(ဃ)-အခြေခံပညာ ကျောင်းများမှ လုပ်အားပေး ဆရာ ဆရာမများနှင့် အရည်အချင်းမီ ဘွဲ့ရ အထွေထွေလုပ်သားများအား အမြဲတမ်း နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများအဖြစ် ခန့်ထားပေးရန်နှင့် ပညာရေး ကော်လိပ်နှင့် ပညာရေး တက္ကသိုလ်သို့ ဆက်လက် တက်ရောက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက် ပေးမည်နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
လက်ရှိအချိန်တွင် ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များ၏ လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင် ဆရာအတတ်သင် သင်တန်းများက နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးသည့် ဆရာဆရာမ အရေအတွက်သည် အခြေခံပညာကျောင်းများတွင် အမှန်တကယ် လိုအပ်နေသည့် ဆရာ ဆရာမ အရေအတွက်ကို ပြည့်မီစွာ မဖြည့်ဆည်းပေးနိုင်သည့်အတွက် အခြေခံပညာ ကျောင်းများမှ ဘွဲ့ရ လုပ်အားပေး ဆရာဆရာမများ၊ ဘွဲ့ရ နေ့စားလပေး၊ အထွေထွေလုပ်သား ဆရာမများနှင့် ဖြည့်ဆည်းပေးနိုင်ရန် ပညာရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်ထားနိုင်မှုကို သိရှိလိုသည့်အတွက် မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်း၊
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ၎င်းနိုင်ငံ၏ ပညာရေးအပေါ်တွင် မူတည်နေသကဲ့သို့ အရည်အသွေး ပြည့်ဝသည် ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ရန် အရည်အသွေး ပြည့်ဝသည့် ဆရာဆရာမများ လုံလောက်စွာ မွေးထုတ်လေ့ကျင့်ရေးသည် အလွန် အရေးကြီးလှကြောင်း၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၆ ခုနှစ် သြဂုတ်လစာရင်းအရ တစ်ပြည်လုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၃၉၃၀ ရှိသည်ကို သိရှိရကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပညာရေး ဘွဲ့ရရှိသူနှင့် ဘွဲ့မရရှိသူ ဆရာဆရာမများသည် ၃၇၀၇၄၀ ရှိသည်ကို သိရှိရကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လ စာရင်းအရ ဆရာ၊ ကျောင်းသား အချိုးသည် အထက်တန်းကျောင်းအဆင့်တွင် ၁:၂၂ အလယ်တန်းတွင် ၁:၂၈ နှင့် မူလတန်းတွင် ၁:၂၃ ရှိကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာ (၂/၂၀၁၇) တွင် ဖော်ပြထားကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာကဲ့သို့ မြို့နယ်တွင် အထက်တန်းအဆင့် ၁:၂၈၊ အလယ်တန်းအဆင့် ၁:၄၅၊ မူလတန်းအဆင့် ၁:၄၀ ပျမ်းမျှ ရှိနေသည့် အတွက် ဆရာ၊ ကျောင်းသားဦးရေအချိုး မညီမျှမှုသည် ဒေသတော်တော်များများတွင် မြင့်မားလျက်ရှိသည်မှာ ထင်ရှားကြောင်း၊ အကျိုးဆက်အဖြစ် ဝေးလံခေါင်ပါးသည့် ဒေသများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများတွင် သားသမီးများ စာတတ်မြောက်ရေးအတွက် ဆရာလိုအပ်ချက်များကြောင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ထံကွင်းဆင်းတိုင်း တင်ပြတောင်းဆိုလျက် ရှိကြကြောင်း၊
အစီရင်ခံစာ (၂/၂၀၁၇)အရ အခြေခံပညာကျောင်းများတွင် ၂၀၁၇ ခုနှစ် မတ်လအတွက် ဆရာ ဆရာမလိုအပ်ချက် စုစုပေါင်းသည် ၆၃၄၅၉ ဦး ရှိသည်ကို သိရှိရကြောင်း၊ အဆိုပါ လိုအပ်ချက်ကို လက်ရှိပညာရေး တက္ကသိုလ်များ၊ ပညာရေး ကောလိပ်များမှ မွေးထုတ်သည့် လုပ်ငန်းခွင် အကြို သင်တန်း၊ လုပ်ငန်းခွင် သင်တန်းများနှင့် နေ့စားလပေး ဆရာ ဆရာမများနှင့် မဖြည့်ဆည်း ပေးနိုင်သည့်ပုံကို ကြည့်မည်ဆိုပါက အထင်အရှား ဖြစ်ကြောင်း၊ ဆရာ ဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရပ်ရွာရှိ ကျောင်းအကျိုးဆောင် ကော်မတီများ၊ မိဘ၊ ဆရာအသင်းများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား မိဘများ၏ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြရာတွင် မိမိတို့၏ ရင်သွေး၊ သားသမီးများ ဆရာ ပြည့်စုံစွာနှင့် အဆင့်မီသင်ကြားနိုင်ရန် ကျေးရွာများ၊ ရပ်ကွက်များတွင် လုပ်အားပေး ဆရာဆရာမများ အနေဖြင့်ဖြစ်စေ၊ ဘွဲ့ရ နေ့စားလပေး၊ အထွေထွေလုပ်သားများအနေဖြင့်ဖြစ်စေ အများအပြားရှိနေခြင်းသည် ငြင်းမရသည့်အချက် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လူဦးရေ ၁၈၀၀၀၀ ခန့်ရှိသည့် မိမိမဲဆန္ဒနယ်ဒလမြို့နယ်တွင် လုပ်အားပေး ဆရာ ဆရာမ ဦးရေ၊ ဘွဲ့ရ နေ့စားလပေး မပါ ယနေ့အထိ စာရင်းအရ ၂၂ ဦး ရှိကြောင်း၊
လုပ်အားပေး ဆရာ ဆရာမ တချို့သည် လုပ်အားပေးကာလ ရှစ်နှစ်အထိ မိမိကျေးရွာအတွက်၊ မိမိရပ်ရွာပညာရေးအတွက် ပေးသလောက်ယူပြီး ပီတိစားကာ သင်ကြားရေးတာဝန် ထမ်းဆောင်နေရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး အစိုးရ၊ လူမှုရေး ဝန်ကြီးများမှတစ်ဆင့် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနသို့ နိုင်ငံ့ ဝန်ထမ်း ဆရာဆရာမအဖြစ် တာဝန်ပေးအပ်ပါရန် ပေးပို့ဆောင်ရွက်ခဲ့ကြသော်လည်း ယနေ့တိုင် ထူးခြားမှု မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြပေးရန် အကူအညီ တောင်းခံလာကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ လုပ်အားပေး ဆရာဆရာမများကို အမြဲတမ်း ပညာရေး ဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရေးသည် ဖြစ်သင့်ဖြစ်ထိုက်သည့်အတွက် ပညာရေး ဝန်ကြီးဌာနတွင် ၎င်းတို့အတွက် ဦးစားပေးမူဝါဒ ချမှတ်ထားရန် လိုအပ်ကြောင်း၊ ထို့ပြင် ပညာရေး တက္ကသိုလ်နှင့် ပညာရေး ကောလိပ်များသို့ ဆက်လက် တက်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်နိုင်သည့် နည်းလမ်းပေးနိုင်မည်ဆိုပါက ဆရာ ဆရာမလိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်သည့်အပြင် ဒေသခံ လုပ်အားပေး ဘွဲ့လူငယ်များအတွက် သေချာသည့် အလုပ်အကိုင် ဖန်တီးပေးရာ ရောက်မည် ဖြစ်သည့်အတွက် ပြည်သူများကိုယ်စား ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါက်တာ စိန်မြအေး၏ မေးခွန်းဖြစ်သည့် နိုင်ငံတွင် လိုအပ်လျက်ရှိသည့် အခြေခံပညာ ဆရာ ဆရာမ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အခြေခံပညာကျောင်းများတွင် လုပ်အားပေး ဆရာဆရာမများနှင့် အရည်အချင်းမီ ဘွဲ့ရ အထွေထွေ လုပ်သားများကို အမြဲတမ်း နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများအဖြစ် ခန့်ထားပေးရန်နှင့် ပညာရေး ဝန်ကြီးဌာနတွင် ဦးစားပေး မူဝါဒ ချမှတ်ထားခြင်း ရှိ/မရှိနှင့် အဆိုပါ ဆရာ ဆရာမများအတွက် ပညာရေး ကောလိပ်နှင့် ပညာရေး တက္ကသိုလ်သို့ ဆက်လက် တက်ရောက် နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းပြီး ဖြေကြားတင်ပြမည် ဖြစ်ကြောင်း၊
မိမိတို့ ပညာရေး ဝန်ကြီးဌာနသည် ဝန်ထမ်းအသစ် ခန့်အပ်ခြင်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနများသို့ တင်ပြခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုချက် ရရှိသည့် ဝန်ထမ်း အရေအတွက်သည် ဘဏ္ဍာငွေအရ ခွင့်ပြုချက် အရေအတွက်အရသာ ခန့်ထားခွင့် ရှိသည်ကို ဦးစွာ တင်ပြလိုကြောင်း၊ ဘွဲ့ရ အထွေထွေ လုပ်သားများအနေဖြင့် Promotion ရာထူးတိုး လမ်းကြောင်းအရ စာရေး(၁)ရာထူးကို လျှောက်ထားခွင့် ရှိကြောင်း၊ အဆိုပါ ဘွဲ့ရ အထွေထွေ လုပ်သားများနှင့် လုပ်အားပေး ဆရာ ဆရာမများသည် မူလတန်းပြအဖြစ် အမြဲတမ်း ဝန်ထမ်းတာဝန် ထမ်းဆောင်လိုပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို မူလတန်း ဆရာဖြစ်သင်တန်း PPTT သို့ တက်ရောက်နိုင်ရန် လျှောက်ထားဖြေဆို နိုင်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် ဘွဲ့ရ အထွေထွေ လုပ်သားများကို မူလတန်းပြ ဆရာအဖြစ်သို့ တိုးမြှင့်ခန့်ထားပေးခြင်းကို ဆောင်ရွက်မှု မရှိတော့ကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို လုပ်ထုံးလုပ်နည်းအရ ယှဉ်ပြိုင် စာမေးပွဲဖြေဆိုပြီး ဆရာအတတ်သင် သင်တန်းတက် ရောက်စေပြီးမှ မူလတန်းပြအဖြစ် ခန့်ထား ဆောင်ရွက်လျက် ရှိကြောင်း၊ အခြေခံပညာ ဆရာအတတ်ပညာသင်တန်း လက်မှတ် မရှိသေးသည့် ဆရာ ဆရာမများ အားလုံးကို မူလတန်းဆရာအတတ် စာပေးစာယူသင်တန်း၊ အလယ်တန်း ဆရာအတတ် စာပေးစာယူသင်တန်း တက်ရောက်နိုင်ရန် ပညာရေး ကောလိပ်များက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် သင်ကြားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများမှ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ၊ BE.d ဝင်ခွင့် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့် ဆရာ ဆရာမများကို ပညာရေးတက္ကသိုလ် စာပေးစာယူဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်ပါက အထက်တန်းပြ ဆရာအဖြစ် ပညာရေး တက္ကသိုလ်များမှ သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။
