ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၈၁ )ဦး တက်ရောက်သည်။
၂။ ( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင် မဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်ရှိ မာန်အောင် မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားလာနိုင်ရေးအတွက် ကစ္စပနဒီ အမြန်ရေယာဉ်အား သီတင်းတစ်ပတ်တွင် အနည်းဆုံးနှစ်ကြိမ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကစ္စပနဒီရေယာဉ်သည် ခရီးသည်သီးသန့် တင်ဆောင်သည့် ရေယာဉ်များဖြစ်ပြီး တည်ဆောက်မှုပုံစံအရ ရေစူးနှင့် အမြန်နှုန်း ကြောင့် ဆီစားနှုန်းများပြား၍ ခရီးသည်လိုက်ပါမှုနည်းပါးသဖြင့် အမြန်ယာဉ်ပြေးဆွဲ ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်က မေးမြန်းသော ပြည်-ပေါက်ခေါင်း လမ်းပိုင်း ရထားလမ်းဖောက်လုပ်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍ လျော်ကြေးငွေ မရရှိသေးပါသဖြင့် မည်သည့်ဘဏ္ဍာနှစ်တွင် ပေးလျော် မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်မြို့နယ်အတွင်းရှိ သိမ်းဆည်းမြေဧရိယာ အတွက် လျော်ကြေးငွေပေးချေနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တွင် တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးလှထွန်းကျော်၊ မောင်တော မဲဆန္ဒနယ်က မေးမြန်းသော မောင်တောမြို့၊ (၄)မိုင် ရပ်ကွက်၊ မကျည်းကုန်းရွာ၌ လိုအပ်လျက်ရှိသော လူနည်းစု (သက်)တိုင်းရင်းသားများ စာပေယဉ်ကျေးမှုဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ ထုံးတမ်းအခမ်းအနားကျင်းပ နိုင်မည့် (၅၀ပေ x ၃၀ပေ)ရှိ အဆောက်အဦတစ်ခုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဌာနအမည်ပေါက်မြေ ပိုင်ဆိုင်မှုမရှိခြင်း၊ ဌာနအနေဖြင့် ရုံးအဆောက်အအုံ ပြည့်ပြည့်စုံစုံမရှိသေးသည့် ခရိုင်နှင့်မြို့နယ်ရုံးများကို ဦးစားပေးတည်ဆောက်နေရခြင်းနှင့် ပျက်စီးမှုများကို ပြင်ဆင်နေရခြင်းတို့ကြောင့် လောလောဆယ်အချိန်တွင် ဆောက်လုပ်ပေးရန် အစီ အစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော အမျိုးသားစာပေဆု ကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂) ခု ခွဲခြားပေးနိုင်ခြင်း ရှိ၊ မရှိ၊ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက်စသည်တို့ကို တရားဝင်မူချမှတ် ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိနှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေး ထားခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဓိကစာပေဆုအမျိုးအစားဖြစ်သော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်များကိုလည်း တစ်ဆုတည်းပေးခဲ့သလို အစဉ်အလာ ကဗျာနှင့် ခေတ်ပေါ်ကဗျာမခွဲခြားဘဲ အကောင်းဆုံးကို ဆုတစ်ဆုတည်းသာ ချီးမြှင့် သင့်သည်ဟု ကျွမ်းကျင်သောစာပေပညာရှင်များက ရှုထောင့်စုံမှ ဆွေးနွေးဝေဖန် သုံးသပ်ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် ရွေးချယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကိုလည်း သတ်မှတ်ပြဋ္ဌာန်း၍ အများပြည်သူသိရှိအောင် ပုံနှိပ်ထုတ်ဝေဖြန့်ချိထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမျိုးဇော်အောင်၊ ကောလင်း မဲဆန္ဒနယ်က မေးမြန်းသော ကောလင်းမြို့နယ်၊ ရှမ်း ကလုံးကျေးရွာ အနီးတဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေးကုမ္ပဏီများကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေခြင်း ရှိ၊မရှိ စိစစ်၍ ဥပဒေနှင့်မညီသည် များကို စိစစ်အရေးယူရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က တရားမဝင် ဝင်ရောက်နေထိုင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ကွက်စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးလျက်ရှိပြီး ခွင့်ပြုမိန့်နှင့် စာချုပ်ပါ စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှု မရှိပါက ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမြင့်ကြည်၊ ကသာ မဲဆန္ဒနယ်က မေးမြန်းသော ယင်းခဲသစ်တောကြိုးဝိုင်း အတွင်း ကာလတာရှည်ကတည်းက ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တော ကျူးကျော်သူများ ဖြစ်သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန် တကယ် တိကျမှန်ကန်ခိုင်လုံသော စာရင်းသစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံ ကောက်ယူပြုစုထုတ်ပြန်ရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ၂၀၁၃ ခုနှစ် စာရင်းကောက်ယူစဉ်က မပါဝင်ခဲ့သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုနှင့် မြေပြင်အခြေ အနေမှန်အား ကွင်းဆင်းစိစစ်ပြီး အမှန်တကယ် ပယ်ဖျက်ဆောင်ရွက်ပေးသင့်ပါက လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇) ဦးအောင်စိုးမင်း၊ ရွာငံ မဲဆန္ဒနယ်က မေးမြန်းသော GPS ကုမ္ပဏီမှ တရားမဝင် သတ္တု တူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကွင်းဆင်း စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာ့ သတ္တုတွင်း ဥပဒေကို ကျူးလွန်ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် ဥပဒေအရ အရေးယူရန် အမှုဖွင့်ဆိုထားပြီးဖြစ်ပါကြောင်းနှင့် ထိခိုက်နစ်နာမှုရှိသည့် ဒေသခံပြည်သူများ၏ စိုက်ခင်းမြေနေရာများ၊ ရွှေ့ပြောင်းတောင်ယာများအတွက် လျော်ကြေးပေးချေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) နည်းဥပဒေ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့လာသော အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း ကြေညာခဲ့သည်။
( ဂ ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေတောများကို စီမံကိန်းများ ချမှတ်၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပေါက်ရောက်ပြီး ဒီရေတောများကို စီမံကိန်း များချမှတ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) အစီရင်ခံစာ(၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
(၁) ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
(၂) ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃-၁၂-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
