(ဃ)-သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိ အမှတ်(၁၂)၊ (၁၀၀ x ၁၂)ပေ သံပေါင်သစ်သားခင်းတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့(၁၄.၁၁.၂၀၁၉)

 

သနပ်ပင်-ကျွဲတဲလမ်းသည် သနပ်ပင်မြို့နယ်၏ ဗဟိုအချက်အချာတွင်တည်ရှိပြီး ကျေးရွာပေါင်း ၄၀ ကျော်ကို ဆက်သွယ်သွားလာရသော A-6 လမ်းဖြစ်ပါကြောင်း၊ ယင်းလမ်းပေါ်က ဉာဏ်ကျွန်းနှင့် သံကြိုးဝိုင်းကျေးရွာအနီးရှိ တံတားအမှတ် (၁၂)၊ (၁၀၀ x ၁၂)ပေ သံပေါင်သစ်သားခင်းတံတားသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် ရေတိုက်စားပြီး ကျိုးကျပျက်စီးသွားခဲ့ရပကြောင်း၊ ယင်းတံတားပျက်စီးသွားသောကြောင့် သနပ်ပင်-ကျွဲတဲလမ်းတစ်လျှောက်တွင် ဆက်သွယ်ထားသော ကျေးရွာပေါင်း ၄၀ ကျော်အတွက် အခက်အခဲ များစွာကြုံတွေ့နေရပါကြောင်း၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် သွားလာရာ ခက်ခဲသွားရသလို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအတွက် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများ၊ မီးဖွားရန်ခက်ခဲသည့်အရေးပေါ်လူနာများအတွက် အလွန်ပဲစိုးရိမ်စရာဖြစ်ပါ ကြောင်း၊ ထို့အပြင် ဒေသအတွက် မြို့ကဝယ်ရသောပစ္စည်းများကဈေးကြီးသွားပြီး ဒေသထွက်ကုန် များက အလွန်ပဲဈေးနည်းစွာနိမ့်ကျစွာရောင်းချရပါကြောင်း၊

လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ ပြတ်တောက်သွားသောကြောင့် မြို့နှင့် ကျေးရွာများအတွက် ဆက်သွယ်ရေးခက်ခဲသွားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက်ပါ များစွာထိခိုက်နစ်နာနေရသည့်အတွက် ‌ယင်းသဘာဝဘေးဒဏ်ကြောင့်  ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိတံတားအမှတ်-၁၂ အား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိ သစ်သားတံတားသည် ၂၀၁၂ ခုနှစ်က ဒေသကတည်ဆောက်ခဲ့ပြီး ယာဉ်သွားလမ်းအကျယ် ၁၂ ပေရှိသော သစ်သားတံတား ဖြစ်ပါကြောင်း၊ ၁၄-၈-၂၀၁၉ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေလည်တိုင်နိမ့်ကျပြီး တံတားကျိုးကျပျက်စီးမှုနှင့် ချဉ်းကပ်လမ်းပြတ်ထွက်မှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါ သစ်သားတံတားအား လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရန်အတွက် တံတားကို သစ်သားတံတားအတိုင်း ပြန်လည်ပြင်ဆင်သိမ်းဆည်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်အတွင်း ချက်ချင်းတည်ဆောက်ပေးသွားမည်ဖြစ်ပြီး ၎င်းကိုကွန်ကရစ်အဖြစ်ပြောင်းလဲရန် လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်း လျာထားတင်ပြပြီး အကောင်အထည်ဖော်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။