မာန်အောင်မြို့နယ်မှ ရမ်းဗြဲ၊ ကျောက်ဖြူမြို့များနှင့် ပြည်နယ်/ပြည်မရှိ မြို့များသို့ ခရီးသွားလာရာတွင် အမဆင်ပြေ မြန်ဆန်ရေးအတွက် ရမ်းဗြဲနှင့် မာန်အောင်သို့ ဇက်ရေယာဉ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းသွားမည် ဖြစ်ကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်သည် မိမိတို့နိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ အဆင်းရဲဆုံး ပြည်နယ်များထဲတွင် မာန်အောင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် နိုင်ငံတော်မှ ဝေးလံခေါင်သီ ဒေသ ရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် ပိုပြီးဆင်းရဲကြောင်း၊ မာန်အောင်ကျွန်း၏ အကျယ်အဝန်းသည် စတုရန်းမိုင်၂၀၂ မိုင်ရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာနှင့် မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် ရှိကြောင်း၊ လူဉီးရေ ၆၅၀၀၀ ကျော် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲတွင် ရှိပြီး ပင်လယ်ရေ ပတ်လည်ဝိုင်းလျက် ရှိကြောင်း၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့များသို့ သွားလာရာတွင် ပင်လယ်ရေကြောင်းကို အဓိက အားထားနေရကြောင်း၊ မိမိတို့ မာန်အောင်ကျွန်းမှ တစ်နေ့တွင် ခရီးသွား ပြည်သူ ၅၀၀ ခန့်သည် နေ့စဉ်နေ့တိုင်း တောင်ကုတ်မြို့နှင့် ရမ်းဗြဲ၊ ကျောက်ဖြူမြို့များသို့ သွားလာလျက် ရှိကြကြောင်း။ သွားလာရာတွင် တောင်ကုတ်မြို့ကို ပထမသွားရပြီး တောင်ကုတ်မှတစ်ဆင့် မိမိတို့ သွားလိုရာ မြို့များကို သွားကြရကြောင်း၊ တောင်ကုတ်နှင့် မာန်အောင်သည် မိုင် ၅၀ ခန့်ဝေးပြီး မာန်အောင်နှင့် ကျောက်ဖြူသည် မိုင် ၄၈ မိုင်သာ ဝေးကြောင်း၊ ရမ်းဗြဲနှင့် မာန်အောင်သည် ပင်လယ်ရေမိုင် ၆.၂၅ မိုင် ခန့်သာ ကွာဝေးကြောင်း၊ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းကို သွားလာရန် ဇက်ရေယာဉ် စီစဉ်ပေးပါက မိမိတို့မာန်အောင်ရှိ ပြည်သူလူထုများသည် ကျောက်ဖြူနှင့် ရမ်းဗြဲကို နေ့ချင်းပြန် ကား၊ ဆိုင်ကယ်များနှင့် သွားလာနိုင်မည် ဖြစ်ကြောင်း၊ မာန်အောက်မှ ရခိုင်ပြည်နယ်တွင် ရှိသည့် မြို့အားလုံးနှင့် ပြည်မဘက်သို့ ကား၊ ဆိုင်ကယ်များနှင့် သွားလာနိုင်မည် ဖြစ်သည့်အတွက် ဇက်ရေယာဉ်သည် မာန်အောင်နေ ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်နေကြောင်း၊ ထို့အပြင် အရေးကြီးသည့် အချက်တစ်ချက်သည် မိမိတို့ မာန်အောင်ကို မြန်မာနိုင်ငံ၏ အဓိက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် အချက်ဖြစ်ကြောင်း။ ထို့ကဲ့သို့ ထည့်ထားရသည့် အကြောင်းသည် မြန်မာနိုင်ငံတွင် အလှပဆုံး သဘာဝ ပင်လယ်ကမ်းခြေနှင့် ကမ္ဘာ့ အဆင့်မီ ရှည်လျားလှပသည့် ပင်လယ်ကမ်းခြေအလှသည် မာန်အောင် ကျွန်းပေါ်တွင်သာ ရှိသည့်အတွက် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ရောက်ရှိခဲ့စဉ်က မာန်အောင်ကျွန်း၏ ပင်လယ်ကမ်းခြေအကြောင်းကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ဇက်ရေယာဉ်သည် ရမ်းဗြဲ-မာန်အောင် ပြေးဆွဲပေးနိုင်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပခရီးသည်များသည် မာန်အောင် ပင်လယ်ကမ်းခြေသို့ ကားနှင့်ဆို င်ကယ်နှင့် လာရောက် အပန်းဖြေ အနားယူရန် လာကြမည် ဖြစ်ကြောင်း၊ မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းသည် ပင်လယ်ရေလက်ကြား ခြားလျက်ရှိကြောင်း၊ ပင်လယ်ရေလက်ကြားသည် ရေမိုင် ၆.၂၅ မိုင်ခန့်သာ ကွာဝေးကြောင်း၊ ဖွံဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံများတွင် ဖြစ်ပါက မာန်အောင်နှင့် ရမ်းဗြဲကို တံတားထိုးထားပြီး ဖြစ်မည် ဖြစ်ကြောင်း၊ ကမ္ဘာတွင် ပယ်ရေနက်ဆိပ်ကမ်းရှိသည့် ကျောက်ဖြူမြို့ရှိရာ ရမ်းဗြဲကျွန်းနှင့် ကမ္ဘာအဆင့်မီ သဘာဝ ပင်လယ်ကမ်းခြေ အလှရှိသည့် မာန်အောင်ကျွန်းသည့် ရေမိုင် ၆.၂၅ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ဖြစ်ကြောင်း၊ ထိုအချက်များကြောင့် တစ်နေ့တစ်ချိန်တွင် ရမ်းဗြဲနှင့် မာန်အောင် တံတားကြီး တည်ဆောက်လာလိမ့်မည်ကို မျှော်လင့်ရကြောင်း၊ မာန်အောင်ကျွန်းပေါ်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူများ၏ လူမှုဘဝ စီးပွားတိုးတက်မြင့်မားရန်နှင့် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှုသည် အဓိကဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ဒေသနေပြည်သူများ၏ လူမှုဘဝ တိုးတက် မြင့်မားလာမည် ဖြစ်သည့်အတွက် ရမ်းဗြဲနှင့် မာန်အောင်ကို ဇက်ရေယာဉ် ပြေးဆွဲပေးရန် လိုအပ် လာသည့်အတွက် ရမ်းဗြဲနှင့် မာန်အောင်ကို ဇက်ရေယာဉ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြေးဆွဲမည်၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ၏ ကိုယ်စား မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းတို့ကို ပင်လယ် ရေးလက်ကြား ခြားထားလျှက်ရှိပြီး ကျွန်းနှစ်ခု၏ အနီးဆုံးနေရာ၌ ရေမိုင်ခြောက်မိုင် ခန့်ကွာဝေးကြောင်း၊ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းကြားရှိ အဆိုပါ ရေလမ်းခရီးသည် မိုးရာသီတွင် ရာသီဥတု ကြမ်းတမ်းပြီး နွေရာသီရေနည်းချိန်တွင် ကျောက်ဆောင်များ၊ သဲသောင်များ ဖြစ်ပေါ်သည့်အပြင် ရေတက်ချိန်တွင်သာ ဇက်ရေယာဉ်များ ကမ်းသို့ ဝင်/ထွက် ဆိုက်ကပ်နိုင်မည်ဖြစ်၍ ဇက်ရေယာဉ်ဖြင့် ရာသီမရွေး၊ အချိန်မရွေး သွားလာ၍မရနိုင်သည့် ရေလမ်းခရီး ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့အပြင် ပင်လယ်ရေလက်ကြား ဖြစ်သည့်အတွက် ရိုးရိုးဇက်ရေယာဉ်ဖြင့် ကူးရန် သင့်လျော်မှု မရှိသည့် ကမ်းရိုးတမ်းသွား ဇက်ရေယာဉ် (Coastal Landing Craft) ဖြင့်သာ သဘာဝဘေးအန္တရာယ် ကင်းရှင်းစွာကူးနိုင်မည် ဖြစ်ကြောင်း၊ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းကြား သင့်လျော်သည့် ဇက်ရေယာဉ်ဖြင့် ကူးသန်း သွားလာ၍ ခရီးစဉ်များ ပြေးဆွဲမည်ဆိုပါက ဇက်ကူးတို့ ချဉ်းကပ်လမ်း၊ မော်တော်ယာဉ်လမ်းနှင့် ဇက်ဆိုက်ကပ်ဆိပ်ကမ်းတို့ကို ပြည်နယ်အစိုးရနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဖောက်လုပ်တည်ဆောက်ပေးရန်လို အပ်မည်ဖြစ်ပြီး ကုန်ကျစရိတ် များပြားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ရေလမ်းခရီးတွင် ဇက်ရေယာဉ် ပြေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက စီးပွားရေး တွက်ချေကိုက်နိုင်ခြေ နည်းပါးသည်ကို သုံးသပ်နိုင်ကြောင်း၊
တင်ပြခဲ့သည့် အကြောင်းများကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ဇက်ရေယာဉ်ပြေး ဆွဲပေးရန် အစီအစဉ် မရှိပါကြောင်း၊ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရေချမ်းပြင်-အငူမော် ခရီးလမ်း ပြေးဆွဲရန်အတွက် ကားကြီး၊ ကားသေး (၂၅) စီးခန့် တင်ဆောင်နိုင်သည့် (ပေ ၂၀၀ x ပေ ၅၀ x ပေ ၁၀) အတိုင်းအတာရှိ ကမ်းရိုးတန်းသွား (Landing Craft ) ရေယာဉ်သစ် (၁)စီးကို ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းတွင် တည်ဆောက်လျှက်ရှိရာ မကြာမီပြီးစီးမည် ဖြစ်ကြောင်း၊
၎င်းရေယာဉ်သစ်ကို တည်ဆောက်ပြီးချိန်တွင် လက်ရှိနယ်မြေ အခြေအနေအရ ရေချမ်းပြင်-အငူမော် ခရီးလမ်းတွင် ပြေးဆွဲနိုင်ခြင်းရှိမည် မဟုတ်သေးသည်ကို ခန့်မှန်းရပါသဖြင့် အဆိုပါကမ်းရိုးတမ်းသွား ဇက်ရေယာဉ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ငှားရမ်းအသုံးပြု၍ ရမ်းဗြဲကျွန်းနှင့် မာန်အောင် ကျွန်းအကြား ပြေးဆွဲလိုခြင်း ရှိပါက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် ငှားရမ်းပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
