(က)-အလယ်တန်းပြရာထူးတိုးမြှင့်ပေးရာတွင် P.P.T.T နှင့် D.T.Ed လက်မှတ်ရများ၏ ရာထူးတိုး အခွင့်အရေးကို မျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့(၁၉.၁၁.၂၀၁၉)

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ဆရာဆရာမ များ၏ တွေ့ဆုံပွဲများကို မြို့နယ်အလိုက် ဆောင်ရွက်ခဲ့ရာ အခြေခံပညာ ဆရာ/ဆရာမများမှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အလယ်တန်းပြ ရာထူးတိုးစာရင်းသည် D.T.Ed လက်မှတ်ရ ဆရာမများအနေဖြင့် ရာထူးတိုးစနစ် နစ်နာမှုများစွာ ရှိနေသဖြင့် တရားမျှတစွာ ဆောင်ရွက်ပေးစေလိုသည်ဟု တင်ပြခဲ့သည်ဟု သိရှိရကြောင်း၊ အလယ်တန်းပြ ရာထူး တိုးမြှင့်ရာတွင် D.T.Ed လက်မှတ်ရ ဆရာ/ဆရာမများအနေဖြင့် အောက်ပါအချက်များ တင်ပြထားသည်ကို သိရှိရကြောင်း-

          (၁) D.T.Ed လက်မှတ်ရ ဆရာ/ဆရာမများအနေဖြင့် အလယ်တန်းပြ လက်မှတ် ရရှိထား သော်လည်း အလယ်တန်းပြ ရာထူးတိုးမြှင့်ခန့်ထားရာတွင် P.P.T.T လက်မှတ်ရ ဆရာ/ဆရာမများကိုသာ ဦးစားပေး ခန့်ထား၍ နစ်နာခြင်း၊ (၂) တာဝန်ချထားရာတွင် D.T.Ed လက်မှတ်ရ ဆရာ/ဆရာမများအား ဝေးလံပြီး လူမှုရေး ခက်ခဲသည့် ဒေသများတွင် တာဝန်ချထား၍ P.P.T.T လက်မှတ်ရ ဆရာ/ဆရာမများအား မြို့နှင့်နီးရာ ဒေသများတွင်သာ တာဝန်ချထားပြီး ရာထူးတိုးမြှင့်ပေးရာတွင် P.P.T.T လက်မှတ်ရ ဆရာ/ဆရာမများအား ဦးစားပေး တိုးမြှင့်ခြင်းဖြစ်၍ တရားမျှတမှု မရှိခြင်း၊ (၃) ရာထူးတိုးမြှင့်ပေးရာတွင်လည်း ဝန်ထမ်းလုပ်သက် ရမှတ်တူပါက အသက်ကြီးသူကို ဦးစားပေးထားသဖြင့် D.T.Ed လက်မှတ်ရ ဆရာ/ဆရာမများအနေဖြင့် အသက်အရွယ် ငယ်ရွယ်သူ များပြားသည့်အတွက် နစ်နာခြင်း။ သို့ဖြစ်ရာ ရာထူးတိုးမြှင့် ခန့်ထားခြင်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုမှ ချမှတ်ထားသည့် မူဝါဒများနှင့်ပတ်သက်၍ အားနည်းချက်များအား ပြန်လည်သုံးသပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လုပ်ငန်းခွင်အကြို ဆရာ အတတ်သင်ပညာ ဒီပလိုမာ D.T.Ed နှစ်နှစ် သင်တန်းဆင်းများကို ဆရာသင်ပညာ ဒီပလိုမာ သင်တန်းဆင်း လက်မှတ်ပေးအပ် ချီးမြှင့်ခဲ့ကြောင်း၊ ထိုနည်းတူစွာ တက္ကသိုလ်များမှ ဘွဲ့၊ သင်ကြားရေးဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိပြီး မူလတန်း ဆရာအတတ်သင်ပညာ P.P.T.T တစ်နှစ် သင်တန်းမှ သင်တန်းဆင်းများကိုလည်း မူလတန်းပညာ အတတ်ပညာ သင်တန်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ပါကြောင်း၊

P.P.T.T သင်တန်းဆင်းများနှင့် D.T.Ed သင်တန်းဆင်းများအား အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများသို့ မူလတန်းပြ ဆရာ/ဆရာမများအဖြစ် စတင် ခန့်အပ် တာဝန်ပေးပြီး လုပ်သက်နှစ်နှစ် ပြည့်သည့်အချိန်တွင် အလယ်တန်းပြ ရာထူးသို့ တန်းတူ ရာထူးတိုးလျှောက်လွှာ တင်ခွင့်ပြုပါကြောင်း၊ ရာထူးတိုး လျှောက်လွှာတင် လျှောက် ထားရာတွင် P.P.T.T သင်တန်းဆင်းများအနေဖြင့် မူလတန်းဆရာအတတ်သင် ပညာ သင်တန်းဆင်း လက်မှတ် ရရှိခဲ့ပြီး တက္ကသိုလ်တစ်ခုခုမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ ပန်းချီ၊ ဂီတပညာဆိုင်ရာ ဘွဲ့ရရှိသူများ ဖြစ်ကြကြောင်း၊

D.T.Ed သင်တန်းဆင်းများသည် တက္ကသိုလ်မှ ဘွဲ့ရရှိခြင်း မရှိသေးသော်လည်း ဆရာ အတတ်သင်ပညာ ဒီပလိုမာသင်တန်းဆင်း လက်မှတ် ရရှိပြီးဖြစ်သည့်အတွက်  အလယ် တန်းပြရာထူးတိုး အခွင့်အရေးကို တန်းတူ လျှောက်ထားခွင့် ပြုထားပါကြောင်း၊  ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် မူလတန်းပြမှ အလယ်တန်းပြသို့ ရာထူးတိုး ဆောင်ရွက်ရာတွင် ဆန္ဒပြုလျှောက်ထားကြသည့် P.P.T.T သင်တန်းဆင်းနှင့် D.T.Ed သင်တန်းဆင်း မူလတန်းပြ ဆရာ/ဆရာမများအား ရာထူးတိုးမူ တစ်ခုတည်း၊ တန်းစီဇယား တစ်မျိုးတည်း ရေးဆွဲပြီး လုပ်သက်ရမှတ်၊ တန်းစီဇယား၊ မဲများရမှတ်၊ ဆန္ဒပြုဒေသ၏ လစ်လပ်မှုအပေါ် မူတည်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ဆန္ဒပြု လျှောက်ထားသူများသည် တူညီသော ကျောင်းတစ်ကျောင်းတည်းကို ပြိုင်တူ လျှောက်ထားလာသည့် အခြေအနေမျိုးတွင် လုပ်သက်ရမှတ် တူညီနေပါက လက်ရှိရာထူးမှ အလုပ်ဝင် ရက်စွဲ၊ မွေးသက္ကရာဇ်၊ ကျောင်းအဆင့်၊ ကျောင်းတည်နေရာ၊ လက်ရှိကျောင်းတွင် အမှုထမ်းဆောင်သက် အစရှိသည်တို့ကို အဆင့်ဆင့် စိစစ်ဆောင်ရွက်ရပါကြောင်းနှင့် ရာထူးတိုး သာတူညီမျှ ရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ဆောင်ရွက်ပြီး တန်းစီ ဇယားများကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။