ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၉)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးထွန်းထွန်း၊ ပွင့်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး-စလင်းလမ်းမကြီးနှင့် အမှတ်(၄) အထည်စက်ရုံ၊ စိုက်ပျိုးရေးဝါတပ်သို့ ဖောက်လုပ်ထားသော ကတ္တရာ လမ်းအား ပြင်ဆင်မည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြုပြင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးတင်အေး၊ မက်မန်း မဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ “ဝ” (လွယ်လ)၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေးတိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက လိုအပ်သောမြေနေရာရရှိရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူမှုဝန်ထမ်းဦးစီး ဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ဘဏ္ဍာငွေထည့်သွင်းလျာထား ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးအောင်စိုးမင်း၊ ရွာငံ မဲဆန္ဒနယ်က မေးမြန်းသော ရွာငံမြို့နယ်၊ လင်းဝေး ကျေးရွာနှင့် သိမ်ကုန်းကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က သတ်မှတ် လမ်းကျယ်ရရှိရေး မြေယာကိစ္စ ရပ်များနှင့် ကျောက်ဆောင်မိုင်းခွဲ လမ်းချဲ့ထွင် ခြင်းများအတွက် လုပ်ငန်းပမာဏ ခန့်မှန်းတွက်ချက်မှုတို့အား ကွင်းဆင်း လေ့လာစိစစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဒေါ်နန်းထွေးသူ၊ ဖားဆောင်း မဲဆန္ဒနယ်က မေးမြန်းသော ဖားဆောင်းမြို့နယ်၊ ကယားလူမျိုးစုအများဆုံးနေထိုင်သော ဝမ်အောင်း(ကယား)၊ ချီးတွဲ့၊ ဆောင်း လော ကျေးရွာများသို့ သွားသော ပေ ၄၀၀ အရှည်ရှိ ပွန်ချောင်းတံတား တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် လျာထားစီမံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနိုင်နိုင်ဝင်း၊ တမူး မဲဆန္ဒနယ်က မေးမြန်းသော တမူးမြို့နယ်အတွက် လိုအပ် နေသော အိမ်တွင်းမှုသင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (၂၀၁၁-၂၀၁၂ မှ ၂၀၃၀-၂၀၃၁ ထိ) တွင် လျာထား ပါဝင်မှုမရှိပါသဖြင့် ဖွင့်လှစ်ပေး နိုင်ခြင်းမရှိပါကြောင်းနှင့် စိတ်ပါဝင် စားသည့် အမျိုးသမီးငယ်များအနေဖြင့် ကလေးမြို့တွင် ကျောင်းအိပ် ကျောင်းစား တက်ရောက်သင်ကြားနိုင်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၆) ဦးပဲ့ဒူ၊ ဖရူဆို မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသား၊ သင်တန်းသူများကို ယခုလက်ရှိ အရေအတွက် ထက်ပိုပြီး ခေါ်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဘဏ္ဍာနှစ် အလိုက် အဆောက် အဦများ ဆောက်လုပ်ခြင်း၊ အဟောင်းများပြုပြင်ခြင်း၊ စီမံ/သင်ကြားရေးဌာနများ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ဆရာ/ဆရာမများ ခန့်ထားရေး ကိစ္စရပ်များအား လျာထား တင်ပြလျက်ရှိပါကြောင်းနှင့် ခွင့်ပြုမိန့်ရရှိမှုအပေါ် မူတည်၍ တိုးမြှင့်ခေါ်ယူရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇) ဦးစိုင်းဥက္ကာ၊ လဲချား မဲဆန္ဒနယ်က မေးမြန်းသော လဲချားမြို့နယ်၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံတည်ဆောက်ရန် သိမ်းဆည်းခဲ့သော မြေ ၂.၅ ဧကအား မြို့နယ်လူမှုဖွံ့ဖြိုးရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရေး အတွက် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဆိုပါ မြေဧရိယာ အတွက် ဌာနက နှစ်(၃၀)ဂရန် ရရှိပြီးဖြစ်ကြောင်းနှင့် လျှပ်စစ် ဓာတ်အားအပြည့်အဝ ပေးနိုင်ရေး၊ ဓာတ်အားလိုင်းထိန်းသိမ်းရေးတို့အတွက် မဟာဓာတ်အားလိုင်းစခန်းခွဲ တည်ဆောက်ရန် လိုအပ်ပါသောကြောင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဦးညွန့်အောင်၊ မုံရွာ မဲဆန္ဒနယ်က မေးမြန်းသော မုံရွာမြို့နယ်ရှိ ကျောက္ကာရွာ ရေနံချက်ဖိုများနှင့် ဖန်ခါးကျင်းနယ်မြေ ရေနံချက်ဖိုများအပါအဝင် စစ်ကိုင်း တိုင်း ဒေသကြီးတစ်ခုလုံးရှိ ရေနံချက်ဖိုများကို ပိုမိုအဆင့်မြင့်သော ရေနံချက် စက်ရုံများ အဖြစ် မြေဧရိယာ (၂)ဧကဖြင့် တည်ဆောက်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က မတော်တဆဘေးအန္တရာယ်ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုက်ညီအောင် အသေးစား ရေနံချက် လုပ်ငန်း၏ ဧရိယာ အကျယ်အဝန်းကို (၄)ဧကသတ်မှတ်ပေးထားခြင်းဖြစ်သည့် အတွက် ခွင့်ပြုပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၉) ဦးခင်မောင်သီ၊ လွိုင်လင် မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်မြို့နယ် အတွင်းရှိ တောင်နောက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအုပ်စု၊ ကုန်းယော ကျေးရွာ အုပ်စု၊ နမ့်ထမို ကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စုနှင့် နောင်လိုင် ကျေးရွာအုပ်စုများတွင် ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဂျာမနီနိုင်ငံ(KFW) ချေးငွေ စီမံကိန်းဖြင့် ဆောင်ရွက်မည့် တည်ဆောက် ရေးလုပ်ငန်းများအား ၂၀၂၀ ခုနှစ်တွင် စတင်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါကြောင်းနှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျခံဆောင်ရွက်မည့် လုပ်ငန်းများအား ဘဏ္ဍာငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၀) ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်က မေးမြန်းသော ကန်ပက်လက်မြို့ အတွင်း ဓာတ်အားဖြန့်ဖြူးရေး အဆင်ပြေလုံလောက်စေရန်အတွက် ၆၆/KV ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် စီမံလျာထားဖြစ်ပါ ကြောင်းနှင့် ဘဏ္ဍာငွေ အတည်ပြုချက်ရ ရှိပါက အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော သွင်းကုန် ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၀-၉-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
( ဂ ) အစီရင်ခံစာ (၂)ခု တင်ပြခြင်း
(၁) ပညာရေးမြှင့်တင်မှုကော်မတီက မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံ ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများ ဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ၁၉-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(၂) အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၉-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၉-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
