(ဇ)ဝိုင်းမော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် ရထားလမ်းဘူတာရုံအဖြစ် တည်ဆောက်ခဲ့ကြသော မြေနေရာကို ဆက်လက်ပြီး ဘူတာရုံတည်ဆောက်ရန်အစီအစဉ်ရှိ/မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၄.၁၁.၂၀၁၉)

ဝိုင်းမော်မြို့နယ်တွင် ၂၀၀၉ ခုနှစ်ခန့်ကတည်းက ရထား သံလမ်း၊ ဘူတာရုံ စတင်တည်ဆောက်ပြီး စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်မှာ ယနေ့အချိန်အထိ ၁၀ နှစ်နီးနီးခန့်ရှိခဲ့ပြီဖြစ် သော်လည်း ယခုအခြေအနေအထိ ဆက်လက်အကောင်အထည်ဖော်ခြင်းလည်း မရှိပါကြောင်း၊  အစောင့်အကြပ်လည်း မရှိသည့် အဆောက်အဦမြေနေများ၊  မြေလပ်များရှိပြီး  မြေဧရိယာဧက အနေဖြင့် ၅၀၀ ကျော်ခန့်ရှိပါကြောင်း၊ သံလမ်းအတွက် မြေသားတာပေါင်ဖို့ရန် မြေများကို တူးဖော်လိုက်သည့် ကျင်းတွေ၊ ချိုင့်များတွင် ရေတွေပြည့်လျှံလျက်ရှိပြီး။ မိုးတွင်းကာလဆိုပါက ရေပြည့်စီးဆင်းသည့်အတွက်  ကလေးသူငယ်များသည်  အဆိုပါနေရာများတွင် ရေချိုး၊ ရေကစားခြင်းများ ပြုလုပ်ကြသည့်အတွက် ကလေးသူငယ်များ အသက် ဆုံးရှုံးရသည်အထိ ကြုံတွေရပါကြောင်း၊ ယင်း စီမံကိန်းကြီးကြောင့် လက်ရှိဖြစ်နေသည် အခြေအနေကို ဒေသခံများသာ ခံစားခဲ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီး၊ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက မြစ်ကြီးနား-ဗန်းမော်-မိုးမိတ်-သီပေါ-လဲချား-နမ့်ဆန် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၏ ဝိုင်းမော်-တာလောကြီး လမ်းပိုင်းဖောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၁၀ ခုနှစ်မှာစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ တာပေါင် မြေဖို့ခြင်းလုပ်ငန်း ၂.၁၈ မိုင်ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်ထားခဲ့ပါကြောင်း၊ စီမံကိန်းကို ဖြစ်မြောက်နိုင်ခြေလေ့လာခြင်း(FS) စနစ်တကျ ဆောင်ရွက်မှု မရှိဘဲ ဖောက်လုပ်ခဲ့ခြင်း၊ ကုန်ကျစရိတ်များပြားပြီး လတ်တလောအကျိုးမရှိနိုင်ခြင်း နှင့် စီးပွားရေးအရတွက်ခြေကိုက်မှုမရှိနိုင်ခြင်းတို့ကြောင့် စီမံကိန်းကိုရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊

ဝိုင်းမော်ဘူတာယာဒ်ဝင်းနေရာတွင် စီမံကိန်းစတင်ဆောင်ရွက်စဉ်က စီမံကိန်းရှင်းလင်းဆောင် အဆောက်အဦ တစ်လုံးကိုသာ ဆောက်လုပ်ခဲ့ပြီး ဘူတာရုံတည်ဆောက်ခဲ့ခြင်းလည်း မရှိပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ဝိုင်းမော်ဘူတာယာဒ်ဝင်းတည်ဆောက်မည့်နေရာအပါအဝင် လမ်းအူ ကြောင်းတစ်လျှောက် တာပေါင်မြေဖို့ခဲ့ရာမှာ ဆောင်ရွက်ပြီးစီးခဲ့သည့် ၂.၁၈ မိုင်အတွင်းပါဝင် သွားသည့်  တောင်သူ ၂၄ ဦး၏ ကျန်ရှိမြေ ၃၁.၃၅ ဧက၊ တောင်သူ ခြောက်ဦး၏ နှစ်ရှည်ပင်/သီးနှံပင် မျိုးစုံ    ၂၃၈ ပင်နှင့် တောင်သူ သုံးဦး၏ နေအိမ်တဲ၊ မီးဖိုချောင်တဲ သုံးလုံးတို့အတွက် လျော်ကြေးနှင့် နစ်နာကြေး စုစုပေါင်း ကျပ် ၂၂.၆၅၅ သန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာ တောင်သူများသို့ ပေးချေထားပြီးဖြစ်ပါကြောင်း၊

ဝိုင်းမော်-တာလောလမ်းပိုင်းအတွက် တာပေါင်မြေဖို့ခြင်း လုပ်ငန်းဆောင်ရွက်စဉ် ရထားလမ်း နယ်နိမိတ်အတွင်းက မြေများကိုတူးယူ၍ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရသဖြင့် ရထားလမ်းတာ ပေါင်ဘေးတစ်လျှောက် အလျားလိုက်ကျင်းများဖြစ်ပေါ်ခဲ့ပြီး ကျင်းများက တစ်ဆက်တည်း မရှိခြင်းကြောင့် မိုးတွင်းကာလတွင် ရေဝပ်ပြီးရေအိုင်များသဖွယ်ဖြစ်ပေါ်နေပါကြောင်း၊ ရထားလမ်း တာပေါင်သည်  ဝိုင်းမော်မြို့နယ်အတွင်း လူနေထိုင်သည့် ရပ်ကွက်ခုနှစ်ခုဖြတ်သန်းသွားပြီး အမှတ် (၆)ရပ်ကွက်မှ တုတ္ထတန်းတွင် ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ဦးသည် မိုးတွင်းကာလအတွင်း ရေဆော့ကစားခဲ့သဖြင့် ရေနစ်သေဆုံးမှုကိစ္စမျိုးဖြစ်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊

တာပေါင်အရှည် ၂.၁၈ မိုင်ဖို့မြေအတွက် မြေကြီးများ တူးယူထားခြင်းကြောင့်ဖြစ်ပေါ် နေသည့် ကျင်းများကို မိုးတွင်းကာလရေမဝပ်စေရန်၊  မြေကြီး ပြန်ဖို့ရန် မဖြစ်နိုင်သော်လည်း မိုးတွင်းကာလအတွင်း ရေအိုင်သဖွယ်ရေဝပ်ခြင်းမရှိစေဘဲ ရေမြောင်းသဖွယ် ရေစီးထွက်စေရန် အတွက်လည်းကောင်း၊ တူးမြေကျင်းများ တစ်ဆက်တည်း ဖြစ်စေရန်လည်းကောင်း၊ မြေတိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်၍ တူးဖော်ထားသည့်  ကျင်းများကိုဆက်စပ်ပေးခြင်း၊ ရေစီး ရေလာကောင်းအောင်ဆောင်ရွက်ပေးခြင်းများကို လာမည့် ပွင့်လင်းရာသီတွင်  စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

အထက်ပါရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သဖြင့် လတ်တလော အခြေ အနေအရ ဝိုင်းမော်ဘူတာကိုတည်ဆောက်ရန် အစီအစဉ်မရှိသေးသော်လည်း နောင်တွင် နိုင်ငံတော် ၏ လိုအပ်ချက်အရ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်ရထားလမ်းဖောက်လုပ်ရန် စီမံကိန်း ပေါ်ပေါက် လာပက ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဘူတာယာဒ်ဝင်းနှင့် လမ်းအူကြောင်း တစ်လျှောက် သိမ်းဆည်းမြေများများအတွက် လျော်ကြေးငွေများကိုပေးချေထားခဲ့ပြီး ဌာနပိုင်မြေအဖြစ် အမည်ပေါက် ရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် အဆိုပါရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်မည့်အချိန်ကာလကို ခန့်မှန်းနိုင်ခြင်းမရှိသေးသဖြင့် ဝိုင်းမော်မြို့နယ်အတွင်း ရုံးမြေနေရာလိုအပ်နေတဲ့ အခြားဝန်ကြီးဌာနများအနေနဲ့ ညှိနှိုင်းလာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်လည်ပြောကြားပါသည်။

ဦးလဂန်ဇယ်ဂျုံး(ဝိုင်းမော်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝိုင်းမော်ဘူတာယာဒ်ဝင်း ဖော်ပြထားသည့် အဆောက်အဦသည် ဒေသခံလူငယ်များအတွက် မကောင်းသည့် ဒုစရိုက်လုပ်ငန်းလုပ်ရန် ဆောက်ပေးထားသည့် အဆောက်အဦဖြစ်နေခြင်းကြောင့် အဆိုပါ အဆောက်အဦအား အလျင်အမြန်ဖျက်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးကျော်မျိုး(ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)    ယခုမေးခွန်းသည် မူရင်း မေးခွန်း၏ ကျိုးကြောင်းဖော်ပြချက်တွင် မပါရှိခြင်းကြောင့် သက်ဆိုင်ရာမြန်မာ့မီးရထားကို ပြန်လည်စိစစ်ခိုင်းပြီးမှ ဖြေကြားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။