ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့(၁၄.၁၁.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၈၃)ဦး တက်ရောက်သည်။          

၂။       (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးသိန်းတန်၊ လှည်းကူး မဲဆန္ဒနယ်က မေးမြန်းသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနက ဖွင့်လှစ်ခဲ့သော ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre )၏ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အဦတွင် ပါတီအလံများ     ထောင်ထားခြင်းတို့သည် တရားဝင်မှု ရှိ၊ မရှိသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက MCT ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို တာဝန်ယူကြီးကြပ် ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ MCT ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ဖောင်ကြီးဒေသရှိ အဆောက်အဦသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပိုင်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ပုံသေပိုင်ပစ္စည်းစာရင်းတွင်လည်း ပါဝင်မှု မရှိသောကြောင့် ကျေးရွာပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်ရေးသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျေးရွာတို့ကသာ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)   ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က  မေးမြန်းသော ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုခဲ့သည့် e-government Master Plan (2016-2020)ကို မည်သည့်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်၍ မည်သည့်အချိန်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဦးဆောင်လျက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးတစ်ဦးစီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ UN E-Government Development Index (EGDI) အရ ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံ၏အဆင့်သည် ၁၆၉ ရှိခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အဆင့် ၁၅၇သို့ တိုးတက်ရောက်ရှိခဲ့ပါကြောင်းနှင့် အကျိုး ရှိစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သောကြောင့် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍မရှိဘဲ နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပြောင်းလဲဖြစ်ပေါ်လာမည့် လိုအပ်ချက်များကိုလည်း အမြဲတမ်းဆက်လက်ဆောင်ရွက် နေရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးထွန်းဝေ၊ ဖောင်းပြင် မဲဆန္ဒနယ်က မေးမြန်းသော ချင်းတွင်းမြစ်ဝှမ်းဒေသရှိ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် အထက်ပိုင်းဆုံးအထိကို ဆက်သွယ်ထားသည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီးအား လမ်းအဆင့်မြှင့်တင်ခြင်း နှင့် စပ်လျဉ်း၍ နှစ်အလိုက်မည်သို့ စီစဉ်ဆောင်ရွက်သွားမည်ကိုသိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားအားလုံး(၂)လမ်းသွား ကွန်ကရစ်တံတားအဆင့်ရရှိရေးနှင့်  Road Structure လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေထပ်မံလိုအပ်မည်ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဦးမြင့်ဦး၊ သနပ်ပင်  မဲဆန္ဒနယ်က  မေးမြန်းသော သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိ အမှတ်(၁၂)၊ (၁၀၀ x ၁၂) ပေ သံဘောင်သစ်သားခင်းတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးတင်အေး၊ မက်မန်း မဲဆန္ဒနယ်က မေးမြန်းသော  မက်မန်းမြို့နယ်ရှိ ရောင်ခွန် - ရောင်လိုင်း - ရောင်ကပ် ရောင်အူ(ဝ) ကျေးရွာချင်းဆက်မြေသားလမ်း (၁၇/၄) မိုင် အနက် ဖောက်လုပ်ရန် ကျန်ရှိနေသည့် (၅/၄) မိုင်အား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက (၁)မိုင်(၄)ဖာလုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် မြေသားလမ်းဖောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသော(၄)မိုင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သား မဲဆန္ဒနယ်က မေးမြန်းသော မြစ်သားမြို့နယ် အတွင်းရှိ အရေးပါလှသော Class (A) အဆင့်ရှိ လမ်းဖြစ်သည့် ခရုတုပ်-လက်ပံပင်-ကျားမြီးဆွဲ-ကလုံလမ်းကို လမ်းအဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောင်ရွက်ရန်ကျန်ရှိသော လမ်းအရှည် (၁)မိုင် (၄)ဖာလုံမှာ လှည်းလမ်းအဆင့်သာ ရှိပါသဖြင့် လမ်းနယ်ရရှိရေးအတွက် ညှိနှိုင်းပေးရန် လိုအပ် ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြား ခဲ့သည်။

                    (၇)   ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦး မဲဆန္ဒနယ်က မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ် ကျေးရွာနှင့် ကညင်တပင်ကျေးရွာကြားရှိ ဘောနီချောင်းကူးတံတားအား သံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင်ပါဝင်ခြင်း မရှိပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

( ခ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

             ( ဂ )   အစီရင်ခံစာ (၁)ခုတင်ပြခြင်း

                      တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီက အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၅-၁၁-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၁၉-၁၁-၂၀၁၉ ရက်    (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။