မြေပုံမြို့နယ်၊ ထုံးကျိန်လွင်ပြင် လယ်သမားတာကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ပြည်နယ် အစိုးရရန်ပုံငွေ ၄၉၂ သန်းဖြင့် စိမ်းစမ်းစို ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တာအလျားက ပေ ၃၉,၀၀၀ ရှိပါကြောင်း၊ သို့သော် ယခု အချိန်အထိ ကုမ္ပဏီသည် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ လုပ်ငန်းအတွက် ငွေအားလုံးကိုတော့ ထုတ်ယူသွားပြီးဖြစ်ကြောင်း သိရပါကြောင်း၊ ယခုလိုအခြေအနေကို ကုက္ကိုကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် လယ်သမား ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး တိုင်တန်းခဲ့ကြပါကြောင်း၊ မိမိအနေဖြင့်လည်းသက်ဆိုင်ရာဌာန များကို အသိပေးအကြောင်းကြားခဲ့ခြင်း ကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေးပြီး ကုမ္ပဏီကို လုပ်ငန်းပြီးမြောက်အောင်ဆောင်ရွက်ရန် အကြိမ်ကြိမ် သတိပေးအကြောင်းကြားခဲ့ပါကြောင်း၊ ပိုဆိုးသည်မှာ ကုမ္ပဏီက ဌာနမှသတ်မှတ် ထားသည့် တာလမ်းကြောင်းအတိုင်း မသွားဘဲ မြေနိမ့်သည့် နေရာများ၊ ချောင်းများ ကိုဖယ်ထုတ်ပြီး ဆည်ဖို့ခဲ့ ခြင်းကြောင့် ဌာနမှကြိုတင်တည်ဆောက် ထားသည့် သိန်း ၃၀၀၀ ကျော် ရေတံခါးတစ်ခု သည်လည်း အသားလွတ် ဘေးတွင်ကျန်ရစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ အလဟဿဆုံးရှုံးခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုလိုအခြေအနေများကြောင့် မင်းပြားမြို့၊ ဆည်မြောင်း နှင့် ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)မှ ပြည်နယ်ညွှန်ကြားရေးမှူးထံသို့ ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်နေ့၊ ရက်စွဲပါစာအမှတ်(၁၂၉/တင်ဒါ/ ၂၀၁၈-၁၉)ဖြင့် စိမ်းစမ်းစိုကုမ္ပဏီ၏ လုပ်ဆောင် ဆောင်ရွက်မှုအခြေအနေများကို အသိပေးအစီရင်ခံစာ တင်ပြခဲ့ပါကြောင်း၊ အစီရင်ခံစာ အပြည့်အစုံကို မေးခွန်းနှင့် အတူ ပူးတွဲတင်ပြခဲ့ပြီးဖြစ်သည့်အတွက် လိုအပ်သည့် အချက်များကိုသာ မိမိအနေဖြင့် ကောက်နုတ်တင်ပြပါမည်ဖြစ်ကြောင်း၊ အစီရင်ခံစာ အပိုဒ် ၁ တွင် ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်နောက်ကျခြင်း၊ စက်ယန္တရားများ အသုံးပြုမှု အားနည်းခြင်း၊ အတွေ့အကြုံရှိသော အင်ဂျင်နီယာများ ငှားရမ်းကြီးကြပ်မှုအားနည်းခြင်း၊ တာဖိနပ် မထားဘဲ တာအောက်ခြေမြေကို ကပ်ပြီးမြေယူခြင်း၊ ဒီဇိုင်းတာထိပ်အမြင့်နှင့် တာလျှောစောက်အား ပုံစံကျ ဆည်မဖို့ခြင်း၊ တာနှင့်ချောင်းပိတ်လုပ်ငန်းများအတွက် တောင်မြေအစား ရွှံ့ပျော့မြေ တစ်မျိုးတည်း ကိုသာ ဆည်ဖို့ခြင်း စသဖြင့်အားနည်းခြင်းများတွေ့ရပြီး ဌာနမှ ၁၃-၅-၂၀၁၈ ရက်နေ့ ကွင်းဆင်း စစ်ဆေးရာတွင် တာပေါက်ခုနစ်ပေါက်ကို ပိတ်ဆို့ဆည်ဖို့ခြင်းမရှိသေးသဖြင့် မိုးမကျမီအပြီး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်းဖော်ပြထားပါကြောင်း၊ စာပိုဒ် ၂ တွင် ထိုသို့ညွှန်ကြားခဲ့သော် လည်း ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှသာ မြေတူးစက်တစ်စီးဖြင့် အင်ဂျင်နီယာ သို့မဟုတ် ကွင်းတာဝန်ခံ ကြီးကြပ်မှုမရှိဘဲ အချိန်ဆွဲပြီး ဟန်ပြသဘောမျိုးသာဆောင်ရွက်နေ ကြောင်း စစ်တွေမြို့နယ်၊ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ကွင်းဆင်းစစ်ဆေးချိန်တွင် တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားပါကြောင်း၊ အစီရင်ခံစာ အပိုဒ် ၅ တွင် ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်နေသော မြေတူးစက်တစ်စီး၊ စက်တပ်ယာဉ်တစ်စီးအား ၂၀၁၉ ခုနှစ်ဧပြီလတွင် လုပ်ငန်းခွင်မှရွှေ့ပြောင်းသွားပြီး ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ကြောင်း ဖော်ပြ ထားပါကြောင်း၊ အပိုဒ် ၆ တွင် စိမ်းစမ်းစိုကုမ္ပဏီမှ ဆောင်ရွက်နေမှု လက်ရှိ အခြေအနေအား သိရှိနိုင်ပါရန်နှင့် အဆိုပါကုမ္ပဏီအား စာချုပ်ပါစည်းကမ်းများနှင့်အညီ လိုအပ်သလို တည်ဆဲဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် အစီရင်ခံစာ တင်ပြအပ်ပါသည်ဟု ရေးသား ဖော်ပြထား ပါကြောင်း၊
ယခုလိုအခြေအနေကြောင့် မိမိတို့က နိုင်ငံ့ဘဏ္ဍာငွေများကို အမြောက်အမြား အကျိုးမရှိ အလဟဿ သဲထဲရေသွန် ဖြစ်သွားရခြင်းသည် မည်သူ့တွင်တာဝန်ရှိသည်ဆိုတာကို အထူးပြောစရာ လိုမည်မထင်ပါကြောင်း၊ ၎င်းပေါ်တွင်ရော တာပြီးမြောက်ရေးအပေါ်တွင်ပါ ပြည်ထောင်စုဝန်ကြီး ဌာန အနေဖြင့် မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိလိုသည့် အတွက် မေးမြန်း ပါသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာ အုပ်စု၊ ထုံးကျိန်လယ်သမားတာ အပိုင်း(၂)တာပုံစံ ကျပြုပြင်ခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ဖြေကြားချက်ကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေ ကျပ်သန်းပေါင်း ၄၉၂ သန်းဖြင့်ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါကြောင်း၊ တင်ဒါခေါ်ယူခြင်းကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး စိမ်းစမ်းစိုကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ တင်ဒါအောင်မြင်ခဲ့သည့် စိမ်းစမ်းစိုကုမ္ပဏီ အနေဖြင့် စာချုပ်ပါစည်းကမ်းချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့သော် ပြီးစီးမှုမရှိခဲ့သည့် အတွက် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေး ဦးစီးဌာနမှနေပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက်အရ တာအလျား ပေ ၃၉၀၀၀ ကို တာပတ်ဆောင်ရွက်ခြင်းလုပ်ငန်းသည် သတ်မှတ် စံချိန်စံညွှန်းနဲ့မကိုက်ညီဘဲနှင့် ချောင်းပေါက် ခုနစ်ပေါက်ကိုလည်း အပြီးသတ်ပိတ်ရန် ကျန်ရှိနေတာကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်းများဆောင်ရွက်မှု ပီပြင်မှုမရှိခဲ့ဘဲနှင့် လုပ်ငန်းဆောင်ရွက်ချိန်နောက်ကျမှု၊ မှန်ကန်သည့် စက်ယန္တရားနှင့်အရေအတွက်ကို ထည့်သွင်းသုံးစွဲမှု မရှိသည့် အခြေအနေများကိုလည်း စိစစ်တွေ့ရှိ ရပါကြောင်း၊ လုပ်ငန်းသဘာဝအရ ကာရီအထိုင်ချမည့် ကာရီ အူလမ်းကြောင်း အမှန်ကို ရွေးချယ်နိုင်မှုမရှိခဲ့ဘဲနှင့် ကျွမ်းကျင်အင်ဂျင်နီယာ၏အကြံဉာဏ်ကိုလည်း ရယူမှုမရှိခဲ့သည်ကိုလည်း စိစစ်တွေ့ရှိခဲ့ကြောင်း သိရှိရပါကြောင်း၊ သာမန်မြေဖို့သည့် လုပ်ငန်းတစ်ခုအဖြစ် မှတ်ယူပြီး အောက်ခြေဝန်ထမ်းများနှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့် အခြေအနေရှိခဲ့ပြီး ချောင်းပိတ်လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရမယ့်အချိန်ကာလကို မချိန်ဆဘဲနှင့် အချိန်နှင့်တစ်ပြေးညီ ချိန်ကိုက်ဆောင်ရွက်နိုင်မှုမရှိကြောင်း စသည့်အားနည်းချက်များ စိစစ်တွေ့ရှိရမှု အခြေအနေကို ပြည်နယ်အစိုးရအဖွဲ့၏ဖြေကြားချက်အရ စိစစ်သိရှိရပါကြောင်း၊
မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် လုပ်ငန်းများ မိုးမကျမီ အပြီးသတ်ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုနှင့်အညီ ကုမ္ပဏီကို အသိပေး အကြောင်းကြားခဲ့ပါကြောင်း၊ အကြောင်းကြားခဲ့သော်လည်း ကုမ္ပဏီအနေနှင့် လုပ်ငန်းများမဆောင် ရွက်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် တစ်ခါထပ်မံပြီး စာချုပ်ပါစည်းကမ်းများ အတိုင်း တာရေကျော်ကျိုးပေါက်နေရာများကို ပြန်လည်ပြုပြင်ရန်နှင့် ပြီးစီးမှုအခြေအနေအား တင်ပြရန် စိမ်းစမ်းစိုကုမ္ပဏီကို ဒုတိယအကြိမ် ထပ်မံအကြောင်းကြား ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်သော်ငြား လည်း ကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်ကုန်သည်အထိ ပြန်လည်ပြုပြင်ပေး နိုင်ခြင်းမရှိကြောင်း သိရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထပ်မံပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီသည် မြေတူးစက်တစ်စီးဖြင့်သာ ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိခဲ့ရပြီး နောက်ပိုင်းတွင် ဆောင်ရွက်မယ့်လုပ်ငန်းများကို ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ခြင်းမရှိဘဲ မြေတူးစက်ကိုလည်း ပြန်လည်ရုပ်သိမ်းသွားကြောင်း သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရန် ကုမ္ပဏီကို တတိယအကြိမ် ထပ်မံအကြောင်းကြားခဲ့သော်လည်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိတော့သည့် အခြေအနေ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊
ထုံးကျိန်ရေငန်တားသည်နှင့်စပ်လျဉ်းပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၉)တွင် ပညာရှင်များနှင့် ကွင်းဆင်းစစ်ဆေးပြီး ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများ အတိုင်း ရှာဖွေတင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို အကြောင်းကြားခဲ့မှုအရ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ဖြစ်ပေါ်မှု အခြေအနေများနှင့် ပတ်သက်၍ နည်းပညာရှုထောင့်အရ ပြန်လည်တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်ကိုလည်း ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၅/၂၀၁၉)တွင် ကွင်းဆင်းတင်ပြချက်ပါနှင့်အညီ လုပ်ငန်းတွေဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းအတွက် လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေကို သင့်လျော်သည့် ဘတ်ဂျက်နှစ်တွင် ထည့်သွင်းလျာထား ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိတင်ပြအပ်ပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး ပြည်နယ် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းအကောင်အထည်ဖော်ရေး နှင့်စပ်လျဉ်းပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)ကို လမ်းညွှန်မှုခံယူ တင်ပြခဲ့ရာတွင် အဆိုပါလုပ်ငန်းသည် ရှုပ်ထွေးနက်နဲမှုရှိသည့် လုပ်ငန်းမဟုတ်သည့်အတွက် ပညာရှင်များဖြင့် ထပ်မံကွင်းဆင်းရန်မလိုဟု သုံးသပ်ပါကြောင်း၊ ဌာနအနေဖြင့်လည်း ရန်ပုံငွေထပ်မံတင်ပြတောင်းခံပြီး အဆိုပါလုပ်ငန်းကို ဝင်ရောက်ဆောင်ရွက်ပေးရန်ဆိုသည့်နေရာတွင် သင့်လျော်မှုမရှိသည့်အတွက် နည်းပညာအရ သာ ကြီးကြပ်ကူညီဆောင်ရွက်ပေးရန် ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကို ပြန်ကြားအသိပေးခဲ့ပါကြောင်း၊ ယခုအချင်းဖြစ်ရပ်အပေါ်တွင် သုံးသပ်ကြည့်မည်ဆိုလျှင် ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေြဖင့် ယခုလိုရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို ထပ်မံသုံးစွဲရမည် ဖြစ်သည့်အတွက် ဘဏ္ဍာရန်ပုံငွေ မလိုလားအပ်ဘဲ ထပ်မံကျခံရမည့်အခြေအနေ ဖြစ်ပါကြောင်း၊ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက် အရလည်း စိမ်းစမ်းစိုကုမ္ပဏီအနေဖြင့် တည်ဆောက်ပြီးလုပ်ငန်းကို သုံးနှစ်အာမခံချက်ပေးရမည် ဖြစ်သည့်အတွက် ၎င်းကုမ္ပဏီအနေြဖင့် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးရန် ရှိမည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် စိမ်းစမ်းစို ကုမ္ပဏီကို လိုအပ်သလို အရေးယူဆောင်ရွက်ပြီး လုပ်ငန်းတန်ဖိုးငွေများ ပြန်လည်ပေးလျော်စေခြင်း သို့မဟုတ် အဆိုပါကုမ္ပဏီအား လုပ်ငန်းများ ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် ကြီးကြပ် စီမံခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သင့်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဖြေကြားချက်နှင့် အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကုမ္ပဏီအနေဖြင့် ပေါ့လျော့ပြီးဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ့်အကျိုးစီးပွား အတွက် ဥဒါန်းတင်ပြီး ဆောင်ရွက်ခဲ့သည်ဆိုတာကို ဌာန၏အစီရင်ခံစာတွင်လည်း ပေါ်ပေါက်ပါကြောင်း၊ ဌာနအနေဖြင့် လည်း လုပ်ငန်းများမပြီးပြတ်သေးခင် ငွေအကုန်လုံးကို ထုတ်ပေးလိုက်ကြောင်း၊ အဆင့်ဆင့် တင်ပြသည့်အခါတွင် ပြည်နယ်အစိုးရမှ ၎င်းအပေါ်တွင် ကုမ္ပဏီကို ဖိအားပေးပြီး လုပ်ခိုင်းမည့်အစား နောက်လာမည့်ဘတ်ဂျက်နှစ်များတွင် ဘဏ္ဍာငွေချပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းလုပ်ရပ်သည် လုံးဝရိုးသားမှုမရှိသည့် လုပ်ရပ်များဟုတင်ပြလိုပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ယခုပြောသည့်နေရာတွင် ပြည်နယ်အစိုးရ၏ဆုံးဖြတ်ချက်အတိုင်း မဟုတ်ဘဲ ကုမ္ပဏီကို လုပ်ခိုင်းရန် ပြောကြောင်း၊ သို့သော် ၎င်းဆုံးဖြတ်ချက်က ပြည်နယ်အစိုးရဆုံးဖြတ်ချက်ဟု မိမိယူဆပါကြောင်း၊ သို့သော် ၎င်းကို ဘယ်တော့လောက် လုပ်ဆောင်ပေးမည်ဆိုသည်ကလည်း မိမိတို့အတွက် တော်တော့်ကိုအရေးကြီးသည့် မေးခွန်းဖြစ်ပါကြောင်း၊ ၎င်းရေငန်တား တာခြင်း၊ဆည်ခြင်းများသည် အချိန်နှင့် ရာသီနှင့်လုပ်ရသည့်ကိစ္စဖြစ်ပါကြောင်း၊ အောက်ခြေတွင် ၎င်းလုပ်ငန်းအတွက် ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူများ ကိုချပြရန် လိုပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များက ဌာနနှင့်ညှိနှိုင်းပြီးလုပ်ကြောင်း၊ သက်ဆိုင်ရာကိုတင်ပြကြောင်း၊ သို့သော် တစ်ဖက်မှ အချိန်ဆွဲပြီးလုပ်သည့်အခါ လွှတ်တော်ကိုယ်စားလှယ်များက ကုမ္ပဏီနှင့် ပေါင်းပြီး နှစ်ပေါက် တစ်ပေါက်ရိုက်စားနေသည့် ပုံစံမျိုး အထင်ခံရပါကြောင်း၊ ထို့ကြောင့်၎င်းကိစ္စကို အောက်ခြေ ပြည်သူများကို ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြရန်လိုကြောင်း၊ ရာသီအချိန်မီ ဆည်မည် ဆိုလျှင်လည်း ဆည်ရန်၊ ဘဏ္ဍာငွေလျော်ကြေးပေးမည်ဆိုလျှင်လည်း ဝန်ကြီးဌာနကို ပြန်လျော် ပေးရန် လိုအပ်ပါကြောင်း၊ မိမိ အဓိကတင်ပြသည်မှာ ၎င်းတာတမံ ပြီးမြောက်ရေးအတွက် မည်သို့ဆက်လုပ်မည်နည်း၊အဘယ့်ကြောင့်ဆိုသော် ရေငန်တားခြင်းများသည် တစ်မိုးကုန်လျှင် တစ်မိုးရောက် သိမ်ကျုံပြီး၊ ချုံ့ပြီး နောက်သုံးနှစ်လောက်ဆို လျှင် တာရိုးပါပျောက်နိုင်ကြောင်း၊ ယခုနှစ်နှစ်ကျော်လာကြောင်း၊ လယ်သမားများက ယခုအခြေအနေတွင် ကိုယ်ထူကိုယ်ထ ဖြင့်၎င်းကို ပျက်စီးမခံချင်၍ ဝိုင်းပြီးလုပ်နေကြကြောင်း၊ထို့ကြောင့် မိမိအနေဖြင့် တင်ပြသည်မှာ ၎င်းလျော်ကြေးပေးသည့်ငွေဆိုသည်မှာလည်း နိုင်ငံတော်ထဲကို ပြန်ရောက်မည်ဖြစ်ကြောင်း၊ ထို့အတွက်ကုမ္ပဏီနှင့် သက်ဆိုင်ရာလယ်သမားများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ၎င်းတာတမံ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးမည်ဆိုလျှင် နှစ်ဖက်နှစ်လမ်း အကျိုးရှိပါ ကြောင်း၊ မိမိတို့ကလည်း ဝိုင်းဝန်းပြီး ကူညီပါမည်ဖြစ်ကြောင်း၊ လယ်သမားများကလည်း စပြီး ဆည်ဖို့နေ ကြကြောင်း၊ ချောင်းများပိတ်ရန်လည်း ကြိုးစားနေကြကြောင်း၊ သို့သော် ဆင်းရဲ သည့်အတွက် လယ်သမားများ မတတ်နိုင်ပါကြောင်း၊ ၎င်းကို မည်သို့ကူညီဆောင်ရွက်ပေးမည် ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်းသည် အင်မတန် လျော်ကန်သင့်မြတ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိမိသုံးသပ်တင်ပြချက်နှင့်အညီ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကို ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့်စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်အတွက်ကိုလည်း အသိပေးအကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါကြောင်း ၊မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း အချိန်အခါမီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကို ဆက်လက်အသိပေး အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
