(စ)ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားစာပေသင်ကြားမည့် ဆရာ/ဆရာမများကို ခန့်ထားခြင်းမရှိ သေးသော ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ (၆.၁၂.၂၀၁၉)

 

ချင်းပြည်နယ်တွင် ချင်းတိုင်ရင်းသားစာပေ သင်ကြားမည့်ဆရာ/ဆရာမများကို ပထမအသုတ် ၂၀၁၇-၁၈ပညာသင်နှစ်တွင် ကျောင်သားဦးရေ (၁၀၀)အောက်တွင် ဆရာ/ဆရာမတစ်ဦးနှုန်းဖြင့် (၄၆၉) ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ဒုတိယအသုတ် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းတစ် ကျောင်း ကျောင်းသားဦးရေ (၁၀၀) အောက်တွင် ဆရာ/ဆရာမ တစ်ဦးနှုန်း၊ (၁၀၀)အထက်ရှိသည့် ကျောင်းတွင် ဆရာ/ဆရာမနှစ်ဦးနှုန်းဖြင့် ခန့်ထားပေးမည်ဟုသိရှိရသဖြင့် ဒေသခံပြည်သူလူထုများ ဝမ်းသာအားရကြိုဆိုမျှော်လင့်နေကြပါကြောင်း၊ တစ်ချို့ကျေးရွာများတွင် လုပ်အားပေးခေါ်၍ ၎င်း လုပ်အားပေးဆရာ/ဆရာမများကို သက်ဆိုင်ရာပညာရေးဌာနမှ သင်တန်းပို့ချခဲ့ပြီး ၎င်းတို့ထဲမှ ရွေးချယ်ရေးမူအရ မြို့နယ်ပညာရေးမှူးများမှ စာရင်းပြုစု၍ သက်ဆိုင်ရာသို့ တင်ပြခဲ့ကြောင်း။

အထက်ပါအတိုင်း ဒုတိယအကြိမ် ခန့်ထားပေးနိုင်ရေးအတွက် ချင်းပြည်နယ်မှ ၂၀၁၉-၂၀ ပညာသင် နှစ်အတွက် (၁၁၆၄)ဦး ခန့်ထားပေးရန် တင်ပြသည့်အပေါ် (၄၆၈)ဦးသာ ခန့်ထားပေး၍ (၆၉၆)ဦး ပယ်ဖျက်ခဲ့ပြီး ခန့်ထားပေးခြင်းမရှိပါကြောင်း၊ ထန်တလန်မြို့နယ်တွင် ခန့်ထားရန် (၁၁၉)ဦးရှိ၍ (၆၄)ဦးခန့်ထားပေးပြီး ကျန်(၅၅)ဦးကို လုံးဝခန့်ထားပေးခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ တချို့ကျောင်းတွင် ချင်းတိုင်းရင်းသားစာပေ သင်ကြားပြီး တချို့ကျောင်းများတွင် လုံးဝသင်ကြား ပေးခြင်းမရှိသဖြင့် ဒေသခံပြည်သူများမကျေနပ်သည်ကို တွေ့ရှိခဲ့ရပါကြောင်း။

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၄၀)အထက်ရှိမှ ဆရာ/ဆရာမတစ်ဦး ခန့်ထားပေးမည်ဟု ခန့်ထားရေးမူဝါဒ ပြန်လည်ပြောင်းလဲခြင်းကြောင့် လူနည်းစုတိုင်းရင်းသားများအနေဖြင့် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာကြောင်း၊ ဝေးလံခက်ခဲ သည့် မိမိတို့ဒေသခံကလေးငယ်များ၏ပညာရေးကို အထောက် အကူပြုပေးနိုင်သည့် ဒေသခံဆရာ/ ဆရာမများ ကျောင်းတိုင်းတွင် ပြန်လည်ခန့်ထားပေးခြင်းဖြင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို ဖော်ဆောင်ရာကျသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသည့် အတွက် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးရာရောက်မည်ဟု ယူဆပါကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် သံသယနှင့်ပဋိပက္ခများ ကင်းစင်ပြီး စစ်မှန် သည့် ထာဝရငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပိုမို အားကောင်းလာမည်ဖြစ်ပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ အခန်း()၊ ပုဒ်မ ()အရ (က) တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးရရှိရေး၊ () တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် အမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်ဟု ပါရှိသည့် အတိုင်း ပျောက်ကွယ်လုနီးပါးဖြစ်သည့် တိုင်းရင်းသားဘာသာစကား၊ စာပေများကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ     ပိုမိုအလေးထားသင့်သည်ကို တင်ပြဆွေးနွေးလိုပါကြောင်း။

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားစာပေ သင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများ Teaching Assistance ခန့်ထားရန်ကျန်ရှိသည့်ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ချင်းပြည်နယ်အတွင်း Teaching Assistance(TA)အဖြစ် အားလုံး (၄၆၈)ဦးခန့်ထားပြီးဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွက် Teaching Assistance (TA) (၅)ဦးအား ၂၈-၁၁- ၂၀၁၉ ရက်နေ့တွင် ထပ်မံခန့်ထားပြီးဖြစ်သည့်အတွက် လက်ရှိ ချင်းပြည်နယ်အတွင်း TA အဖြစ် စုစုပေါင်း (၄၇၃)ဦးခန့်ထားပြီးဖြစ်ပါကြောင်းဆက်လက်၍ ချင်းပြည်နယ်ရှိလိုအပ်သည့်နေရာများ တွင် ခန့်ထားရန် Teaching Assistance (၂၇၁)ဦး ထပ်မံခန့်ထားနိုင်ရေးကို စိစစ်ဆောင်ရွက်နေပါ ကြောင်း

ထန်တလန်မြို့နယ်တွင် ယခုပညာသင်နှစ်အတွင်း TA (၂၅)ဦးထပ်ခန့်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၁ ပညာသင်နှစ် အတွက် Teaching Assistance ခန့်ထားရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှစိစစ်ပြီး လျှောက်လွှာများလက်ခံရရှိပါက ထပ်မံ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့်အတိုင်း ကျောင်းသား(၄၀)ရှိမှ ဆရာ/ဆရာမ တစ်ဦးခန့်မည့်အစား ကျောင်းသား(၂၀)ရှိရုံနှင့် ဆရာ/ဆရာမတစ်ဦး ခန့်နိုင်ရန် မူဝါဒပြောင်းလဲ သတ်မှတ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။