ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် ယခင်က မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ သို့မဟုတ် မူ/ပြ/လယ် (PG)တို့သည် ရာထူးချင်း မတူသော်လည်း လစာ စကေးသည် အတူတူပင် ဖြစ်ကြောင်း၊ ထိုအတူ အလယ်တန်းကျောင်းအုပ်၊ အထက် တန်းပြနှင့် လက်ထောက် မြို့နယ် ပညာရေးမှူးတို့ဟာလည်း ရာထူးချင်း မတူညီကြသော် လည်း လစာစကေးသည် အတူတူသာ ဖြစ်ကြောင်း၊ အထက်တန်း ကျောင်းအုပ်၊ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ လက်ထောက်တိုင်းပညာရေးမှူးများသည် ရာထူးနေရာ မတူသော်လည်း လစာစကေးသည် အတူတူသာ ဖြစ်ကြောင်း၊ ၎င်းတို့၏ အငြိမ်းစား ပင်စင် လစာများသည်လည်း အတူတူသာ ဖြစ်ကြောင်း၊ လက်ရှိတွင် ပညာရေးဌာန၏ ဖွဲ့စည်းပုံ ပြောင်းလဲချက်အရ အခြေခံပညာဦးစီးဌာန၏ ဝန်ထမ်းများသည် ရာထူးသည် ပြောင်းလဲ လာသည့်အတွက် ၎င်းတို့၏ လစာများသည် ကွာခြားလာကြောင်း၊ မြို့နယ်ပညာရေးမှူး အဆင့်မှ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပြောင်းလဲပြီး ၎င်းတို့၏ လစာစကေးများသည် တစ်ဆင့် တစ်ဆင့် ပြောင်းလဲလာကြောင်း။
ထိုတူ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြတို့သည် လစာစကေးချင်း မတူပါကြောင်း၊ အလယ်တန်းကျောင်းအုပ်နှင့် အထက်တန်းပြတို့သည် လစာစကေးချင်း မတူတော့ကြောင်း၊ အထက်တန်း ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးများသည် လစာစကေးချင်း မတူပါ ကြောင်း၊ လက်ရှိ ပညာရေးအငြိမ်းစားများ ဝန်ထမ်းများ၏ ပင်စင်လစာသည် ယခင်ပညာ ရေးဌာန ရာထူး မတူ၊ လစာတူ စကေးများအတိုင်း ရရှိနေကြသည်ကို သိရှိနေရကြောင်း၊ ယခင်က မြို့နယ်ပညာ ရေးမှူး၏ ယခုပင်စင်လစာသည် လက်ရှိ အထက်တန်းကျောင်း အုပ်၏ ပင်စင်လစာနှုန်းအတိုင်း ရရှိပြီး ယခင်က အလယ်တန်းကျောင်းအုပ်၏ ယခုပင်စင် လစာသည် လက်ရှိအထက်တန်းပြ၏ ပင်စင် နှုန်းထားအတိုင်း ရရှိနေပြီး ယခင်က လက်ထောက်တိုင်းပညာရေးမှူး၏ ယခုပင်စင် လစာသည် ဦးစီးအရာရှိ တစ်ဦး ပင်စင်လစာ နှုန်းအတိုင်း ရရှိနေသည်ကို သိရှိရကြောင်း၊
၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ကြေးမုံသတင်းစာတွင် ဝန်ကြီးဌာနများ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စားများ၏ အငြိမ်းစားလစာကို လက်ရှိဝန်ထမ်းများ ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခန့်ထား ခံစားခွင့်ပြုခဲ့သည်ဟု ပါရှိခဲ့ကြောင်း၊ သို့သော် ယခင်ဌာန ဖွဲ့စည်းပုံ ပြောင်းလဲခြင်း မရှိခင်တုန်းက ပညာရေးဝန်ထမ်းများ၏ ပင်စင်လစာများသည် အခြား များနည်းတူ တိုးမြှင့်ခံစားခြင်း အခုထိ မရှိသေးကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးခွန်းကို မေးလိုကြောင်း၊ အငြိမ်းစား ပညာရေး ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်မှုအပေါ်တွင် လက်ရှိဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်အတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုသည့် အတွက် မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၏ အငြိမ်းစားပညာရေး ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်မှုအပေါ်တွင် လက်ရှိဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်အတိုင်း တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှှှှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်းပြီး ပြန်လည် ရှင်းလင်းဖြေကြားမည် ဖြစ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၏ နည်းဥပဒေ ၂၅၂ နည်းဥပဒေခွဲ (ဇ)တွင် ဝန်ထမ်းတစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကို ယင်းဝန်ထမ်း ပင်စင်ယူသည့် အချိန်ရှိ တည်ဆဲ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံ့ ဝန်ထမ်း များ အငြိမ်းစားယူသည့် အချိန်တွင် ပင်စင်လစာကို တွက်ချက်ရာတွင် ၎င်းဝန်ထမ်း အငြိမ်း စားယူသည့် အချိန်တွင်ရှိသည့် နောက်ဆုံးထုတ်လစာနှင့် ၎င်း၏ လုပ်သက်နှစ်အပေါ်တွင် အခြေခံပြီး တည်ဆဲနိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆ နည်းဥပဒေခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်သတ်မှတ်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၁၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၈) စာပိုဒ်(၃)တွင် တိုးမြှင့် ပင်စင်လစာ သည် ပင်စင်စား၏ အငြိမ်းစားယူခဲ့သည့် နောက်ဆုံး ရာထူးချိန်နှုန်း လစာနှင့် ကိုက်ညီသည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နေ့စွဲပါ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ်(၃၀/၂၀၁၈)အရ သတ်မှတ်သည့် လစာနှုန်းထားများ အပေါ်တွင် အခြေပြုပြီး ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေးသွားမည် ဖြစ် သည်ဟု ပြဋ္ဌာန်းထားကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ အဆင့်အလိုက် ချိန်နှုန်းလစာနှင့်ပတ်သက်ပြီး ဇယားတွင် တင်ပြထား သည့် အတိုင်း အဆင့်ပေါင်း (၁၃)ဆင့် ရှိကြောင်း၊ (၁)အဆင့်သည် အနိမ့်ဆုံး ဝန်ထမ်း၏ အဆင့် ဖြစ်ကြောင်း၊ အောက်ဆုံးရှိ (၁၃)အဆင့်သည် အမြင့်ဆုံး ဝန်ထမ်း ဖြစ်ကြောင်း၊ ကောက်နုတ်တင်ပြထားမှုတွင် ၂၀၁၃ ခုနှစ်တွင် လစာတစ်ခါ တိုးကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တိုးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တိုးကြောင်း၊ ထိုနောက် ၂၀၁၈ ခုနှစ်တွင် တိုးကြောင်း၊ တိုးသည့်အချိန်တွင် ၎င်းရာထူးဖြင့်၊ ၎င်းလစာနှုန်းထားဖြင့် ဆက်ပြီး ချိန်နှုန်းလစာများကို ကိုက်ညှိထားကြောင်း၊ ကိုက်ညှိထားသည့် အတွက် ဇယား၏ အမှတ်စဉ်(၇)မှ အပေါ်ကို တက်သွားသည့် အဆင့်များသည် အမှုထမ်း အဆင့်များ ဖြစ်ကြောင်း၊ အမှတ်စဉ်(၈)မှ အောက်ကိုသွားသည့် အဆင့်များသည် အရာထမ်း အဆင့်များ ဖြစ်ကြောင်း၊ ထိုနေရာတွင် လစာနှုန်း ၅၃၀၀၀ ဖြင့် ယူခဲ့သည့် ပင်စင်သမားများသည် လက်ရှိတွင် ၁၉၈၀၀၀ နှုန်းဖြင့် တွက်ချက်ရမည်ဖြစ်ပြီး လစာနှုန်း ၅၉၀၀၀ ဖြင့် ယူခဲ့သည့် ပင်စင်သမားများသည် လက်ရှိတွင် ၂၁၆၀၀၀ နှုန်းဖြင့် ရရှိမည့် အနေအထား ဖြစ်ကြောင်း၊ အဆင့်အားလုံးကို ထိုအတိုင်း တွက်ချက်ရကြောင်း၊ ပင်စင်ယူသည့် ကာလအခြေအနေပေါ်တွင် မူတည်ပြီး ပင်စင်ယူသည့် အချိန်နှုန်းရှိ ၎င်းထုတ်ခဲ့သည့် နောက်ဆုံးထုတ် လစာကိုသာ မူတည်ပြီး ပင်စင်နည်းဥပဒေများနှင့်အညီ တွက်ချက်ပြီး ပေးရခြင်း ဖြစ်ကြောင်း၊ ဥပမာ ၁-၄-၂၀၁၈ ရက်နေ့ မတိုင်ခင် ချိန်နှုန်းလစာ ကျပ် (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀)နှုန်းဖြင့် အငြိမ်းစား ယူခဲ့သည့် မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း ကျောင်းအုပ်များသည် ၁-၄-၂၀၁၈ ရက်နေ့ နှုန်းဖြင့်ဆိုပါက (၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀) နှင့်ကိုက်ညှိပြီး တိုးမြှင့်ပင်စင်လစာကို ခံစားခွင့်ရှိမည် ဖြစ်ကြောင်း၊ ထိုအချိန်က မြို့နယ်ပညာရေးမှူးဖြင့် အထက်တန်း ကျောင်းအုပ်ရာထူးမတူသော်လည်း လစာတူကြောင်း၊ (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀)စကေး ရကြောင်း၊ ထို့ကြောင့် ၎င်းရာထူးဖြင့် ယူခဲ့သည့်သူများသည် အခုနောက်ဆုံး (၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)ဖြင့် ရမည် ဖြစ်ကြောင်း၊
လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် ဖော်ပြပါရှိထားသည့် အတိုင်း ပညာရေး ဝန်ကြီးဌာန အောက်တွင်ရှိသည့် ဝန်ထမ်းများတွင် ခေတ်ကာလ အလျောက် ဖွဲ့စည်းပုံ အပြောင်းအလဲအရ ရာထူးမတူသော်လည်း လစာနှုန်းတူသည့် သူများ ရှိကြောင်း၊ ရာထူး တူသော်လည်း လစာနှုန်းမတူသည်များလည်း ရှိပါကြောင်း၊ ယခင်က မြို့နယ်ပညာရေး မှူးသည် အထက်တန်း ကျောင်းအုပ်နှင့်အတူတူရကြောင်း၊ ရသည့်လစာသည် ဦးစီး အရာရှိ၏ ချိန်နှုန်းလစာများ ရရှိကြောင်း၊ အခြေခံပညာ ဦးစီးဌာနမှ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အသစ်ပေါ်လာသည့်အချိန်တွင် မြို့နယ်ပညာရေးမှူးများသည် လက်ထောက် ညွှန်ကြားရေးမှူး၏ လစာကို တိုးမြှင့်ရသွားကြောင်း၊ ရသွားသည့်အတွက် မြို့နယ်ပညာ ရေးမှူးချင်း တူသော်လည်း အချိန်ကာလအလိုက် လစာနှုန်းချင်းက မတူတော့ကြောင်း၊ မတူသည့်အတွက် ၎င်းတို့၏ နောက်ဆုံးထုတ် လစာသည် မတူတော့ကြောင်း၊ မတူသည့် အတွက် ဒီဘက်တွင်ရသည့် နောက်ဆုံးပေးထားသည့် ပင်စင်တိုးမြှင့်လစာသည် မတူညီခြင်း ဖြစ်ကြောင်း၊
ထိုကဲ့သို့ တိုးမြှင့်ပေးခဲ့ခြင်းများကို ပညာရေး ဝန်ကြီးဌာနသည် လုပ်သက်အပါအဝင် သတ်မှတ်ချက် (Criteria)များဖြင့် ပညာရှင်အဆင့်များကို ခွဲခြားသတ်မှတ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချကဖြင့် ဆောင်ရွက်ခဲ့ကို သိရှိရကြောင်း၊ ထို့အတူ အခြေခံပညာ ဦးစီးဌာန အောက်တွင် ရှိသည့် အခြေခံပညာကျောင်းများသည် ၂၀၁၂ ခုနှစ်တွင် လုပ်သက် ရမှတ် ၆၃.၁၂ နှင့် အထက်ရရှိသည့် ချိန်နှုန်းလစာ ကျပ် (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) ခံစား နေသည့် မူလတန်း ကျောင်းအုပ်ကြီးများကို ၅-၁၀-၂၀၁၂ ရက်နေ့မှစပြီး ပညာရှင် အဆင့် (၃) ကျပ် (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) အဆင့်ကို တိုးမြှင့်ပေးခဲ့ကြောင်း။ ၃၁-၃-၂၀၁၂ ရက်နေ့ တွင် မူလတန်းပြ လုပ်သက် ၂၀ နှစ်နှင့် အထက်ရှိသည့် မူလတန်းပြ ချိန်နှုန်းလစာ ကျပ် (၄၇၀၀၀-၁၀၀၀-၅၂၀၀၀)များကို ၁၇-၈-၂၀၁၂ ရက်နေ့မှစပြီး အလယ်တန်းပြ (ပညာရှင် အဆင့်-၂)အဖြစ်ဖြင့် ချိန်နှုန်းလစာ ကျပ် (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) သို့ တိုးမြှင့်ပေးခြင်း များကို ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်များဖြင့် ခွင့်ပြုခဲ့ သည်ကို တွေ့ရှိရကြောင်း၊
၈-၉-၂၀၁၂ ရက်နေ့ မတိုင်ခင် အငြိမ်းစားယူခဲ့သည့် မူလတန်းက ကျောင်းအုပ်ကြီးများသည် (ပညာရှင်အဆင့်-၂) ဖြစ်ပြီး ၎င်းတို့၏ နောက်ဆုံးထုတ်လစာသည် ၅၃၀၀၀ နှုန်းဖြစ်သည့် အတွက် ၁-၄-၂၀၁၈ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည့် လစာတွင် မိမိတင်ပြခဲ့သည့် ဇယား တွင် ပါသည့်အတိုင်း ကျပ် (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)ဖြင့် တွက်ချက်ပြီး ခံစားခွင့်ရမည် ဖြစ်ကြောင်း၊ ၈-၉-၂၀၁၂ ရက်နေ့ နောက်ပိုင်းမှ အငြိမ်းစားယူသည့် အမိန့်ကြော်ငြာစာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မူလတန်းကျောင်းအုပ်များ၏ ချိန်နှုန်းလစာသည် ၅၉၀၀၀ ကို ပြောင်းသွားသည့်အတွက် ၎င်းနှင့် ကိုက်ညီသည့် လက်ရှိ ချိန်နှုန်းလစာ အသစ် သည် ကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ဖြင့် ပြန်ရမည် ဖြစ်ကြောင်း၊
သို့ဖြစ်ပါ၍ ပင်စင်ဦးစီးဌာနသည် အခြေခံပညာ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစား ယူခဲ့ကြသည့် ဝန်ထမ်းများ၏ အငြိမ်းစားလစာများကို နိုင်ငံ့ဝန်ထမ်း နည်း ဥပဒေနှင့် အညီ အမိန့်ကြော်ငြာစာ (၃၀/၂၀၁၈)၏ စာပိုဒ်(၃)တွင် ဖော်ပြထားသည့် အတိုင်း ဝန်ထမ်းအငြိမ်းစား ယူသည့် အချိန်ရှိ ထုတ်ယူခဲ့သည့် နောက်ဆုံးထုတ် လစာနှင့် ကိုက်ညှိပြီး လက်ရှိဝန်ထမ်းများ၏ ချိန်နှုန်း လစာအတိုင်းကို တိုးမြှင့်ပြီး တွက်ချက် ခွင့်ပြုပေးထားပြီး ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား ပါသည်။
