြောင်း များကို ရှင်းလင်းပေးပါရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်မြောင်းများကို စီမံချက် ရေးဆွဲ၍ ရှင်းလင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးမြင့်ဦး၊ မကွေး မဲဆန္ဒနယ်က မေးမြန်းသော မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်းကန်(ရွှေလက်ပံ)ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ဘဏ္ဍာငွေရရှိနိုင်မှုအပေါ်မူတည်၍ သင့်လျော် သည့် နည်းလမ်းတစ်ခုခုကိုရွေးချယ်၍ အောင်ဇေယျာရပ်ကွက် ရေကြီးရေလျှံခြင်း ဒုက္ခကင်းဝေးစေရေးအတွက် အမြန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမြင့်လွင်၊ တွံတေး မဲဆန္ဒနယ်က မေးမြန်းသော တွံတေးမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာနေ ဒေါ်ကျင်သိန်းက သူ၏သိမ်းဆည်းခံမြေ ပြန်လည်ပေးအပ်ရေးကိစ္စတွင် အခက်အခဲအတားအဆီး အနှောင့်အယှက်များ ပေါ်ပေါက်နေမှုနှင့် စပ်လျဉ်း၍ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၂ ခုနှစ်မတိုင်မီ လယ်ယာမြေ အခြားနည်းအသုံးပြု ထားပြီး ပုံစံ(၇)ထွက်ရှိထားခြင်းမရှိပါသဖြင့် တရားစွဲဆိုရန် မဖြစ် သည့်အတွက် အဆင့်ဆင့်ပြန်လည်တင်ပြမှုများအရ နစ်နာသူမူလမြေပိုင်ရှင်က အချင်းဖြစ်မြေပေါ် တွင် ဆောက်လုပ်နေထိုင်ကြသူများကို ဥပဒေအကြောင်းအရ အရေးယူဆောင်ရွက် နိုင်ကြောင်းကို ကာယကံရှင်အား ရှင်းလင်းပြောကြားခဲ့ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းမောင်ပွင့်၊ တန့်ယန်း မဲဆန္ဒနယ်က မေးမြန်းသော တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်းရွာအနီးရှိ နမ့်မိုက်ဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နယ်မြေလုံခြုံရေး ထိန်းသိမ်းဆောင်ရွက်နေသော ဒေသဖြစ်သည့် အတွက် လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိသေးပါသဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် စိစစ်ပြီး အခြေအနေပေးသည်နှင့် ကွင်းဆင်းတိုင်းတာစစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးလမာနော်အောင်၊ အင်ဂျန်းယန် မဲဆန္ဒနယ်က မေးမြန်းသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်ပေါ်နေတိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲထားခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ထာဝစဉ်တည်တံ့သော သစ်တောပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ဂေဟစနစ်လုံခြုံရေးအတွက် အရှေ့ တောင်အာရှတောင်ပေါ်သစ်တောများ ထိန်းသိမ်းရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဘက်စုံရေဝေရေလဲဒေသများ စီမံအုပ်ချုပ်ခြင်း သရုပ်ပြစီမံကိန်း၊ အနောက်ပိုင်းဒေသများ/အရှေ့ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများဖြင့် ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးရန်လင်း၊ ကျိုက်လတ် မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ မွေးမြူရေးလုပ်ကိုင် သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သားပေါက်များ ထုတ်လုပ် ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်း ရှိ၊မရှိနှင့် ယခုအခါ ကြက်/ဝက် သားပေါက်များထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ ဆောင်ရွက်နေကြောင်း သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများ အရှုံးပေါ်ခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်း၊ လျော့ချခြင်းတို့ကြောင့် ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်းမရှိပါကြောင်းနှင့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ တင်သွင်းသည့် ကုမ္ပဏီများကို အသိပညာပေးခြင်း၊ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များဖြင့် ဆောင်ရွက်ရန်ကို ကြပ်မတ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးပိုက်ကို၊ ပခုက္ကူ မဲဆန္ဒနယ်က မေးမြန်းသော ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ (၁၅)ဦး၏ မြေဧရိယာ (၃၈.၆၄)အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည် စွန့်လွှတ်၍ ယာယီစိုက်ပျိုး လုပ်ကိုင်ခွင့် ပုံစံ(၃) ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေစဉ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး မူဝါဒအတိုင်း နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် သိမ်းဆည်းခံ တောင်သူတို့၏ စွန့်လွှတ်မြေဧကနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါသဖြင့် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) နည်းဥပဒေ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပေးပို့လာသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထား သည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း ကြေညာခဲ့သည်။
( ဂ ) အစီရင်ခံစာ(၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
( ၁ ) ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
( ၂ ) ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
(ဃ) အစီရင်ခံစာ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော် က အတည်ပြုကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၆-၁၂-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
