ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမ နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၆၅)ဦး တက်ရောက်သည်။
၂။ ( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်ကျော်ဦး၊ လှိုင် မဲဆန္ဒနယ်က မေးမြန်းသော စည်ပင်သာယာလုပ်ငန်း များ ဆောင်ရွက်ရာတွင် မလွတ်ကင်းသော ထရန်စဖော်မာများ၊ လျှပ်စစ်မီးတိုင်များ အချိန်မီရွှေ့ပြောင်းနိုင်ရန်အတွက် မည်သူက တာဝန်ယူဆောင်ရွက်မည်၊ မည်သည့် ဘတ်ဂျက်ဖြင့်ဆောင်ရွက်မည်ကို မူဝါဒ၊ လုပ်ထုံးလုပ်နည်းတစ်ရပ် တိတိကျကျချမှတ် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပါဝင်ပတ်သက်သည့် ဌာနများကို ကြိုတင်ချပြဆောင်ရွက်သွားရန်၊ ဌာနတစ်ခုနှင့် တစ်ခု ညှိနှိုင်း၍ လုပ်ငန်းနှင့် ဘတ်ဂျက်လျာထားဆောင်ရွက်သွားကြရန်၊ တိုးချဲ့ တည်ဆောက်လိုသည့်ဌာနမှ ပြောင်းရွှေ့တည်ဆောက်ပေးရမည့်ဌာနအတွက် ကုန်ကျ စရိတ်ကို တာဝန်ယူဆောင်ရွက်ပေးသွားရန်လည်း မူချမှတ်ထားရှိပြီးဖြစ်ပါကြောင်း နှင့် နောင်တွင် အလားတူကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က မေးမြန်းသော စဉ့်ဝင်ကျေးရွာ အုပ်စု၊ စေတီဖြူရွာနှင့် ရွာသစ်ကျေးရွာသို့ သွယ်တန်းဖြန့်ဖြူးပေးထားသော လျှပ်စစ် ဓာတ်အားများ အပြည့်အဝအသုံးပြုရန်နှင့် နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ တွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးထွန်းမြအောင်(ခ)ဦးစောထွန်းမြအောင်၊ ဖာပွန် မဲဆန္ဒနယ်က မေးမြန်းသော ဖာပွန်မြို့ လျှပ်စစ်ဓာတ်အား သွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ADB ချေးငွေစီမံကိန်းဖြင့် ဆောင်ရွက်ပေးသွားရန် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဖေသန်း၊ မြေပုံ မဲဆန္ဒနယ်က မေးမြန်းသော မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ထုံးကျိန်လွင်ပြင် လယ်သမားတာ ပြီးမြောက်ရေးအတွက် မည်သို့ကူညီဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စာချုပ်ပါစည်းကမ်း သတ်မှတ်ချက်အရ (၃)နှစ်အာမခံချက်ပေးရမည်ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ၎င်းကုမ္ပဏီကို လုပ်ငန်းတန်ဖိုးငွေများ ပြန်လည်ပေးလျော်စေခြင်း သို့မဟုတ် လုပ်ငန်းများပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် ကြီးကြပ် စီမံစေခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးစဲကီကော်၊ မိုင်းခတ် မဲဆန္ဒနယ်က မေးမြန်းသော မိုင်းခတ်မြို့နယ်၊ မိုင်းနုံးကျေးရွာ အုပ်စုရှိ (ခမ်းနွဲ့)ရေသွယ်မြောင်း (၁၁၅၀)ပေနှင့် ဝမ်ခုတ်ကျေးရွာအုပ်စုရှိ (ဖိုင်တင်း) (၁၀၃၀)ပေ ရေသွယ်မြောင်းတို့ကို စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ကျောက်စီနံရံထိန်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အနီးစပ်ဆုံး ဘဏ္ဍာနှစ်၌ ပြည်နယ်အတွင်း ဦးစားပေး လုပ်ငန်းအစီအစဉ်များအရ ရန်ပုံငွေထည့်သွင်းလျာထားဆောင်ရွက်၍ ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးစတီဖန်၊ ကျိုင်းတုံ မဲဆန္ဒနယ်က မေးမြန်းသော ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအုပ်စု၊ ဖိုင်ပါဆန်ဆည် ရေတားဆည်တမံအသစ်တစ်ခုနှင့် ဆည်ရေသွင်း မြောင်းအား ပြန်လည်ပြုပြင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါနှစ်အတွင်း ရန်ပုံငွေခွဲဝေရရှိခြင်းမရှိပါက နောင်ဘဏ္ဍာနှစ် များတွင် ဆက်လက်တင်ပြတောင်းခံ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်သူများအား ဥပဒေအရ အပြစ်ပေးနိုင်ရန် အလို့ငှာ နည်းဥပဒေကိုပြင်ဆင်ခြင်း နည်း သို့မဟုတ် တရားစွဲဆိုမည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေးအပ်ခြင်းနည်း (၂)မျိုးမှ တစ်မျိုးမျိုးကို ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖောက်ဖျက်ကျူးလွန်သူ များကို ဥပဒေအရ အပြစ်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် “လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်” ဆိုသည့် စကားရပ်အား “မည်သူမဆို” ဆိုသည့် စကားရပ်နှင့် ပြင်ဆင်နိုင်ရေးအတွက်ကို ပြင်ဆင်ပြဌာန်းမည့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့်စပ်လျဉ်းပြီး ထည့်သွင်းရန် လွှတ်တော်သို့တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ဥပဒေကြမ်းကော်တီ၏ ထပ်မံပြင်ဆင်ချက် (၃)ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက် အတိုင်း ထားရှိသင့်သည့်အချက် (၄)ချက် စုစုပေါင်းအချက် (၇)ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က)နှင့် (ခ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( ဂ ) အစီရင်ခံစာ(၃)ခုတင်ပြခြင်း
ပြည်သူ့ငွေစာရင်းကော်မတီ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့က နှစ်ပတ်လည် အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာ (၃)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၃-၁၂-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ မည့်ရက်ကို ၄-၁၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
