မက်မန်းမြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင်ပါဝင်ပြီး အစွန်အဖျားတွင်တည်ရှိပါကြောင်း၊ အကျယ်အဝန်းအနေဖြင့် စတုရန်းမိုင်ပေါင်း ၁၁၆၈.၂၃ မိုင်၊ ဧရိယာဧကအနေဖြင့် ၇၄၇၆၆၆ ကျယ်ဝန်းပါကြောင်း၊ မြေပြန့်လွင်ပြင်နည်းပါးပြီး တောင်ထူထပ်သောမြို့နယ်ဖြစ်သည့်အတွက် သွားလာရေးခက်ခဲသည့်ဒေသလည်း ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပင်အထက် ၅၁၈၀ ပေတွင် တည်ရှိသော မြို့လည်းဖြစ်ပါကြောင်း၊ မက်မန်းမြို့နယ်တွင် ဝ၊ လွယ်လှ၊ လားအူ ရှမ်း တိုင်းရင်းသားများအများစုနေထိုင်ကြပြီး တောနက်၊ တောင်နက် များထူထပ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် တစ်နေရာနှင့်တစ်နေရာ သွားလာရာတွင် ခက်ခဲမှုများရှိသည့် အတွက် ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတို့အပြင် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသောမြို့နယ်လည်း ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးအနေဖြင့် မိုင်းပျဉ်း-မက်မန်းလမ်းမကြီးမှလွဲ၍ ကျန်ကျေးရွာချင်းဆက်လမ်းများ အနေဖြင့် အများအားဖြင့် မြေသားလမ်းနှင့် လူသွားလမ်းအဆင့်များသာဖြစ်သည်ကို တင်ပြလို ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ရပ်နားချိန်များတွင် ရွေးကောက်ခံနယ်မြေကို သွားရောက်ခဲ့စဉ် ဒေသခံမြို့မိမြို့ဖ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လိုအပ်ချက်မျာကို မေးမြန်းခဲ့ရာတွင် ကျေးရွာချင်းဆက် မြေသားလမ်း၊ ကျောက်ခင်းလမ်းများကိုသာ အဓိကထားဆောင်ရွက်ပေးရန် တောင်းဆိုလာပါကြောင်း၊ ကျေးရွာချင်းဆက် မြေသားလမ်း ၁၇ မိုင် ၄ ဖာလုံနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၀ မိုင်၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် နှစ်မိုင် ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ခွင့်ပြုခဲ့ပြီးသော ၁၂ မိုင်ကို ကုမ္ပဏီတစ်ခုက ရောင်ခွန်-ရောင်လိုင်း ခုနစ်မိုင်ဖောက်လုပ်ခဲ့သလို နောက်ကုမ္ပဏီတစ်ခုကလည်း ရောင်အူ-ရောင်ကပ်ဟူ၍ ငါးမိုင်ဖောက်လုပ်ခဲ့ပါကြောင်း၊ တစ်ဆက် တည်းမဖောက်လုပ်ဘဲ ဟိုဘက်ထိပ်ဒီဘက်ထိပ်ဖောက်လုပ်ခဲ့သည့်အတွက် ရောင်လိုင်-ရောက်ကပ် ရွာနှစ်ရွာအလယ်တွင်လွတ်နေပြီး တစ်ဆက်တည်းမဖြစ်သေးသည့်မြေသားလမ်းကို တင်ပြတောင်းခံ ခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်ဖောက်လုပ်ရန်ကျန်ရှိသော ကျေးရွာချင်းဆက် မြေသားလမ်း ၅ မိုင် ၄ ဖာလုံဖောက်လုပ်ပြီးပါက ဆိုရောကျေးရွာရှိ ရောင်ခွန်-ရောင်လိုင်း-ရောင်ကပ်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူလူထုအားလုံး ရောင်ဝကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်သလို မိုင်းပျဉ်းမြို့ကိုလည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးလက်နေဒေသခံတိုင်းရင်းသားပြည်သူလူထုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် များစွာအထောက်အကူပြုမည်ဖြစ်သည့်အတွက် ရောင်ခွန်-ရောင်လိုင်း-ရောင်ကပ်-ရောင်အူ(ဝ)ကျေးရွာချင်းဆက် မြေသားလမ်း ၁၇ မိုင် ၄ ဖာလုံ အနက် ဖောက်လုပ်ရန် ကျန်ရှိသည့် ၅ မိုင် ၄ ဖာလုံအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ရောင်ခွန်-ရောင်လိုင်း-ရောင်ကပ်-ရောင်အူ(ဝ)ကျေးရွာချင်းဆက် မြေသားလမ်းအရှည်သည် ၁၇ မိုင် ၄ ဖာလုံရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါ ကြောင်း၊ လက်ရှိအခြေအနေက ၁၇ မိုင် ၄ ဖာလုံ အနက် ၁၂ မိုင် ၄ ဖာလုံသည် မြေသားလမ်း ဖောက်လုပ်ခဲ့ပြီးဖြစ်သည့်အတွက် ၅ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ်ရန်ကျန်ပါကြောင်း၊ အဆိုပါ ၅ မိုင် ၄ ဖာလုံကျန်သည့်အထဲက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၁ မိုင် ၄ ဖာလုံ မြေသားလမ်းဖောက်လုပ်ရန် ရန်ပုံငွေရရှိပြီးဖြစ်သည့်အတွက် ၁ မိုင် ၄ ဖာလုံ ဖောက်လုပ်ပေးမည် ဖြစ်ပါတကြောင်း၊ ကျန်နေသော လေးမိုင်ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
