ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့(၁၃.၉.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက် မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင် ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၁)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ရပ်ဆိုင်းခဲ့သော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)တို့တွင် ၎င်းဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီများမှ တည်ဆောက်ရေး လုပ်ငန်းများအတွက် စိုက်ထုတ်လုပ်ကိုင်ခဲ့ရသည့် ငွေကြေးများ ပြန်လည်ရရှိခြင်း မရှိဘဲ ဆုံးရှုံးနစ်နာလျက်ရှိနေပါသဖြင့် ကုမ္ပဏီများ နစ်နာမှုမရှိစေရေးအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက အမှတ် (၁)သံမဏိ စက်ရုံ (မြင်းခြံ) စီမံကိန်း၏ လုပ်ငန်းအကြွေးကျန်များအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် စက်မှုဝန်ကြီး ဌာန၏ ခွင့်ပြုဘတ်ဂျက်ဘောင်အတွင်း ထည့်သွင်းလျာထားနိုင်ခြင်း မရှိခဲ့ သည့် အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း၏ လုပ်ငန်း အကြွေး ကျန်များကို ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၂)    ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်း မဲဆန္ဒနယ်က မေးမြန်းသော‌ သပိတ်ကျင်း မြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၏ ပြည်ထဲရေးအမည်ပေါက် ရွာမြေအတွင်းကျရောက်နေသော သစ်တော မြေအား ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဖွဲ့စည်းထားသော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် အမှန်တကယ်ပယ်ဖျက်ရမည့် ဧရိယာများ အား ပယ်ဖျက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဒေါ်တင်တင်ရီ၊ ကျွန်းစု မဲဆန္ဒနယ်က မေးမြန်းသော ကျွန်းစုမြို့နယ် အတွင်း ရှိ မူလွန်ကျောင်းများတွင် အလယ်တန်းပြ ဆရာ၊ ဆရာမများ ခန့်ထားပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အလယ်တန်းပြဆရာများ ခန့်ထားပေးရန် အတွက် အလယ်တန်း အဆင့်သင်ကျောင်းများတွင် ကျောင်းသားအင်အား ပြန်လည်စိစစ်ပြီး ပိုလျှံနေသော အလယ်တန်းပြဆရာအင်အားကို စိစစ်နေ ဆဲဖြစ်ပါကြောင်း၊ လောလောဆယ် တင်ပြပါကျောင်းများကို လွှဲပြောင်း ခန့်ထားပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဆရာလိုအပ်ချက်ရှိသော ကျောင်းများကို ထပ်မံစိစစ်၍ လိုအပ်သလို လျာထား ဖြည့်စွက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာ ကျောင်းများမှ လုပ်အားပေး ဆရာ၊ ဆရာမများနှင့် အရည်အချင်းမီ ဘွဲ့ရ အထွေထွေလုပ်သားများအား အမြဲတမ်းနိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ အဖြစ် ခန့်ထားပေးရန်နှင့် ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဘွဲ့ရအထွေထွေလုပ်သား များသည် စာရေး (၁)ရာထူးသို့ လျှောက်ထားခွင့်ရရှိခြင်း၊ ဘွဲ့ရအထွေထွေလုပ်သား များနှင့် လုပ်အားပေး ဆရာ၊ ဆရာမများသည် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင် လိုပါက မူလတန်းပြဆရာသင်တန်း (PPTT)သို့ တက်ရောက်လျှောက် ထားဖြေဆိုနိုင်ခြင်း၊ အခြေခံပညာကျောင်းများမှ တာဝန်ထမ်းဆောင်နေ သော ဘွဲ့ရအထွေထွေလုပ်သားများကို မူလတန်းပြဆရာအဖြစ်သို့ တိုးမြှင့် ခန့်ထားပေးခြင်းကို မဆောင်ရွက်တော့ပါကြောင်း၊ ဆရာအတတ်သင် သင်တန်းတက်ရောက်စေပြီးမှ မူလတန်းပြဆရာအဖြစ် ခန့်ထားပါကြောင်း၊ အခြေခံပညာဆရာအတတ်သင် သင်တန်းလက်မှတ်မရှိသေးသော ဆရာ၊ ဆရာမများအားလုံးကို ပညာရေးကောလိပ်မှ သင်တန်းများစီစဉ်ပေးပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဒေါ်နီရွှေလျန်း၊ ထန်တလန် မဲဆန္ဒနယ်က မေးမြန်းသော လုပ်ငန်းခွင် ဆရာ အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT ဝင်ခွင့်ရွေးချယ်ရေး ကိစ္စကို ဒေသခံထဲမှ ဦးစားပေးရွေးချယ်ရန်နှင့် လုံလောက်မှုမရှိမှသာ အခြား တိုင်းဒေသကြီးမှ လျှောက်ထားသူများကို ရွေးချယ်သည့်စနစ် ကျင့်သုံးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက PPTT ဝင်ခွင့်ရွေးချယ်ရေးကိစ္စကို ဒေသခံထဲမှ ဦးစားပေးရွေးချယ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လုံလောက်မှုမရှိမှသာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ လျှောက်ထားသူများကို ရွေးချယ် သည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော အဝေးသင်တက္ကသိုလ် ပညာ သင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက် အိမ်ထောင်စု စာရင်းဝင် ပြောင်းရွှေ့ဝင်ရောက်သည့် အထောက်အထားတင်ပြစေရန် တောင်းခံနေမှုအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အဓိကလိုအပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း အထောက်အထား၊ အမှတ် စာရင်းနှင့် အမှန်တကယ်နေထိုင်သည့် သို့မဟုတ် အလုပ်လုပ်ကိုင်နေသည့် ဒေသရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အတည်ပြုထောက်ခံချက် များဖြင့် လက်ခံသင်ကြားခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှန်တကယ် အခက်အခဲရှိမည်ဆိုပါက အိမ်ထောင်စုစာရင်းမိတ္တူတောင်းခံ နေမှုအား ဖြေလျှော့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်း၊ အမှန်တကယ်နေထိုင်သည့်ဒေသ၊ အလုပ်အကိုင် လုပ်ကိုင်နေသည့် ဒေသများရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူး၏ ထောက်ခံချက်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်အတည်ပြု ထောက်ခံချက်ဖြင့် ကျောင်းပြောင်းရွှေ့ရေး အတွက် သက်ဆိုင်ရာဌာန များနှင့်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သို့မဟုတ် ကောလိပ်ကျောင်း (၁)ကျောင်း တည် ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြေနေရာရရှိပြီးဖြစ်၍ မင်းတပ်မြို့နယ်တွင် ဝိဇ္ဇာသိပ္ပံကောလိပ် (၁)ခု စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

           ( ခ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                       အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အခြေခံ ပညာရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ဥပဒေကြမ်း ကော်မတီ၏ ထပ်မံပြင်ဆင်ချက် (၉)ချက်နှင့် အမျိုးသား လွှတ်တော်၏ပြင်ဆင်ချက်များ အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိသင့်သည့်အချက် (၁၇)ချက် စုစုပေါင်းအချက် (၂၆)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ် ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်း ဥပဒေခွဲ (က)နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

           ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံအဝန်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက် သွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရပ်ကျွမ်းကျင် သူများ မွေးထုတ်သွားရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ခရိုင်၊ မြို့နယ်အဆင့်ထိ စနစ်တကျတိုးချဲ့ ဖွဲ့စည်းပြီး ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များ အောင်မြင်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၆-၉-၂၀၁၉ ရက် (တနင်္လာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။