သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးဦးစွာ ဆေးရုံဖြစ်မြောက်ရေး ကော်မတီ၊ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းပြီး သပိတ်ကျင်းမြို့နယ်၊ ကုသရေး ဦးစီးမှူးနှင့်တွေ့ဆုံ ဆွေးနွေးတိုင်ပင်ပြီး မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းစီမံချက်များရေးဆွဲပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဆေးရုံတည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်လျှောက်ထားရန်အတွက် လုပ်ငန်းစာ များကို မြို့နယ်ကုသရေးဦးစီးမှူးရုံးကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်ကုသရေး ဦးစီးမှူးရုံး မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ကုသရေး ဦးစီးမှူးရုံး၊ ထိုမှတစ်ဆင့် နေပြည်တော် ကုသရေး ဦးစီးဌာန (ရုံးချုပ်)ကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ပေး ပို့တင်ပြပြီး ဖြစ်ပါကြောင်း၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ ၆-၇-၂၀၁၇ ရက်စွဲပါစာဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်း မိမိအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လက ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းထားသည့် အပေါ်တွင် ပြန်လည်ဖြေဆို ထားချက်ကို သိရှိရပါကြောင်း၊
ဆေးရုံဖြစ်မြောက်ရေး ကော်မတီအနေဖြင့်လည်း ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတည်ဆောက်ရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စံကိုက် အဆောက်အဦ အင်္ဂါရပ်များနှင့်အညီ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ကြိုးစားပြီး တည်ဆောက်လာသည့်အတွက် ပြီးစီးလုနီးပါး ဖြစ်ပါကြောင်း၊ ခန့်မှန်းတွက်ချက်မှုများ အရ လုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဟု ဆိုရမည် ဖြစ်ပါကြောင်း၊ အလှူရှင်များ အနေဖြင့် မိမိတို့ ဦးစွာမတည်လှူဒါန်းခဲ့သည့် ပင်မဆောင် အလှူရှင်များအပြင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီများ၏ လှူဒါန်းငွေ၊ အခြားစီးပွားရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေနှင့် ကျေးရွာသူကျေးရွာ သားများ၏ လှူဒါန်းငွေများဖြင့် စုပေါင်းပြီး တည်ဆောက်ထားမှုသည် လက်ရှိတွင် လေးနှစ်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ဇရပ်ကွင်း ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ၏ မျက်နှာစာအတွက် ဇရပ်ကွင်းရွာက စက်သုံးဆီ ရောင်းဝယ်ရေး၊ Golden Key ဆီပန့်ဆိုင် မိသားစုက လှူဒါန်းထားခြင်း ဖြစ်ပါကြောင်း၊ ဧရိယာ အကျယ်အားဖြင့် ၅.၇၃ ဧကရှိပြီး မြေစာရင်းပုံစံ(၁၀၅)လည်း မိမိတို့ လက်ဝယ်ရရှိထားပြီး ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်ဆေးရုံဖြင့် ၁၆ မိုင်ကွာဝေးပြီး မန္တလေး-မိုးကုတ် ကားလမ်း နံဘေးတွင် တည်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာအုပ်စု ငါးအုပ်စု၊ ကျေးရွာပေါင်း ၃၂ ရွာဖြင့် လူဦးရေ လေးသောင်းကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာဝန်ကြီးအတွက် တည်ဆောက်ထားသည့် နေအိမ်အဆောက်အဦ၊ သူနာပြု ဆရာမများအတွက် အဆောက်အဦနှင့် ရေစင်တို့ကို ဇရပ်ကွင်းရွာက Lucky စားသောက်ဆိုင် မိသားစုက လှူဒါန်းထား ခြင်းဖြစ်ပြီး အပေါ်ရေကန်နှင့် အောက် Air Compressor ထားမည့် စက်ခန်းနှင့် တွဲပြီး တည်ဆောက် ထားခြင်း ဖြစ်ပါကြောင်း၊ တစ်နာရီကို ရေဂါလန် ၂၀၀၀ ထုတ်နိုင်မည့် စက်ရေတွင်းကို တူးပြီး ဖြစ်ပါကြောင်း၊ ၁၀၀ ကေဗွီ ထရန်စဖော်မာကို ဇရပ်ကွင်းရွာ ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီ ၏ ကော်မတီရန်ပုံငွေမှကျခံပြီးထည့်ဝင်လှူဒါန်းထားသည့် ထရန်စဖော်မာ ဖြစ်ပါကြောင်း၊ အများသုံး ရေချိုးကန်ကို ဇရပ်ကွင်းရွာ ကျော်စတိုး မိသားစုက လှူဒါန်းထားကြောင်း၊ ဆေးရုံ၏ အလယ်ရှိ အဆောက်အဦသည် ခွဲစိတ်ခန်းဖြစ်ပြီး ဘေးနှစ်ဖက်သည် အမျိုးသား/အမျိုးသမီး သန့်စင်ခန်းများ ဖြစ်ပါကြောင်း၊ အခြားဆေးရုံဝန်ထမ်းများအတွက် အဆောက်အဦနှင့် ရင်ခွဲရုံ တို့ရှိပါကြောင်း၊ မိမိတင်ပြခဲ့သည့် ဇရပ်ကွင်းကျေးရွာ ကိုယ်ထူကိုယ်ထတိုက်နယ် ဆေးရုံဖွင့်လှစ်ခွင့် ရရှိမည်ဆိုပါက ပတ်ဝန်းကျင်ကျေးရွာအုပ်စုငါးအုပ်စုနှင့် ကျေးရွာပေါင်း ၃၀ ကျော်၊ လူဦးရေပေါင်း လေးသောင်း ကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုကို အနီးကပ် ပြုစုစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်သည့်အတွက် ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို အမြန်ချထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်း ကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၏ ကိုယ်ထူကိုယ်ထ တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ကို အမြန်ဆုံး ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းနှင့် ပက်သက်၍ ၎င်းကိစ္စသည် လွှတ်တော်ကိုယ်စားလှယ်ကြီးပြောခဲ့သည့်အတိုင်း ၂၀၁၅ ခုနှစ်မှစတင်ပြီး ယခုအထိ မပြီးသေးသည့် သဘောဖြစ်နေပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အုန်းဇုန်း ကျေးရွာအုပ်စု၊ ဇရပ်ကွင်း ကျေးရွာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ရက်စွဲပါစာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြထားပြီး ဖြစ်သဖြင့် ခွင့်ပြုချက် ရပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို မိမိတို့ ဖြေကြားခဲ့ပါကြောင်း၊ သို့သော် မိမိတို့တင်ထားသည်မှာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ရောက်နေပါပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ရုံးကသဘောတူပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးတင်ပြီး နောက်ဆုံးအဆင့်ကို ရောက်ကြောင်း၊ သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၁၉ ခုနှစ် ရက်စွဲပါ စာအမှတ်(၈/၄၂၆) ဖွဲ့စည်းပုံ/ အဖရ-၂၀၁၉ ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း၊ ဝန်ထမ်းသစ်ခန့်ထားခြင်းတို့နှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရန် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအစီရင်ခံစာအပေါ် အခြေခံသော အမိန့်ကြော်ငြာ စာထုတ်ပြီးမှသာ အဆိုပါအမိန့်ကြော်ငြာစာတွင်ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြ ရန် အမှုတွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပြန်ပေးပါကြောင်း၊ ပြန်ပေးလိုက်သည့် အချိန်တွင် တင်ပြခဲ့သည့် ဝန်ထမ်းဖွဲ့စည်းပုံအသစ်ကို အမိန့်က မည်ကဲ့သို့ ထွက်လာပါသလဲဆိုပြီး ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်းနှင့် ဝန်ထမ်းသစ်ခန့်ထားခြင်းတို့အတွက် လိုက်နာဆောင်ရွက် ရမည့်မူဝါဒများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၆-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၃၇/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်ကြော်ငြာစာပါ နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းပုံဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့မှ ၂၈-၆-၂၀၁၉ ရက်စွဲပါစာအမှတ် (စစတ/ဖဆပ-၁)/၄၅၅(၁၁၈၄/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီပြုစု၍ ပြန်တင်ပြရန် ဆိုပြီး မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အကြောင်းကြားပါကြောင်း၊ ဇွန်လ ၆ ရက်နေ့တွင် ထုတ်သည်အတိအကျ ရှိပါကြောင်း၊ ၎င်းတို့တွင် အဆင့်ဆင့်လုပ်မည့်ကိစ္စများအတွက် အစီအစဉ် ရှိပါကြောင်းကို အကုန်လုံး မိမိတို့ ပြန်ချထားပါကြောင်း၊ ၎င်းပုံစံအတိုင်း မိမိတို့က ပြန်လုပ်ရသည့်အတွက် ယခုကဲ့သို့ ကြာနေခြင်း ဖြစ်ပါကြောင်း၊
ဇရပ်ကွင်း တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရန်အတွက် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် ကုသရေး ဦးစီးဌာန အောက်ရှိ သက်ဆိုင်ရာ ဌာနများကို (၃၇/၂၀၁၉)အမိန့် ကြော်ငြာစာ၊ မူဝါဒများနှင့်အညီ အချက်အလက်များကို တောင်းခံပါကြောင်း၊ တောင်းခံပြီး စီမံကိန်း နှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အချက်အလက်များကို ပြုစု၍ ကုသရေးဦးစီးဌာနမှ ၁၅-၈-၂၀၁၉ ရက်စွဲပါ စာအမှတ် (ကမပ/ဃ-၁၅/၃၅၃)ဖြင့် ဖွဲ့စည်းပုံ အဆိုပြုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပြန်လည်တင်ပြခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂-၉-၂၀၁၉ ရက်စွဲပါ စာအမှတ်(၆၁/မခ(ထ)၂၀၁၉(၃၂၉၆)/၁၄၆၈၈ ဖြင့် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါသဖြင့် သဘောတူညီချက် ရပြီဆိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ဆက်လက်တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ် သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ လိုအပ်ချက် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ ဒေသခံမြို့မိမြို့ဖတို့က တောင်းဆိုသည့် အချက်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ရောက်လာပါကြောင်း၊ ရောက်လာသည့်အချိန်တွင် မိမိတို့အောက်တွင် ရှိသည့် ဦးစီးဌာနများကို ဝန်ထမ်းခန့်အပ်မည့် အစီအစဉ်၊ ပစ္စည်း ဖြည့်ဆည်းမည့် အစီအစဉ်၊ မြေနှင့် အဆောက်အဦ ရှိ/မရှိ အကုန်တွက်ခိုင်းပါကြောင်း၊ တွက်ပြီး ပြန်တက် လာပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကို ပို့ရပါကြောင်း၊ အဆောက်အဦ အတွက် မြေနေရာ သုံးစွဲမှု၊ လုံလောက်မှု ရှိ/မရှိ၊ အဆောက်အဦ ထပ်မံဆောက်လုပ်ရန် ရှိ/မရှိ၊ မြေပြင် အမှန်တကယ် လိုအပ်ချက်ရှိပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရထံ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပို့လိုက်ရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် သဘောတူသည် ဆိုပါက မိမိတို့ထံ ပြန်ရောက်လာပါကြောင်း၊ မိမိတို့ထံ ပြန်ရောက်သည့်အချိန်တွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံဆီကို မိမိတို့ တင်ရပါကြောင်း၊ တင်သည့်အချိန်တွင် ၎င်းတို့က သဘောတူပါက မိမိတို့ထံ ပြန်ရောက်လာပါကြောင်း၊ ပြန်ရောက်သည့်အချိန်တွင် မိမိတို့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန လစာငွေကိစ္စ ရသုံးမှန်းခြေစာရင်းအင်းဦးစီးဌာနထံကို ပြန်ပို့လိုက်ရပါကြောင်း၊ ၎င်းစာရင်းဦးစီး ဌာနက ကျေနပ်ပြီ၊ ပိုက်ဆံရှိမည်၊ ၎င်းကို လုပ်မည်ဆိုပါက မိမိတို့ ပြန်လာပါကြောင်း၊ ပြန်လာသည့် အချိန်တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်လိုက်ရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တင်သည့်အတွက် သဘောတူသည်ဆိုပါက ပြန်ကျလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တင်ရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး Cabinet က သဘောတူမှသာလျှင် မိမိတို့သည် အမိန့်ကြော်ငြာစာထုတ်ပြီး ထုတ်ပြန်ခြင်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် ၎င်း Process များသည် ထိုကဲ့သို့ ကြာနေသည့်အတွက် မိမိတို့သည် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ မိမက ပေးမည် ဖြေခဲ့ကြောင်း၊ သို့သော် ၎င်းတို့ကို မိမိတို့က မပေးနိုင်သေးသည့်အကြောင်းမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၁၉၃ ခု မိမိတို့ တင်ထားပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ စံကိုက်သည့် ကိုးခု တင်ထားပါကြောင်း၊ ဖွဲ့စည်းပုံအသစ် ၄၁ ခု တင်ထားပါကြောင်း၊ (၁၆) ခုတင် တိုက်နယ်ဆေးရုံအသစ် တစ်ခု၊ ဖွဲ့စည်းပုံအသစ် ၂၄ ခု၊ (၁၆) ခုတင်မှ (၂၅) ခုတင် တိုးခြင်း ငါးခု၊ (၂၅) ခုတင်မှ ခုတင် (၅၀) တိုးခြင်းသည် ခုနစ်ခု၊ တိုင်းရင်းဆေးတွင် ဆေးရုံ တစ်ရုံ၊ အခြား ဘက်တွင်လည်း ရှိပါကြောင်း၊ ခုတင် (၅၀) မှ ခုတင်(၁၀၀) တိုးခြင်း သုံးခုတင်ထားပါကြောင်း၊ ခုတင်(၂၀၀) ဆံ့ အမျိုးသမီးနှင့် ကလေး ဆေးရုံအသစ်က တစ်ခုတင်ထားပါကြောင်း၊ ခုတင် (၃၀၀) အောင်ဆန်း တီဘီရောဂါ အထူးကု ဆေးရုံကြီးက တစ်ခု၊ စုစုပေါင်း ပြန်တင်ထားသည့် ကိစ္စသည် ၂၈၈ ခု ရှိနေပါကြောင်း၊ ၎င်း၂၈၈ ခုသည် သေချာပါကြောင်း၊ ပြန်ကျမည်ဖြစ်ပါကြောင်း၊ အနှေးနှင့် အမြန်ပြန်ကျမည် ဖြစ်ပါကြောင်း၊ သို့သော် မိမိတင်ပြလိုသည်က မိမိတို့အားလုံးစဉ်းစားရမည့် အချက်သည် ထိုကဲ့သို့ ရှုပ်ထွေးသည့်ကိစ္စကြီးကို အလွယ်ဆုံးနှင့် အမြန်ဆုံး မိမိတို့စဉ်းစားရန် လိုပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီးက တောင်းဆိုခြင်းသည် တကယ်လိုသည့်အတွက် တောင်းခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်နိုင်ပါက ယနေ့တောင်းနောက်နေ့တောင် မိမိကချပေးချင် သည့်အထိ စိတ်ရှိပါကြောင်း၊ သို့သော် မိမိတို့သည် ၎င်းကဲ့သို့လုပ်၍ မရကြောင်း၊ အစိုးရအဖွဲ့ အစည်းကို တင်ရသည့်အတွက် အကုန်လုံး၎င်းအဆင့်များကို လုပ်သည့်အတွက် ၎င်းစနစ်ကြီးကို မိမိ အကူအညီတောင်းလိုသည်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ရှိသည့် ကျန်းမာရေး နှင့် အားကစားကော်မတီမှ၊ ၎င်းကို နည်းနည်းစိစစ်ပြီး မိမိတို့ကို ပြန်ပြောမည်ဆိုပါက မိမိတို့ကသာ အထက်ကိုတင်ပြီး ၎င်းကိုအလွယ်ဆုံးနှင့် အမြန်ဆုံး မည်ကဲ့သို့ လုပ်မည်ဆိုသည်ကို မိမိတို့ စဉ်းစားရန် လိုပါကြောင်း၊ ၎င်းအချိန်တွင် ထိုကဲ့သို့စဉ်းစားပြီးမှ တစ်ပြိုင်တည်း မိမိတို့ တင်သင့် သည့်ကိစ္စလား၊ ၎င်းအဖွဲ့များ ၁၊ ၂၊ ၃၊ ၄၊ ၅ ကို တစ်ပြိုင်တည်း မိမိတို့တင်မလား၊ တစ်ရပြီးပါက တစ်ပြိုင်တည်း တင်လို့ရနိုင်သည့် အခြေအနေ ရှိပါကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့်မသွားခြင်းမျိုး မဟုတ်ဘဲ ၎င်းကိစ္စများအားလုံးကို မိမိမှ လေးစားစွာ မေတ္တာ ရပ်ခံပါကြောင်း ဖြေကြားပါသည်။
