မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ထံမှ(T&C Co; Ltd)လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့်ရက်စွဲ လွဲမှားဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည်နှင့် လုပ်ပိုင်ခွင့်ချမှတ်ထားသော မြေပုံအချို့ကို မြေပြင်၌ မည်သည့် အချိန်တွင် ကွင်းဆင်းစစ်ဆေးမည်တို့တို့ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နမ္မတူမြို့နယ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် လုပ်ပိုင်ခွင့် ရရှိပြီးနောက် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသည့် ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများ ရှိနေခဲ့ပါကြောင်း၊ ၎င်းတို့အနက် T&C Co; Ltd က နှစ်ရှည်ပင်စိုက်ပျိုးရန် နိုင်ငံတော်မှ ၂၀၀၉ ခုနှစ်တွင် ၇၉၇ ဧက၊ ၂၀၁၀ ခုနှစ်တွင် ၃၅၀ ဧက၊ ၂၀၁၁ ခုနှစ်တွင် ၆၅၀ ဧက စုစုပေါင်း ၁၇၉၇ ဧကကို ရွာနှင့် တစ်မိုင်ခန့်ဝေးသည့်နေရာမှ စတင်လုပ်ကိုင်ရန် ခွင့်ပြုမိန့်ချပေးခဲ့ပါကြောင်း၊
ကုမ္ပဏီသည် ရွာနှင့် တစ်ဆက်တစ်စပ်တည်းရှိသော ဒေသခံတွေစိုက်ပျိုးလျက်ရှိသည့် ခြံမြေများကို သိမ်းယူစိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဒေသခံများနှင့် ကုမ္ပဏီ မြေ အငြင်းပွားမှုကြောင့် T&C Co; Ltd ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာ ဥပဒေနှင့်အညီ မစိုက်ပျိုးဘဲ ကျန်ရှိနေသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိစစ်တွေ့ရှိခဲ့ရ ပါကြောင်း၊ ကျန်ရှိနေသည့်မြေများတွင် စိုက်ပျိုးနိုင်သော်လည်း မစိုက်ပျိုးဘဲ ချန်ထားသည့် မြေနှင့် သီးနှံစိုက်ပျိုး၍ မရသည့်မြေဆိုပြီး နှစ်မျိုးတွေ့ရှိခဲ့ရပါကြောင်း၊
မစိုက်ပျိုးဘဲ ကျန်ရှိနေသည့် မြေများကို ဒေသခံများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဗဟိုသို့တင်ပြရန် မြို့နယ်လယ်ယာမြေ စိစစ်ရေးအဖွဲ့ကို အကြံပြုခဲ့ပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဥပဒေကို ပြန်လည်ပြင်ဆင်ပြီးချိန်အထိ နိုင်ငံတော်မှပြန်လည် သိမ်းဆည်းကြောင်း အမိန့်ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၇-၁၁-၂၀၁၈ ရက်နေ့တွင် နမ္မတူ မြို့နယ်အတွင်း ခွင့်ပြုမိန့်ရရှိပြီး ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ပြန်လည်သိမ်းဆည်းပြီးကြောင်း အမိန့်ထုတ်ပြန် ပေး နိုင်ခြင်း ရှိ/မရှိကို ကြယ်ပွင့်မပြအနေနှင့် မေးမြန်းခဲ့ရာ ဝန်ကြီးဌာနက ပြန်လည် သိမ်းဆည်း ခဲ့ပြီးဖြစ်ပါကြောင်းနှင့် မြေဧရိယာ ၇၉၇ ဧကတွင် ကုမ္ပဏီအနေဖြင့် နှစ်ရှည်ပင်ရာဘာ အပြည့်အဝ စိုက်ပျိုးလုပ်ကိုင်ထားရှိပြီး ဖြစ်ပါကြောင်း၊ မေးခွန်းပါ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်မြေ ၁၂၀ ဧကသည် လုပ်ကိုင်ခွင့်ရမြေဧရိယာ ၇၉၇ ဧကအတွင်း မဟုတ်ဘဲ ၆၅၀ ဧကအတွင်းမှာသာဖြစ်ပါကြောင်းနှင့် လုပ်ကိုင်ခွင့်ရရှိသည့် ၁၇၉၇ ဧက အနက် အချို့နေရာများသည် နားဆိုင်းကျေးရွာနှင့် မိုင်ဝက်ခန့်သာ ကွာဝေးလျက်ရှိသည်ကို စိစစ်သိရှိရပါကြောင်းဟု ပြန်လည်ဖြေဆိုခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ ဖြေဆိုချက်သည့် ၆၅၀ မှာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည်ဆိုသော်လည်း အမှန်တကယ် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည်မှာ ၇၉၇ ဧကတွင် ရှိနေသည်ကို တွေ့ရှိရ မည်ဖြစ်သည့်အတွက် ဖြေဆိုချက်မှာ ကွဲလွဲနေပါကြောင်း၊ မြို့နယ် သက်ဆိုင်ရာအာဏာပိုင် ကိုယ်တိုင် လက်မှတ်ထိုးထားပြီး အမှန်ရယူထားသည့် စာရင်းအတိုင်း တင်ပြမြေ ၁၂၀ ဧက တည်နေရာ ကွဲလွဲသွားမှုသည့် မည့်အတွက်ကြောင့် ကွဲလွဲရခြင်းဖြစ်သည်ကို တိကျစွာ ဖြေကြားပေးမှုမရှိခြင်းသည် အဂတိလိုက်စားမှုနှင် ဆက်စပ်နေနိုင်သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်၏ ခိုင်လုံသည့် အထောက်အထားနှင့် မေးခွန်းမေးမြန်းခြင်းကိုလည်း ကိုယ်စားလှယ်၏ မေးခွန်းအမှားဖြစ်အောင် ဆောင်ရွက်နေခြင်းသည် လွှတ်တော်ကို တာဝန်ခံထားသည့် ကိုယ်စားလှယ်ကို မထီမဲ့မြင်ပြုရာရောက်ပါကြောင်း၊
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ထံမှ T&C Group Co; Ltd လုပ်ပိုင်ခွင့်ရ မြေဧရိယာနှင့် ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့် ရက်စွဲ လွဲမှားစွာ ဖြေကြားမှုအတွက် မည်သူ့တွင်တာဝန်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မည်သို့ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ လုပ်ပိုင်ခွင့်ချမှတ်ထားသည့် မြေပုံအချို့နှင့် နားဆိုင်းရွာသည် တစ်မိုင်ကျော် သို့မဟုတ် မိုင်ဝက်ကျော် ငြင်းဆိုနေခြင်းထက် မြေပြင်ကို မည်သည့်အချိန်တွင် ကွင်းဆင်းစစ်ဆေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းတွင် အပိုင်းနှစ်ပိုင်းပါရှသည်ကု တွေ့ရှိရပါကြောင်း၊ ပထမပိုင်းမေးခွန်းဖြစ်သည့် ကုမ္ပဏီလုပ်ပိုင်ခွင့်ရ မြေဧရိယာနှင့် ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်အပေါ်မေးမြန်းသည့်အပေါ် ဦးစွာပြန်လည်ဖြေကြားမည်ဖြစ်ပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်မှ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင် မေးမြန်းခဲ့သော ကြယ်ပွင့်မပြ မေးခွန်းတွင် ပူးတွဲပေးပို့ခဲ့သည့် နမ္မတူမြို့နယ် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စိစစ်ချက်တွင် ဖော်ပြခဲ့သည့် စာရင်းသည့် အမှန်ဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းနှင့်ဆက်စပ်ပြီး မေးမြန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကြယ်ပွင့် မပြမေးခွန်း၏ ပူးတွဲပေးပို့ခဲ့သည့် စာရင်းအရ T&C Co; Ltd ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က နမ္မတူမြို့နယ်၊ နားဆိုင်း ကျေးရွာတွင် ဧရိယာ ၇၉၇ ဧကကို ခွင့်ပြုခဲ့သည့် ရက်စွဲသည် ၉-၄-၂၀၀၉ ဖြစ်ပြီး စာအမှတ်သည် ၂၂၇၆၉/၁၀ မယ(ဖ)(၁၁)၂၀၀၉ ဖြစ်သည်ကို ဖော်ပြတွေ့ရှိရပါကြောင်း၊ ယင်းအပေါ် ဝန်ကြီးဌာနမှ ဖြေကြားချက်သည်လည်း ယင်းရက်စွဲစာအမှတ်အတိုင်း လွဲမှားမှုမရှိ ဖြေကြားမှုရှိခဲ့ပါ ကြောင်း၊ သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်မှ ပူးတွဲပေးပို့သည့် စာရင်းမှာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုသည် ဧရိယာ ၆၇၇ ဧက၊ ဆောင်ရွက်ရန် ကျန်ဧကကို ၁၂၀ ဧကဟု ဖော်ပြထားပါကြောင်း၊ ဝန်ကြီးဌာနမှဖြေကြားချက်အရ ခွင့်ပြုခဲ့သည့်ဧရိယာ ၇၉၇ ဧက အားလုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊
ထပ်မံပြီး T&C Co; Ltd ကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က ၁၀-၂-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၁၁၄၄(က)/၁၀ မယ(ဖ)(၁၁)၂၀၁၁ ဖြင့် ခွင့်ပြုခဲ့သည့် ဧရိယာ ၆၅၀ ဧကကို ဝန်ကြီးဌာနမှဖြေကြားချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ဧရိယာသည့် ၅၃၀ ဧကဖြစ်ပြီး ဆောင်ရွက်ရန် ကျန်ဧရိယာဟာ ၁၂၀ ဧကဖြစ်သည့်အတွက် ယင်းဧရိယာ ၁၂၀ ဧကကို မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၇-၁၂-၂၀၁၈ ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၈ ဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မေးခွန်းတွင် ပူးတွဲတင်ပြခဲ့သည့် အချက်အလက်များ သည် အထူးအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီမှ တရားဝင်ပေးပို့ထားသည့် စာရင်းမဟုတ်ဘဲ မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ကနဦး စိစစ်ချက် စာရင်းများသာ ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှစပြီး နိုင်ငံနှင့်အဝန်း ခွင့်ပြုထား ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက် ခြင်း ရှိ/မရှိနှင့် မရှိပါက ဥပဒေနှင့်အညီ ခွင့်ပြုမိန်ရုပ်သိမ်းရေးအတွက် ဒေသအလိုက် အထူးအဖွဲ့များဖွဲ့စည်းပြီး ကွင်းဆင်းဆောင်ရွက်စေခဲ့မှု ရှိခဲ့သည့်အလျောက် အထူးအဖွဲ့က ပြန်လည်စိစစ်ချက်အရ မြေပြင်နှင့်ကိုက်ညီသည့် စာရင်းကို တင်ပြခဲ့ခြင်းကြောင့် ကွဲလွဲရခြင်း ဖြစ်ကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်မှုသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်လိုက် ထိန်းကျောင်းစိစစ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မြေပြင်ပကတိအခြေအနေအပေါ်မှာ အခြေခံမူပြုတဲ့အလျောက် အဂတိနှင့်ဆက်နွယ်မှုမရှိပါ ကြောင်း၊
မေးခွန်းပါ ဒုတိယအပိုင်းဖြစ်သည့် လုပ်ပိုင်ခွင့် ချမှတ်ထားသည့်နေရာနှင့် နားဆိုင်းရွာအကွာ အဝေးနှင့်စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးရန်နှင့် ပတ်သက်၍ T&C Group Co; Ltd ကို လုပ်ပိုင်ခွင့်ပြု ပေးထားခဲ့သည့် မြေနေရာတွေဟာ နားဆိုင်းကျေးရွာ၏ အကွာအဝေးနှင့် ပတ်သက်ပြီး ခွင့်ပြုခဲ့စဉ် ၂၀၁၁ ခုနှစ်က ကျေးရွာနှင့်မည်မျှကွာရမည်ဟု သတ်မှတ်ထားခြင်း မရှိခဲ့ပါကြောင်း၊
၂၀၁၃ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများအခန်း(၂)၊ နည်း ဥပဒေ ၁၀၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၆)အဖြစ် ကျေးရွာဥပစာနယ်နိမိတ်မှ နှစ်မိုင် ကွာဝေးခြင်း ရှိ/မရှိဟု ပြဋ္ဌာန်းထားခြင်းသာဖြစ်ပါကြောင်း၊
T & C Group Co.,Ltd ၏ လုပ်ပိုင်ခွင့်ရဧရိယာအတွင်း တောင်သူများ၏ လုပ်ပိုင်ခွင ဧရိယာများ ပါရှိခဲ့မှုအပေါ် နမ္မတူမြို့နယ် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကာလအတွင်း စုစုပေါင်း (၇)ကြိမ်တွေ့ဆုံညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နှင့် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဝင်များက T & C Group Co.,Ltd မှ တာဝန်ခံနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ထပ်မံ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် နမ္မတူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နားဆိုင်းကျေးရွာမှတောင်သူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူးတို့ ထပ်မံတွေ့ဆုံညှိနှိုင်း ခဲ့ကြရာ နားဆိုင်းကျေးရွာ တောင်သူများကိုယ်စား ဦးဝင်းမောင် မှ T & C Group Co.,Ltd ဧရိယာအတွင်း တောင်သူ ၆၂ ဦး၏ မြေဧရိယာတွေပါဝင်သွားသည့်အပေါ် တောင်သူ ၁၇ ဦးကို လျော်ကြေးပေးအပ်ပြီးဖြစ်သော်လည်း ကျန်ရှိတောင်သူ ၄၅ ဦးအတွက် လျော်ကြေးငွေ သို့မဟုတ် မြေပြန်လည်ပေးအပ်ရန် တင်ပြတောင်းဆိုခဲ့ပါကြောင်း၊
၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ် စိုက်ပျိုးရေးရုံးခန်းမတွင် ထပ်မံတွေ့ဆုံညှိနှိုင်းခဲ့ကြရာ နားဆိုင်းကျေးရွာ တောင်သူ ၄၅ ဦးကိုယ်စား ဦးဝင်းမောင်ပါ တောင်သူငါးဦးက တင်ပြဆွေးနွေးခဲ့ပြီး ၎င်းတို့မှတင်ပြတောင်းဆိုရာတွင် ကုမ္ပဏီက ရာဘာ များစိုက်ပျိုးထားသော်လည်းပဲ သီးနှံပျက်စီးသွားသည့် ဧရိယာများနှင့် အောင်မြင် ဖြစ်ထွန်းမှု မရှိသော မြေနေရာများကို ပြန်လည်ရယူလိုကြောင်း၊ မြေအပြည့်အဝ မရသော်လည်း ပြည်နယ်အစိုးရမှသတ်မှတ်ပေးထားသည့် လျော်ကြေးနှုန်းအတိုင်း ရရှိလိုကြောင်းကို ို့ တင်ပြခဲ့ပါကြောင်း၊ T & C Group Co.,Ltd အနေဖြင့် ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရ ၁၇၉၇ ဧကအနက် အကောင်အထည်ဖော်ရန်ကျန်သည့် ဧက ၁၂၀ ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း၊ ကုမ္ပဏီမှ ရာဘာယာစိုက်ပျိုးထားသော်လည်း ပျက်စီးသွားသည့် ဧရိယာနှင့် အောင်မြင်ဖြစ်ထွန်းမှုမရှိသည့် ဧရိယာအချို့ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ပေးအပ်၍ မရသည့်မြေနေရာကို ပြည်နယ်အစိုးရမှ သတ်မှတ်ထားသည့် လျော်ကြေးနှုန်းထားအတိုင်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများကနေ တင်ပြ တောင်းဆိုသည့် မြေနေရာများကို ပြန်လည်ကွင်းဆင်းတိုင်းတာပေးစေလိုကြောင်း ရှင်းလင်း တင်ပြခဲ့မှုအခြေအနေကို ပြည်နယ်အစိုးရအဖွဲ့ကလည်း ဖြေကြားထားမှုရှိပါကြောင်း၊ ကွင်းဆင်းတိုင်းတာမှုများကို ယခုနှစ် မတ်လ ၅ ရက်နေ့ ကနေ စတင်ဆောင်ရွက်ခဲ့ရာ မူလက တောင်သူ ၄၅ ဦးကျန်ရှိကြောင်း တင်ပြခဲ့သော်လည်း မြေပြင် ကွင်းဆင်းစိစစ်ချက် အရ တောင်သူ ၄၇ ဦးကျန်ရှိသည်ကို စိစစ်သိရှိရပါကြောင်း၊ ကွင်းဆင်းတိုင်းတာခြင်း ကို ဆောင်ရွက်ရာတွင် ၁၃-၃-၂၀၁၉ ရက်နေ့အထိ တောင်သူပေါင်း ၃၂ ဦး၏ လုပ်ကွက်ပေါင်း ၃၄ ကွက်ကို တိုင်းတာပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၁၄-၃-၂၀၁၉ ရက်နေ့မှစပြီး နယ်မြေ လုံခြုံရေးအရ ကွင်းဆင်းတိုင်းတာခြင်းကို ရပ်နားထားရပါကြောင်း၊ ၁၈-၃-၂၀၁၉ ရက်နေ့မှ ၂၅-၃-၂၀၁၉ ရက်နေ့ အထိ တိုင်းတာခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ တောင်သူ ၄၁ ဦး၏ လုပ်ကွက်ပေါင်း ၄၇ ကွက်၊ ဧရိယာအားဖြင့် ၄၄၉.၄၂ ဧကကို အပြီးသတ် တိုင်းတာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအပြီးသတ်တိုင်းတာခဲ့သည့် ဧရိယာအနက် ကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်မည့် တောင်သူပေါင်း ၁၄ ဦး၊ လုပ်ကွက်ပေါင်း ၁၆ ကွက်၊ ဧရိယာပေါင်း ၁၇၉.၀၆ ဧကနှင့် ကုမ္ပဏီမှ နစ်နာကြေးပေးလျော်မည့် တောင်သူ ၂၇ ဦး၊ လုပ်ကွက်ပေါင်း ၃၁ ကွက်၊ ဧရိယာပေါင်း ၂၇၀.၃၆ ဧက တို့ကို ခွဲခြားတိုင်းတာဆောင်ရွက်ပြီး လည်းဖြစ်ပါကြောင်း၊ မြေပြင်မှာ ကွင်းဆင်း လိုက်လံပြသနိုင်ခြင်းမရှိသေးသည့် တောင်သူ ရှစ်ဦး၏ မြေနေရာများကိုသာ တိုင်းတာရန်ကျန်ရှိပါကြောင်း၊ သို့ဖြစ်သည့်အတွက် ဒေသမှာ အခင်းဖြစ် T & C ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရမြေဧရိယာအတွင်း တောင်သူများ လိုက်လံပြ သနိုင်သည့် မြေနေရာများကို ကွင်းဆင်းတိုင်းတာရရှိသည့် စာရင်းအရ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နှစ်ဦးနှစ်ဘက်ညှိနှိုင်းစိစစ်ဖြေရှင်း ဆောင်ရွက်ရန်ရှိမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
