ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ လဲချားမြို့နယ်၊ အမှတ်(၄) ရပ်ကွက်အတွင်းရှိ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ (၆၆) ကေဗွီအေ လျှပ်စစ်ဓာတ်အားခွဲရုံ(၁) ရုံ တည်ဆောက်ရန် အတွက် ဧရိယာအကျယ်အဝန်း (၂.၅၀) ဧက ရှိသော မြေကွက်အား သိမ်းယူခဲ့သော်လည်း ၎င်းနေရာတွင် ဓာတ်အားခွဲရုံကို မတည်ဆောက်ဖြစ်ဘဲ လက်ရှိ တည်ဆောက်ထားသော ဧရိယာအကျယ် (၅.၅၀) ဧက မြေကွက်ပေါ်တွင် ပြောင်းရွှေ့တည်ဆောက်ခဲ့ပါကြောင်း၊ မူလမြေကွက်အား ဓာတ်အားခွဲရုံအဖြစ် ဌာနမှအသုံးပြုခြင်းမရှိပါက ပြန်လည်စွန့်လွှတ်ပေး မည်ဟု ပြည်သူလူထုအား ကတိပေးခဲ့သော်လည်း ယနေ့တိုင် ပြန်လည်စွန့်လွှတ်ခြင်း မရှိသေးကြောင်း၊
လဲချားမြို့ လျှပ်စစ်ဌာနအနေဖြင့် ယခုလျှပ်စစ်ဓာတ်အားခွဲရုံနေရာ ၅.၅၀ ဧက၊ လျှပ်စစ် ဝန်ထမ်းအိမ်ရာ ၃.၈၂ ဧက၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀.၉၅ ဧက၊ ယခုလျှပ်စစ် ဓာတ်အားခွဲရုံမတည်ဆောက်ဖြစ်သောမြေနေရာ ၂.၅၀ ဧက စုစုပေါင်းမြေဧက ၁၂.၇၇ ဧကကို ရရှိထားပါကြောင်း၊
ယခု လက်ရှိမြို့နယ်အားကစားကွင်းမှာ အားကစားရုံတည်ဆောက်ရန်မြေနေရာ လုံ လောက်ခြင်းမရှိသည့်အတွက် ဖော်ပြပါမြေကွက်အား ပြန်လည်စွန့်လွှတ်ပေးပါက လဲချား မြို့နယ် လူငယ်များအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက် အတွင်းရှိ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် ယခင်က သိမ်းဆည်းခဲ့သော ဧရိယာ ၂.၅၀ ဧကရှိ မြေနေရာအား မြို့နယ်လူငယ်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အမှတ်(၄) ရပ်ကွက် ၊ ကွင်းအမှတ်(၁၆)၊ မင်္ဂလာကွက် သစ်ကွင်း၊ ဦးပိုင်အမှတ်(၁၈၄) မြေဧရိယာ ၂.၅၀ ဧကအနက်မှ ၀.၅၁၆ ဧကပေါ်တွင် စက်သုံးဆီအရောင်းဆိုင်နှင့် စားသောက်ကုန်ရောင်းဝယ် ဖြန့်ဖြူးရေးဆိုင် ဖွင့်လှစ်လိုပါသဖြင့် မြေအသုံးချခွင့်ပေးပါရန် ဦးစိုင်းဥက္ကာ၊ လဲချားမြို့၊ ရပ်ကွက်(၂) နေသူမှ လျှောက်ထားလာ သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၃-၁-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဥ် (၁-၁/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၅ (ဇ) အရ စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် လျှောက်ထားလာခြင်းကို ခွင့်မပြုကြောင်း ကာယကံရှင်ထံ အသိပေး အကြောင်းကြားထားသည်ဟု သိရှိရပါကြောင်း၊
အဆိုပါ မြေဧရိ ယာ ၂.၅၀ ဧကအား ဌာနက နှစ်(၃၀)ဂရန် လျောက်ထားပြီးဖြစ်ပါကြောင်း၊ ၆၆/၁၁ ကေဗွီ နမ့်စန်-လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းဖြင့် စုစုပေါင်း ၆၈.၈ မိုင် ကွာဝေးသော လွိုင်လင်-လဲချား-မိုင်းကိုင်-မိုင်းနောင်-မိုင်းရှူး-ကျေးသီးမြို့များကို စဉ်ဆက် မပြတ် လျှပ်စစ် ဓာတ်အားပေးလျက်ရှိပြီး အဆိုပါ ဓာတ်အားလိုင်းမှာ ဒေသနေပြည်သူများ အတွက် အရေးကြီးသော ဓာတ်အားလိုင်းဖြစ်သကဲ့သို့ နောင်တွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲလာသူ များပြားလာမည်ဖြစ်ရာ အဆိုပါ ၆၆/၁၁ ကေဗွီ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင် နိုင်ရန်အတွက် မဟာဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းရေးစခန်းခွဲရုံး တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊
လက်ရှိ အဆိုပါစခန်းခွဲရုံးကို တည်ဆောက်ပြီးချိန်တွင် ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်း ရန်အတွက် လိုအပ်သော ကျောက်တိုင်၊ ဓာတ်ကြိုး၊ ကြွေသီး၊ အရန်ပစ္စည်းများထားရှိရန် စတိုရုံးများလည်း ဆက်လက်တည်ဆောက်ပြီး ဓာတ်အားလိုင်းထိန်းသိမ်းရေးစခန်းခွဲမှာ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများလည်း ဆက်လက် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဌာနအနေဖြင့်ရရှိသည့် ဘတ်ဂျက်ပေါ် မူတည်ပြီး ဦးစားပေးတည်ဆောက်ရသော နေရာများတွင် တည်ဆောက် နေသည့်အတွက် လက်ရှိနေရာတွင် လိုအပ်သည့် မဟာဓာတ်အားလိုင်းထိန်းသိမ်းရေး စခန်း ခွဲရုံးကို တည်ဆောက်နိုင်ခြင်းမရှိသေးသော်လည်း ထိုဒေသနေပြည်သူများအတွက် လျှပ်စစ် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းရန် စခန်းခွဲရုံးများတည်ဆောက်ရန် လိုအပ်ပါသောကြောင့် အဆိုပါမြေနေရာအား ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
