(ဆ)-ဒလမြို့နယ်တွင် အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေနိုင်ရေးအတွက် Japan International Cooperation System(JICS)နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ထားသည့် စီမံချက်နှင့်ပတ်သက်၍ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့(၁၉.၉.၂၀၁၉)

ဒလမြို့နယ်တွင် အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေနိုင်ရေးအတွက် Japan International Cooperation System(JICS)နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ထားသည့် စီမံချက်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

 

မိမိသည် ရေရှားပါးမှု ပြဿနာများ ဆိုးရွားစွာ တွေ့ကြုံနေရသည့် ဒလမြို့နယ်၏ ရေအခက် အခဲများ ပြေလည်စေရန် JICS ဂျပန်-နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့အကြား စာချုပ်ချုပ်ဆို ဆောင်ရွက်နေ သည့် စီမံချက်နှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းထားခြင်း ဖြစ်ကြောင်း၊ မိမိမဲဆန္ဒနယ်မြေဖြစ်သည့် ဒလမြို့နယ်သည် နှစ်စဉ်နွေဦးမှစပြီး မိုးမကျမီအထိ ရေရှားပါး သည့် ဒုက္ခတွင် ကျော်ကြားလှသည့် မြို့နယ် ဖြစ်ကြောင်း၊ ဒလမြို့ကို မွန်အသံထွက် မွန် အမည် ဒုံဇလ လို့ခေါ်ဝေါ်ကြကြောင်း သိရှိရပြီး ကြခတ် ဝါးတော တည်ရှိသည့် မြို့ဟု အဓိပ္ပာယ် ရကြောင်း၊ ကြခတ်ဝါ‌တောအမည်ရ သမိုင်းဝင်မြို့သည် ရှေးလူကြီးများမှ ရေရှား ပါးမှုအတွက် ကြခတ်ဝါ‌တော မင်းသမီး ကျိန်စာသင့်နေသည့် မြို့ဖြစ် ကြောင်း ရှေးဆိုရိုး စကားအနေဖြင့် ပြောခဲ့ကြကြောင်း၊

ဒလမြို့နယ် လူဦးရေ ၁၅၄၅၆၃ ဦးသည် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာ ၅၄ ရွာတွင် နေထိုင်ကြ ကြောင်း၊ ၎င်းလူထုအတွက် ဒလမြို့နယ်ပြင်ပရှိ ရန်ကုန်ပေါက် ရေပေးဝေရေး စခန်းမှ မြို့တော် စည်ပင်မှ နေ့စဉ်ရေဂါလန် ၁.၂ သန်းကို ဖြန့်ဝေပေးသည် ဆိုသော်လည်း တစ်ဖက်ကမ်းရှိ ရန်ကုန် မြို့တော်ကြီးကဲ့သို့ ၂၄ နာရီ ရေရရှိခြင်း မရှိသည့်အပြင် ၁၈ နာရီသာ ပေးဝေနိုင်ကြောင်း၊ ထို့ပြင် အိမ်ထောင်စုပေါင်း ၄၅၅၅၊ လူဦးရေ ၂၂၇၇၅ ဦး အတွက်သာ ရေပေးဝေနိုင်သည့်အတွက် မြို့လူဦး ရေ၏ ၁၄.၅၁ ရာခိုင်နှုန်းသာ စည်ပင်ရေ ရရှိပြီး ကျန် ၈၄.၃၃ ရာခိုင်နှုန်းသည် မိုးရေကို စုထားသည့် မြေစိုက် သောက်ရေကန် ၃၂၉ ကန် ကိုသာ အားထား နေရကြောင်း၊ ဒလမြို့၏ ရေလိုအပ်ချက်ကို လေ့လာ ကြည့်မည်ဆိုပါက ဖော်ပြပါဇယားအရ ရေသွယ်ရန် ကျန်အိမ်ခြေ ၁၇၇၈၉ အိမ်အတွက် ထပ်မံ လိုအပ်သည့် ရေပမာဏ ၃.၅ သန်းကျော်ဂါလန်နှင့် စုစုပေါင်း ရပ်ကွက်အလိုက် လိုအပ်သည့် ရေပမာဏ ၄.၄ သန်း ဂါလန်ရှိကြောင်း၊ အိမ်တစ်အိမ်အတွက် တစ်နေ့တာ လိုအပ်ချက် ပျမ်းမျှ ၂၀၀ ဂါလန်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဒလဝန်းကျင်တွင် ရှိသည့် မြစ်ရေ၊ ချောင်းရေများများသည် သောက်သုံးနိုင်သည့် အနေအထား မရှိသည့်အပြင် ပိုဆိုးသည်က ဒလတွင် မည်သည့်နေရာတွင် အဝီစိတွင်း တူးတူး၊ ရေ၏ အရည်အသွေးသည် အငန်ဓာတ် များလွန်းသည့် အတွက် သောက်၍ မရ၊ သုံး၍ မရသည့်အတွက် ရေလောကဓံ ကျိန်စာသင့် နေပြီလားဟု ဒလသား များ ပူပန်နေကြသည် ဖြစ်ကြောင်း၊

လက်ရှိအနေအထားသည် နွေရာသီ နေပူပြင်းပြီဆိုပါက မြေစိုက်ကန်ကိုသာ အားထား နေရသည့် မိသားစုများသည် မိုးမကျခင် ရေကန်များ မခန်းခြောက်ရန် ဆုတောင်းနေကြ ရသည့် အနေအထား ဖြစ်ကြောင်း၊ ယနေ့ခေတ်ကဲ့သို့ ရာသီဥတု ဖောက်ပြန် ပြင်းထန် ဆိုးရွားနေချိန်တွင် ဒလ ရေကန်များ ခန်းခြောက်သည့်အတွက် ရေအလှူရှင်များကို မျှော်ရ သည့် ဒုက္ခသည် ဒလသားများအတွက် နွေဓလေ့ရိုးရာ အစဉ်ကဲ့သို့ ဖြစ်နေပြီ ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်ပေါက် ရေပေးဝေရေး စခန်းသည် အဝီစိတွင်းများသည် ရေထွက်နှုန်း ကျဆင်း လာပြီး ရေငန်ဝင်လာကြောင်း ကြားသိရသည့်အတွက် ဒလသားများ၏ ရေရှားပါးမှု ပူပင် သောက ပိုမိုဆိုးရွားလာနေပြီ ဖြစ်ကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် JICS နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ဂျပန် နိုင်ငံ၏ ထောက်ပံ့ကြေး အကူ အညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဂျပန်အစိုးရတို့ သဘောတူ စာချုပ်ချုပ်ဆိုပြီး သည့် သတင်းသည် ယခုအချိန်တွင် ဒလလူထု ပူပင်သောက လျော့ပါးစေရန်အတွက် အကြားချင်ဆုံးနှင့် အသာယာဆုံး သတင်းဖြစ်ကြောင်း၊

အဆိုပါ စီမံကိန်းသည် ဒလမြို့နယ်အတွက် အသက်တမျှ အရေးကြီးလှသည့် စီမံကိန်း ဖြစ်သည့်အတွက် အမြန်ပြီးစီးရန် မျှော်လင့်လျက်ရှိသည့် ဒလပြည်သူလူထုအတွက် မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိရန်အတွက် မေးမြန်းပါသည်။

ဖြေကြားသူ
နေပြည်တော် ကောင်စီ၊ ကောင်စီဝင် ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၏ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဖြေကြား တင်ပြသွားမည် ဖြစ်ကြောင်း၊ ဒလမြို့နယ်သည် ရန်ကုန်မြို့၏ မြစ်တစ်ဖက် ကမ်းတွင် တည်ရှိကြောင်း၊ ပင်လယ်နှင့် နီးသည့်အတွက် ရန်ကုန်မြစ်၊ တွံတေး တူးမြောင်းနှင့် မြေအောက်ရေတို့သည် ရေငန်ဝင်ရောက်သည့် သဘောသဘာဝလည်း ရှိကြောင်း၊ လက်ရှိ ရေပေးဝေရေးစနစ် အရဆိုပါက ရေအရင်းအမြစ်များ ဖြစ်ကြသည့် ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး ရေလှောင်ကန်များနှင့် ငမိုးရိပ် ရေသန့်စင်စက်ရုံတို့သည် ရန်ကုန်မြို့၏ မြောက်ဘက်စွန်တွင် တည်ရှိကြောင်း၊ ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှု အနေအထားအရ ရေလှောင်ကန်ကြီးများ သည် ရေကို ပေးပို့ရန်အတွက် အခက်အခဲလည်း ရှိကြောင်း၊ ထိုကြောင့် တွံတေးမြို့နယ် အတွင်းတွင် ရှိသည့် ရေချိုရရှိသည့် နေရာဖြစ်သည် ရန်ကုန်ပေါက်ကျေးရွာအနီးတွင် အဝီစိတွင်း ၁၃ တွင်း တူးဖော်ပြီး ရေပေးဝေခဲ့ကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် အတိုင်း ရေငန်ဝင်ရောက်မှု လျော့နည်းစေရန်အတွက် ရေချိုစုတွင်း ငါးတွင်း ထပ်မံ တူးဖော်ပြီး မိုးရေစုဆောင်းဖြည့်တင်း၍ အဝီစိတွင်းများအား အလှည့်ကျမောင်းနှင်၍ ဒလ မြို့နယ်ပေါ်မှ ရပ်ကွက်များကို ပိုက်လိုင်း စနစ်များဖြင့် နေ့စဉ်ရေဂါလန် ၁.၂ သန်း ပေးဝေနေ လျက် ရှိနေကြောင်း၊ ရေပိုက်လိုင်း ဆက်သွယ်ထားခြင်း မရှိသည့် ၁၁/၁၄ ရပ်ကွက်၊ ၆ ရပ်ကွက်နှင့် ဝန်ထမ်းအိမ်ရာ ရပ်ကွက်များတွင် ဂါလန် ၁၂၀၀ ဆံ့၊ အုတ်ရေကန် ၂၆ လုံးဖြင့် ကွန်ကရစ် ကျောက်ဂွေ ၂၄ ဂွေ တည်ဆောက်ပြီး အခမဲ့ ပေးဝေလျက် ရှိနေကြောင်း၊ ဒလ မြို့နယ်အတွင်းတွင် ကျေးရွာ ၁၅ ရွာတွင် ရေချိုစုတွင်း ၁၅ တွင်း တူးဖော်ပြီး ရေချို ထုတ်ယူသုံးစွဲနိုင်စေရန် စီမံထားရကြောင်း၊

ရေ ပိုမိုသိုလှောင်နိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေကန် သုံး ကန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေကန် ငါးကန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် သောက်သုံးရေကန် လေးကန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သောက်သုံး ရေကန် သုံးကန်ကို ပြန်လည် တူးဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပွင့်လင်းရာသီတွင် သောက်သုံးရေ လိုအပ်ချက် အများအပြား ဖြစ်ပေါ်လာပါက ဒလရေ ပေးဝေရေးစခန်းကို တစ်ရက်လျှင် ဂါလန် ၅၀၀၀ ထွက်ရှိသည့် သောက်ရေသန့် စက်ရုံမှလည်းကောင်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် AG Resources Myanmar Co., Ltd  တို့မှ ပူးပေါင်းဆောင်ရွက်သည့် ဆာပါချောင် ကျောင်းစုရှိ တစ်ရက်တွင် လီတာနှစ်သိန်း ထွက်ရှိနိုင်သည့် သောက်ရေသန့် စက်ရုံမှလည်းကောင်း၊ ဒလ ရေပေးရေးစခန်းမှ လည်း ကောင်း ကော်မတီပိုင် ရေသယ်ယာဉ် လေးစီးဖြင့် ရေလိုအပ်သည့် နေရာများကို ပေးဝေလျက် ရှိကြောင်း၊ အထက်ပါ အခက်အခဲများ ပြေလည်စေရန်အတွက် ဒလမြို့နယ်နှင့် ရန်ကုန်(တောင်ပိုင်း)ရှိ မြို့နယ်များတွင် အများသုံးရေနှင့် သောက်သုံးရေ တစ်နေ့ ဂါလန် သုံးသန်း ဖြန့်ဝေနိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ဂျပန်ယန်း ၄.၁၇၆ ဘီလီယံ အကူအညီ Grant ပေးရေးဆိုင်ရာ Exchange of Notes ကို Agreed Minutes on Procedural Details(A/M)နဲ့ နှစ်နိုင်ငံ အစိုးရတို့ကြားတွင် ၃-၁-၂၀၁၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအကူအညီအတွက် စီမံကိန်း အကောင်အထည်ဖော်ရန် ဂျပန်အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဂျပန်နိုင်ငံ အစိုးရက သတ်မှတ်ထားသည့် Japan International Cooperation System နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ ကိုယ်စား Agent အဖြစ် ဆောင်ရွက်စေမည် ဖြစ်ကြောင်း၊ Agent Agreement ကို ၃၁-၅-၂၀၁၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ Consultant  ရွေးချယ်ခြင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ Consultant Evaluation Report  ကို ၂၀၁၉ ခုနှစ်တွင် Document အတွက် ပြင်ဆင်ပြီး Contractor ရွေးချယ်ခြင်းများကို ၂၀၂၀ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ Project ကာလသည် ၂၀၂၀ ခုနှစ်ကစပြီး ၂၀၂၂ ခုနှစ်အထိ ဒီဇင်ဘာအထိ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။