(ဆ)-အာဟာရပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော စားကျက်မြေများ ဖြစ်ပေါ်စေရေးအတွက် စားကျက်မြေ များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ လုပ်ငန်းဆက်စပ်မှုရှိသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့(၁၉.၁၁.၂၀၁၉)

 

အာဟာရပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော စားကျက်မြေများ ဖြစ်ပေါ်စေရေးအတွက် စားကျက်မြေ များကို လက်ရှိစီမံခန့်ခွဲနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ လုပ်ငန်းဆက်စပ်မှုရှိသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

လက်ရှိ စီမံခန့်ခွဲနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရှိနေသည့် စားကျက်မြေများကို လုပ်ငန်းဆက်စပ်မှုရှိသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်ကို လွှဲပြောင်း နိုင်ခြင်း ရှိ/မရှိ နှင့်ပတ်သက်သည့် မေးခွန်း ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံသည် မွေးမြူရေး ဆိတ်၊ ကျွဲ၊ နွား စသည့် အကောင်များကို တရားဝင်နိုင်ငံခြားကို တင်ပို့ရောင်းချခွင့်ပြုပြီးဖြစ်ကြောင်း၊  ထို့ကြောင့် မွေးမြူရေးလုပ်ငန်းသည် ကျေးရွာများတွင် တဖြည်းဖြည်းထွန်းကားလာမည့်အခြေအနေ ရှိပါ ကြောင်း၊ အာဟာရပြည့်ဝသည့်၊ ကောင်းမွန်သည့် စားကျက်များ လိုအပ်လာပြီ ဖြစ်သည့်အတွက် ၎င်းမေးခွန်းကို မေးရခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကတည်းက အင်္ဂလိပ်အစိုးရသည် စားကျက်မြေများကိုထားခဲ့ပြီး နယ်တိုင်းရှိ အကျိုးသက်ရောက်မှုရှိသည့် အုပ်ချုပ်ရေးဌာနကို စီမံခန့်ခွဲရန် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဝန်ကြီးဌာနပေါင်းစုံသည် ကျေးရွာများ အထိ ခရီးပေါက်နေပြီဖြစ်သည့်အတွက် ၎င်းစားကျက်မြေများကို သက်ဆိုင်ရာ ဦးစီးဌာနများ အောက်ကို လွှဲပြောင်းပေးနိုင်ရန်၊ လွှဲပြောင်းပေးချိန်ရောက်ပြီဟု ယူဆသည့်အတွက် မေးရခြင်း ဖြစ်ပါကြောင်း၊ များပြားလှသည့် စားကျက်မြေများကို ယခုကာလအရှည်ကြာအောင် ထိန်းသိမ်းထား နိုင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း၊ မိမိ၏ မေးခွန်းနှင့်ပတ်သက်ပြီး စားကျက်မြေများကို အရေအတွက်အားဖြင့် လည်းကောင်း၊ အရည်အသွေး အားဖြင့်လည်းကောင်း အချက်နှစ်ချက်ဖြင့် မေးမြန်းတင်ပြမည် ဖြစ်ကြောင်း၊

၁၉၆၂ ခုနှစ်မတိုင်ခင်အချိန်၌ မိမိတို့နိုင်ငံတွင် စားကျက်မြေပေါင်း ၉၀၀၀၀၀ ကျော် ရှိခဲ့ပါကြောင်း၊ ၎င်းသည် ၁၉၇၄ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းအရဖြစ်ကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် စားကျက်မြေဧရိယာသည် ၂၀၀၀၀၀ နီးပါးခန့် လျော့သွားပြီး ၇၆၀၀၀၀ ကျော်သာ ကျန်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ၇၂၀၀၀၀ ကျော်ထိ ၄၀၀၀၀ လောက်ထပ်ပြီး လျော့သွားခြင်း ဖြစ်ကြောင်း၊ လျော့သွားသည့် ပြည်နယ်များ တစ်ပြည်လုံးရှိ  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသည့် စားကျက်မြေများအလိုက် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် လေးမြို့နယ်သာ ကျန်ကြောင်း၊ ချင်းပြည်နယ်တွင် တစ်မြို့နယ်သာ ကျန်ကြောင်း၊ ၎င်းမြို့နယ်များသည် စားကျက် မြေများ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ မိမိတို့ မြို့နယ်များတွင် များစွာရှိသော်လည်း နေပြည်တော်သည် နောက်မှပေါ်သည့်အတွက် တစ်မြို့နယ်သာ ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ စုစုပေါင်း ယခုလက်ရှိရှိနေသည့် စားကျက်မြေဧရိယာများ အရေအတွက်အားဖြင့် လျော့ပါးသွား သည်ကို တင်ပြလိုခြင်းဖြစ်ကြောင်း၊

ဒုတိယပိုင်းအနေဖြင့် အရည်အသွေးအားဖြင့် မိမိပြောလိုကြောင်း၊ အရည်အသွေးအားဖြင့်လည်း စားကျက်မြေများသည် ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိပါကြောင်း၊ ၎င်းစားကျက်မြေများကို မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနအောက်ကို ပေးလိုက်မည်ဆိုပါက ယခုနောက်ပိုင်းတွင် စားကျက်မြေ များအတွက် စိုက်ပျိုးရန် ပိုမိုကောင်းမည့် ဂလိုဖာ၊ နေဗီယာ၊ အယ်ဖာဘာစသည့် မြက်များ၊ ပဲများကို စိုက်ပျိုးပြီး စားကျက်မြေများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စားကျက်မြေများကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်နိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်တွင်ရှိသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံကို ၎င်းစားကျက်မြေများကို လွှဲပြောင်းပေးအပ်နိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး အတွက် ကျွဲ/နွားများကို မှီခိုအားထားရသဖြင့် ယင်းကျွဲ/နွားများအတွက် အစာရေစာလုံလောက်  စေရန် စားကျက်မြေများကို ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ စားကျက်မြေဆိုသည်မှာ ကျွဲ/နွားများ အညောင်းညာပြေစေရန်၊ လွှတ်ကျောင်းမွေးမြူရန် အတွက်လည်းကောင်း၊ ကျွဲ/နွားများ အစာရေစာ ရရှိစေရန်အတွက်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခု သို့မဟုတ် နီးစပ်ရာ ကျေးရွာများ အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ထားသည့် မြေများကိုဆိုလိုကြောင်း၊

စားကျက်မြေသည် နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေအမျိုးအစားတွင် ပါဝင်ပြီး စားကျက်မြေ စီမံခန့်ခွဲခြင်း၊ စားကျက်မြေ တည်ထောင်ခြင်း၊ ထုတ်နုတ်ပယ်ဖျက်ခြင်းတို့နှင့် ပတ်သက်ပြီး ၁၈၇၆ ခုနှစ်၊ မြေနှင့် အခွန်အက်ဥပဒေ ပုဒ်မ ၂၀ နှင့် ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန် နည်းဥပဒေ ၆၆ မှ ၇၇၊  ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် နည်းဥပဒေ ၇၅ မှ ၇၉၊ မြေနှင့် အခွန် အမိန့်ဆင့်ဆိုချက် ၉၀ မှ ၁၀၈ အထိ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲ ဆောင်ရွက် ရပါကြောင်း၊ စားကျက်မြေများတွင် နေရာဒေသအလိုက် နှစ်ကာလများစွာကပင် အကြောင်း အမျိုးမျိုးကြောင့် ကျူးကျော်အသုံးပြုသူများရှိခဲ့သည့်အတွက် စာကျက်မြေများ မပျောက်ပျက်စေ ရန်နှင့် စားကျက်မြေကို ထပ်မံကျူးကျော်မှုမရှိစေရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါကြောင်း၊

အောက်မြန်မာနိုင်ငံ မြေနှင့် အခွန် နည်းဥပဒေ ၆၉၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် နည်းဥပဒေ ၇၈ တို့တွင် ကျွဲ/နွား စားကျက် တစ်စုံတစ်ရာကို  အပြီးသတ်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ပေး သည့်အခါ ၎င်း ကျွဲ/နွားစားကျက်မြေအတွင်း ပါဝင်သည့် မြေတစ်စုံတစ်ရာကို စာကျက်မြေ ပြုလုပ်ခြင်းကိစ္စမှအပ အခြားကိစ္စတစ်စုံတစ်ရာအတွက် လက်ရှိလုပ်ကိုင်သူ သို့မဟုတ် ကော်လိတ္တော် အရာရှိထံမှ အထူးခွင့်ပြုမိန့်မရဘဲ ၎င်းစာကျက်မြေတွင် ပေါက်ရောက်သည့် သစ်ပင်၊ ဝါးပင်၊ ချုံနွယ်များနှင့် မြက်များကို ခုတ်လှဲရွှေ့ပြောင်းသယ်ယူသူ မည်သူကိုမဆို အောက်မြန်မာ နိုင်ငံတွင် ဒဏ်ငွေ ၂၀၀ ကျပ်၊ ထောင်ဒဏ် တစ်လနှင့် အထက်မြန်မာနိုင်ငံတွင် ဒဏ်ငွေ ၅၀၊ ထောင်ဒဏ် ၁၅ ရက်ထိ ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားခဲ့ပါကြောင်း၊ ထို့ကြောင့် စားကျက်မြေများ သတ်မှတ်ခြင်း၊ ထိန်းသိမ်းဆောင်ရွက်ခြင်းများသည် ကျွဲ/နွားများ အတွက် အစာရေစာရရှိရန်အတွက်သာမကဘဲ သဘာဝအလျောက် သစ်ပင်ခြုံနွယ်များအတွင်း တိုးဝှေ့သွားလာခြင်း၊ လွှတ်ကျောင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် စားကျက်မြေများအတွင်း ပေါက်ရောက်သော သစ်ပင်၊ ဝါးပင်၊ ခြုံနွယ်များကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ကဏ္ဍများ လည်းပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊

စားကျက်မြေများကို နိုင်ငံတော်အကျိုးငှာလည်းကောင်း၊ အများပြည်သူအကျိုးငှာ                 လည်းကောင်း နီးစပ်ရာကျေးရွာများမှ စားကျက်မြေအဖြစ် အသုံးပြုမှုနည်းပါး၍သော်လည်း ကောင်း၊ မြို့မြေ၊ ရွာမြေတိုးချဲ့ခြင်း၊ လယ်ယာစိုက်ပျိုးမြေအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ ဘာသာရေး၊ သာသနာရေးဆိုင်ရာ လုပ်ငန်းများအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာမြေများအဖြစ် ပြောင်းလဲအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင် ရန်အတွက် စားကျက်မြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး လျှောက်ထားလာပါက အမှန်တကယ် လိုအပ်မှု ရှိ/မရှိ စိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဘောတူ ခွင့်ပြုချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပယ်ဖျက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

စားကျက်မြေ စီမံခန့်ခွဲခြင်းကိစ္စရပ်များကို တည်ဆဲဥပဒေများနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆက်စပ်မှုရှိသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စားကျက်မြေ စီမံခန့်ခွဲခြင်းကို တာဝန်ယူဆောင်ရွက်မည့် ဦးစီးဌာန၏ မြို့နယ်အလိုက် တည်ရှိမှု၊ လက်ရှိ ဝန်ထမ်းအင်အား အခြေအနေ၊ ယင်းတို့၏ အဓိက ကျွမ်းကျင်မှုဘာသာရပ်အခြေခံနောက်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများအားလုံးကို လွှမ်းခြုံနိုင်မှုအခြေအနေစသည့် အခြေအနေ အရပ်ရပ်ကို မူတည်ပြီး စဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း လွှဲပြောင်းပေးအပ် မည်ဆိုပါက လက်ရှိတည်ဆဲဥပဒေများကိုလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း‌၊

ထို့ကြောင့် စားကျက်မြေ စီမံခန့်ခွဲပိုင်ခွင့်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးရန် လက်ရှိတွင် အစီအစဉ် မရှိပါ ကြောင်းနှင့် အာဟာရပြည့်ဝပြီး ဖွံဖြိုးတိုးတက်သော စားကျက်မြေများ ဖြစ်ပေါ်စေရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တည်ဆဲမြေယာ ဥပဒေများနှင့်အညီ စားကျက်မြေအဖြစ် အသုံးပြုခွင့် လျှောက်ထားလာပါက မွေးမြူရေးနှင့် ကုသရေးဦးစီးပိုင် စားကျက်မြေများအဖြစ် တည်ထောင်သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။