(ဆ)- ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာနှင့် ကညင်တပင်ကျေးရွာကြားရှိ ဘောနီချောင်းကူး တံတား အားသံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့(၁၄.၁၁.၂၀၁၉)

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အလွန်အရေးကြီး ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဟုဆိုလျှင် တစ်ပြိုင်နက်တည်းတွင် တံတားများသည် အရေး ပါလာရစမြဲ ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာငယ်မှအစ ဖွံ့ဖြိုးတိုးတက်ရန် လမ်း/တံတားကောင်းရန် အများကြီးလိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် လမ်း/တံတားများကို စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊

ဒိုက်ဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုနှင့် ဖွဲ့စည်းပြီး ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် တည်ဆောက်ခဲ့ပါကြောင်း၊ မြို့နယ်၏ဧရိယာအကျယ်အဝန်းသည် ၄၉၇.၀၃ စတုရန်း မိုင်ရှိပြီး တောင်နှင့်မြောက် ၂၅ မိုင်ခန့်ကွာဝေးပြီး အရှေ့၊ အနောက် မိုင် ၃၀ ခန့် ကွာဝေး ပါကြောင်း၊ မိမိမေးမြန်းသည့် ဘောနီချောင်းကူးတံတားသည် ဒိုက်ဦးမြို့၏တောင်ဘက် ၁၄ မိုင်ခန့်အကွာအဝေးတွင် ရှိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ဖြစ်သော လွှတ်တော်အစည်းအဝေးနားချိန်ကာလတွင် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ၎င်း တံတားကြီးကို ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် တင်ပြကြပါကြောင်း၊ နေ့စဉ်နှင့်အမျှ သွားလာနေရသော လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ကျန်းမာရေးကိစ္စနှင့် ပညာရေးကိစ္စဖြစ်သည့် ကျောင်းသားကျောင်းသူများကို ၎င်းတံတားကြီးက နှောင့်နှေးကြန့်ကြာစေခဲ့ပါကြောင်း၊

ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာနှင့် ကညင်တပင်ကျေးရွာကို ဘောနီချောင်းကြီးသည် ပိုင်းခြားထားပါကြောင်း၊ လက်ရှိတွင် ၎င်းဘောနီချောင်းကို သစ်သား တံတားဖြင့် ဆိုင်ကယ်၊ စက်ဘီး၊ လူသွားရန်အတွက် အရှည် ၁၂၀ ပေ၊ အကျယ် ၄ ပေ၊ အမြင့် ၁၃ ပေဖြင့် ကျေးရွာများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ၁၂ နှစ်ရှိပါကြောင်း၊ ယခုဆိုလျှင် တံတားမှာကြံ့ခိုင်မှုမရှိတော့ဘဲ သစ်သားများပြုတ်ထွက်၍ဆွေးမြည့်နေကြောင်း၊ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတလည်လည်ဆိုသည့် ဆိုရိုးစကား ရှိသော်လည်း ၎င်းဆိုရိုးစကားပုံထဲတွင် ထိုဘောနီချောင်းကူးတံတားကြီးမပါစေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် တံတားဟောင်း၊ တံတားအိုဆိုသည်မှာ ကြံ့ခိုင်မှုအားနည်းပြီး ကျဉ်းမြောင်းသည့်အတွက်ကြောင့် သွားလာမှုခက်ခဲပြီး ခရီးလမ်းကိုကြန့်ကြာ‌စေခဲ့ပါကြောင်း၊ ၎င်းကျေးရွာတွင် ရှိသည့် ပြည်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သောကြောင့် ချောင်းမြောင်းများလည်း ပေါများသကဲ့သို့ ကုန်ထုတ်စွမ်းအားလည်း များကြောင်း၊ ကုန်ထုတ် လမ်းသာရှိပြီး တံတားမရှိသောကြောင့် ကုန်စည်စီးဆင်းမှုကို နှောင့်နှေးကြန့်ကြာစေပါကြောင်း၊ ထိုကျေးရွာများမှာ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူနေအိမ်ခြေများပြားလာသည့် အတွက် ထိုတံတားကြီးမရှိမဖြစ် လိုအပ်ကြောင်း၊ ဗျိုင်းချယ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် အိမ်ထောင်စုပေါင်း ၃၂၀ နှင့် လူဦးရေ ၁၂၀၀ ကျော်နေထိုင်ပြီး တစ်ဖက်ကမ်းကျေးရွာဖြစ်သည့် ကညင်တပင်ကျေးရွာတွင် အိမ်ခြေ ၂၅၀၊ အိမ်ထောင်စု ၂၆၀ နှင့် လူဦးရေ ၁၀၀၀ ကျော်နေထိုင် လျက်ရှိပါကြောင်း၊ ထို့အပြင် ကဒုတ်ဘုရားကြီး ကျေးရွာ၊ ကဒုတ်ရွာမကျေးရွာ၊ တမံကြီး ကျေးရွာ၊ ပျဉ်ထောင်တွင်း ကျေးရွာ၊ ဘောနီကျေးရွာနှင့် ကုတ်ကိုင်းကျေးရွာများမှာလည်း ထိုကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း ရှိသောကြောင့် ထိုတံတားကြီးသည်ဒေသ တစ်ခုလုံး အတွက် အကျိုးပြုအသုံးချနိုင်မည်ဖြစ်ကြောင်း၊ ထိုတံတားကြီးကို အရှည် ၁၂၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၃ ပေရှိသည့် သံကူကွန်ကရစ်ကုန်ထုတ်တံတားအဖြစ် တည်‌ဆောက်ပေးမည်ဆိုပါက ထိုဒေသတစ်ခုလုံးတွင်ရှိသည့် လူဦးရေ ၁၀၀၀၀ ကျော် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာနှင့် ကညင်တပင်ကျေးရွာကြားရှိ ဘောနီ ချောင်းကူးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းချယ်ကျေးရွာနှင့် ကညင်တပင် ကျေးရွာ အကြားတွင် ဘောနီချောင်းကူးတံတားရှိပါကြောင်း၊ အဆိုပါ ဗျိုင်းချယ်ကျေးရွာနှင့် ကညင်တပင်ကျေးရွာဆက်သည့် လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကျေးလက် လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ပထမဦးဆုံးအနေဖြင့် ဆောင်ရွက် ရမယ့်ကိစ္စသည် ကိုယ်စားလှယ်တော်ကြီးမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စာရေးပို့ရမည် ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  အဆိုပါလမ်းကို ဒေသဖွံ့ဖြိုးရေးလမ်းအဖြစ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းပေးရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးအား စာဖြင့်တင်ပြတောင်းခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တရားဝင်ခွင့်ပြုချက်ရလျှင် လမ်းစာရင်း Gazette ပြီးသွားမှသာ ရန်ပုံငွေများတင်ပြတောင်းခံ၍ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။