ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည် လူဦးရေအားဖြင့် ၃၇၀၀၀၀ ကျော်ရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ဒုတိယလူဦးရေ အများဆုံးမြို့နယ် ဖြစ်ကြောင်း၊ ထိုကြောင့် ကျောင်းနေသူ လူဦးရေသည် များပြားကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အ.ထ.က ကျောင်းရှစ်ကျောင်း၊ အ.လ..က ကျောင်း ၁၀ ကျောင်း၊ အ.မ.က ကျောင်း ၁၂ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း တစ်ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ခုနစ်ကျောင်း၊ မူလွန်ကျောင်း လေးကျောင်း စုစုပေါင်း စာသင်ကျောင်း ၄၂ ကျောင်း ရှိပြီး ဆရာဆရာမ ၁၃၅၇ ဦး၊ ကျောင်းသား/ကျောင်းသူ ၅၃၃၆၂ ဦးရှိသည့် မြို့နယ် ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူးများသည် မြို့နယ်ပညာရေးရုံးတွင် ရုံးစိုက်၍ တစ်မြို့နယ်လုံးတွင် ရှိသည့် ကျောင်းများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ အပါအဝင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ပညာရေးမူဝါဒ၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စီမံခန့်ခွဲရသည့် ရုံးဖြစ်ကြောင်း၊
ထို့ကြောင့် အစည်းအဝေးခန်းမ၊ သုတေသနခန်းမ၊ ကွန်ပျူတာခန်းမ အပါအဝင် ခေတ်နှင့် လျော်ညီသော၊ သင့်တော်သည့် ရုံးခန်းများ ပါဝင်သော၊ လုံလောက်သော အကျယ်အဝန်းရှိသည့် ရုံးအဖြစ် တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိအဆောက်အဦသည် လွန်စွာ ဟောင်းနွမ်းလျက်ရှိပြီး ဆက်လက်အသုံးပြုရန် မသင့်လျော်သည့် အန္တရာယ်ရှိ ရုံးအဆောက်အဦ ဖြစ်နေကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးအား အသစ်ပြန်လည် တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးအေးနိုင်[ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်] က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူး ရုံးအပါအဝင် ကျောင်း ၁၈ ကျောင်းကို မြေဂရန် ရရှိရေးအတွက် ကြယ်ပွင့်မပြမေးခွန်းမေးသည့်နေရာတွင် ပညာရေးဝန်ကြီးမှ ပြန်လည် ဖြေကြားထားကြောင်း၊ တိုင်းပညာရေးမှူးရုံးမှ စည်ပင်သာယာ မြေစာရင်းဌာနနှင့် ဆက်စပ်ပြီး ယခုနှစ်တွင် အပြီးဆောင်ရွက်မည်ဟု ဖြေကြားထားပါကြောင်း၊ သို့အတွက် မိမိအနေဖြင့် အခု မြို့နယ်ပညာရေးမှူးရုံးသည် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၂၀၂၀-၂၁ ခုနှစ်တွင် တည်ဆောက်ပေးမည်ဟု ကတိကဝတ်ပြုပေးနိုင်ပါက ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
မြေစာရင်း ပုံစံ(၁၀၅/၁၀၆)ရရှိရန် ဆိုသည့်အချက်သည် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြပြီး အတည်ပြုချက်များ ရရှိရေး ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီး ဌာနမှ မည်သည့်အချိန်တွင် ဂရန်ရမည်ဆိုသည်ကို မိမိတို့ကတိပြုနိုင်ရန်အတွက် အင်မတန် ခက်ခဲ ပါကြောင်း၊ ၎င်းပုံစံ(၁၀၅/၁၀၆) ရရှိပါက အဆောက်အဦတည်ဆောက်ခွင့်ရရှိရေးကို ပညာရေး ဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းပြီး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
