ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ (၁၀.၁၂.၂၀၁၉)

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၅၇ )ဦး တက်ရောက်သည်။               

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးသန်းလင်းလင်း၊ မယ်စဲ့ မဲဆန္ဒနယ်က မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်းဖြစ်ပေါ်နေသော မြေနန်းတော်(ခေါ်) နတ်တောင်ကို ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ထိုင်းနိုင်ငံဘက်မှ ခရီးသွားဧည့်သည်များ ကယားပြည်နယ်သို့ လာရောက်လည်ပတ်မည့် ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရေး အတွက် နယ်မြေဒေသ အခြေအနေအပေါ်မူတည်၍ ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြလုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)   ဦးအောင်ကျော်ကျော်ဦး၊ လှိုင် မဲဆန္ဒနယ်က  မေးမြန်းသော တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် (We Chat Pay နှင့် Alipay) ကို တားမြစ် ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်အတွင်း ရောင်းချဝယ်ယူသည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအတွက် ကျသင့်ငွေပေးချေခြင်း ဈေးနှုန်းဖော်ပြခြင်း များကို ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေးသကြီး/ပြည်နယ်အစိုးရ အဖွဲ့များထံ ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ပါကြောင်းနှင့် package tour  ထက် ပိုမိုရေပန်းစားလာသည့် independent traveller  များ မြန်မာနိုင်ငံ ခရီးသွားဒေသ များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်ရန် Online digital promortion များကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း ၁၁ သင်းနှင့် ပူးပေါင်းလုပ်ဆောင်နေပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (‌၃)   ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် ရေကျော်သော လမ်းမကြီးများနှင့် တံတားတို့ကို ရေမကျော်အောင် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဝိုင်းမော် ဘက်ကမ်းရှိ ရေကျော်သောနေရာများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် တာပေါင်မြှင့်တင်ခြင်းလုပ်ငန်း၊ သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ရန်တို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်က မေးမြန်းသော ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင် ဂဝံလမ်းအား ပြုပြင်ထိန်းသိမ်းပေးရန်နှင့် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက သနပ်ပင်မြို့နယ်အတွင်းရှိ တာဝ- မြစ်ကျိုးလမ်းပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်လည်းကောင်း၊ သနပ်ပင်-တာဝလမ်းပိုင်း၏ ပျက်စီးနေသောအပိုင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် လည်းကောင်း ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                    (၅)   ဦးမြင့်ထွန်း၊ တန့်ဆည်  မဲဆန္ဒနယ်က မေးမြန်းသော အစိုးရဌာနအဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်သည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့်အကြောင်း အရင်းကို အစီရင်ခံစာတွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်း ရှိ၊မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့် အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်း  ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် ဈေးနှုန်း၊ စည်းမျဉ်းစည်းကမ်းများ၊ ပစ္စည်း အရည်အသွေး၊ ဝန်ဆောင်မှုနှင့် သတ်မှတ်ထားသောအချိန်ကာလ မကိုက်ညီခြင်း တို့ကြောင့် ငြင်းပယ်ခံရသည့်  တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား တင်ဒါမရွေးချယ်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး မှတ်တမ်းများ ထားရှိပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ တင်ဒါလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ယှဉ်ပြိုင်သူ များ ကျေနပ်လက်ခံသည့် မှန်ကန်သော စိစစ်ရွေးချယ်မှုများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

                    (၆)   ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာ အသုံးပြုနေသော (၅)ပေအကျယ် လူကူးသစ်သားတံတားအစား သံကူကွန်ကရစ် ကုန်ထုတ်တံတားအဖြစ် ပြည်ထောင်စု ဘတ်ဂျက်မှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်မြို့နယ် ကြာအိမ်နူး ကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ်လောင်ချောင်းကိုဖြတ်ပြီး ကြိုးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  အဆင့်မြှင့်တင်တည်ဆောက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် တင်ပြပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )   ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း

                       ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၂-၁၂-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

            

             ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                      ဒေါ်နန်းခမ်းအေး၊ နမ္မတူ မဲဆန္ဒနယ်က တင်သွင်းသည့်  ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများ၏ တည်နေရာ၊ Design Drawing နှင့် Estimate (ခန့်မှန်း ရန်ပုံငွေများ)ကို ပြည့်စုံစွာဖော်ပြပြီး သက်ဆိုင်ရာဌာနများ၏ Website များတွင် စတင် ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများကိုပါ အတူယှဉ်တွဲပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာန၏ Website များတွင် တရားဝင်ဖော်ပြပေး ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(ဃ)    အစီရင်ခံစာ(၂)ခုတင်ပြခြင်း

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ နှင့် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က နှစ်ပတ်လည် အစီရင်ခံစာ များ တင်ပြပြီး ယင်းအစီရင်ခံစာ(၂)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက  ၁၁-၁၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

          ( င )   အစီရင်ခံစာ(၁)ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို    ၁၂-၁၂-၂၀၁၉ ရက် (ကြာသပတေးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။