ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ် ထွန်းကားရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီအခွင့်အရေးများရမှ တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသား များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုရှိမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း။

ကိုယ်စားလှယ်များအနေဖြင့် မေးမြန်းသည့်မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာရန်လိုကြောင်း။

ဥပဒေပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလ အခြေအနေတို့နှင့် လိုက်လျောညီထွေမှု မရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ရန်လိုကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်သည့် နေရာမှာ ကန့်သတ်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန်လိုကြောင်း၊ လွတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေးသမားများ ဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်ရန် အထူးသတိပြုစေလိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်အောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ခွင့်ရှိပါကြောင်း။

မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြဌာန်းလိုက်သည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ကြစေ လိုပါကြောင်း။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ယုံကြည်မှုရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီ နိုင်ငံတိုင်းတွင် လွှတ်တော်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာအာဏာကို ပြည်သူကသာ ပိုင်ဆိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် အစဉ်ကြိုးပမ်းရမည် ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစဉ်ရှေးရှု ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်နေသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းများတွင်လည်း တိုင်းရင်းသားများကို ထိုက်သင့်သည့် နေရာများပေး၍ ထည့်သွင်း ဖွဲ့စည်းထားရှိပါကြောင်း။

ဒီမိုကရေစီဝါဒနှင့် ဖက်ဒရယ်လမ်းစဉ် ပေါ်ပေါက်ရေးကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ထူထောင်နိုင်ရန်အတွက် ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း ပြောကြားခဲ့သည်။         

ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်