ကန်ပက်လက်မြို့နယ်၏ လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကို မကွေးတိုင်းဒေသကြီး၊ ဆောမြို့လျှပ်စစ်ဓာတ်အားခွဲရုံကနေ တစ်ဆင့် သွယ်တန်းရယူကြရပါကြောင်း၊ ဆောမြို့နှင့် ကန်ပက်လက်မြို့သည် ၁၂ မိုင်ဝေးကွာပြီး ရေရှည် လျှပ်စစ်ဓာတ်အားခွဲဝေဖြန့်ဖြူးရာမှာ နှစ်မြို့နယ်လုံးအတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သည် အာဆီယံအမွေအနှစ်စာရင်းဝင် ပြည်တွင်းပြည်ပ ခရီးသွားတွေ အပန်းဖြေခရီးလာရောက်လည်ပတ်ရာ၊ သဘာဝတောတောင်အလှအပတွေ စုစည်းရာ ခေါ်နူးစုမ် တောင် တည်ရှိသည့် မြို့ဖြစ်တာနှင့်အညီ ရေရှည်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အလားအလာအကောင်းဆုံးမြို့ ဖြစ်ပါ ကြောင်း၊ ဟိုတယ်ဇုန်များ၊ မိသားစု တစ်နိုင်တစ်ပိုင်တည်းခိုခန်းများနှင့် မြို့နယ်အတွင်း ကျေးလက်ဒေသများအထိ ဓာတ်အားဖြန့်ဖြူးပေးရာမှာ ဓာတ်အားလုံလောက်စွာရရှိဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသအတွင်း ဓာတ်အားခွဲဝေ ဖြန့်ဖြူးရေးအဆင်ပြေစေရန် ကန်ပက်လက်မြို့တွင် ၆၆/၁၁ ကေဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ မဖြစ်မနေတည်ဆောက်ပေး ရန် အထူးလိုအပ်နေပါကြောင်း၊ ၆၆/၁၁ ကေဗွီအေဓာတ်အားခွဲရုံ တည်ဆောက်မည့် လုံလောက်သည့်မြေနေရာကိုလည်း သတ်မှတ်လျာထား ရရှိပြီးလည်းသည့်အတွက် ၆၆၊ ၁၁ ကေဗွီအေဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကန်ပက်လက်မြို့နယ်အတွင်း လက်ရှိ လျှပ်စစ်ဓာတ်အားကိုတော့ ၁၁ ကေဗီဓာတ်အား လိုင်းနှင့် ဓာတ်အားဖြန့်ဖြူးပေးထားခြင်းဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့နယ်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာများအား တိုးတက်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ၊ ဆောဓာတ်အားခွဲရုံမှ ကန်ပက်လက်မြို့ သို့ ၆၆ ကေဗီွဓာတ်အားလိုင်း ၉ မိုင်ခန့်နှင့် ကန်ပက်လက်မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ဆောင်ရွက်ရန် စီမံလျာထားပါကြောင်းနှင့် ဘဏ္ဍာငွေအတည်ပြုချက်ရရှိပါက အကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
