(စ)-အဝေးသင်တက္ကသိုလ်ပညာသင်ကြားလိုကြသော ကျောင်းသားကျောင်းသူများအတွက် အိမ်ထောင်စုစာရင်းဝင် ပြောင်းရွှေ့ဝင်ရောက်သည့် အထောက်အထားတင်ပြစေရန် တောင်းခံနေမှုအား ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့် အဓိကလိုအပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်းနှင့် အမှန်တကယ် နေထိုင် သည့် သို့မဟုတ် အလုပ်လုပ်ကိုင် နေသည့်ဒေသရှိ ရပ်ကွက်၊ကျေးအုပ်ချုပ်ရေးမှူးများ၏ အတည်ပြုထောက်ခံချက်ဖြင့် လက်ခံသင်ကြားခွင့် ခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အဝေးသင် တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြသည့် ကျောင်းသူကျောင်းသား များတွင် လူတန်းစာအလွှာအသီးသီးမှ အခြေအနေအကြောင်းအမျိုးမျိုးနှင့် ပညာသင်ယူ သင်ကြားနေရခြင်းများရှိပါကြောင်း၊ အများစုက မိမိနှင့် မိသားစုဘဝရပ်တည်နိုင်ရေးအတွက် တက္ကသိုလ်ပညာရေးကို အချိန်ပြည့်တတ်ရောက်သင်ကြားရန် အခက်အခဲရှိသည့်အတွက် ကျရာနေရာ ရရာတွင် အလုပ်တစ်ဖက်နှင့် ပညာသင်ယူသင်ကြား နေကြရသည်ကိုတွေ့ရှိရ ပါကြောင်း၊
အဝေးသင်တက္ကသိုလ်ပညာကို မိမိမွေးရပ်ဒေသနှင့်နီးသည့် တက္ကသိုလ်၊ ကောလိပ်များတွင် သင်ယူသင်ကြားခွင့်ရကြပြီး နေရာဒေသပြောင်းရွှေ့သင်ကြားလိုပါက မိသားစုဝင်ပြောင်းရွှေ့ ပုံစံ(ပုံစံ-၁၀)ဟုခေါ်သည့် လဝက (ပုံစံ-၆၆/၆)နှင့် ပြောင်းရွှေ့ခွင့်တောင်းခံကာ ပညာ သင်ကြားလိုသည့် ဒေသတွင် အိမ်ထောင်စုစာရင်း ဝင်ပြုလုပ်ပြီးမှ လျှောက်ထားနိုင်သည်ဟု သိရှိရပါကြောင်း၊
အလုပ်လုပ်နေသည့် ဒေသနှင့် နီးသည့် အဝေးသင်တက္ကသိုလ်များတွင် တက်ရောက်သင်ယူ နေနိုင်မှုမရှိဘဲ သတ်မှတ်ဒေသတက္ကသိုလ်များတွင် တက်ရောက်သင်ကြားဖြေဆိုခွင့် ရကြ သည့်အတွက် ပညာသင်ကြားရေးအခက်အခဲ၊ စာမေးပွဲဖြေဆိုရန် သွားရောက်ရသည့် အခက်အခဲ၊ တည်းခိုနေထိုင်စားသောက်ရေးနှင့် ငွေရေးကြေးရေး အခက်အခဲ ပြဿနာ များစွာ ကြုံတွေ့နေရသည်ဟု ကြားသိရပါကြောင်း၊
ထို့ကြောင့် အဝေးသင်တက္ကသိုလ်ပညာသင်ကြားလိုကြသော ကျောင်းသူကျောင်းသားများ ပညာဆက်လက်သင်ယူရာတွင် အဆင်ပြေချေမွေ့လွယ်ကူစေရေးအတွက် မိမိသင်ကြား သင်ယူလိုသည့် ဒေသရှိ တက္ကသိုလ်ကျောင်းများတွင် တက်ရောက်သင်ကြားဖြေဆိုနိုင်စေ ရေးအတွက် အိမ်ထောင်စုဝင်စာရင်း ပြောင်းရွှေ့ဝင်ရောက်သည့် အထောက်အထားများ တင်ပြစေရန် တောင်းခံနေမှုအား ပယ်ဖျက်ပေးနိုင်ရေး၊ ဖြေလျော့ပေး နိုင်ရေးရှိ/မရှိနှင့် အဓိကလိုအပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်းနှင့် အမှန်တကယ်နေထိုင်သည့် သို့မဟုတ် အလုပ်လုပ်ကိုင်နေသည့် ဒေသရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ အတည်ပြုထောက်ခံချက်များနှင့် လက်ခံသင်ကြား ဖြေဆိုခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန အဆင့်မြှင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ်များသို့ တက် ရောက်လိုသည့် ကျောင်းသူကျောင်းသားများအား တက္ကသိုလ်ဝင်ခွင့်လက်ခံရာတွင် ၎င်းတို့ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာစစ်ဌာနများအပေါ်မူတည်ပြီး တက္ကသိုလ်အလိုက် ဝင်ခွင့်လက်ခံရန် သတ်မှတ်ထားသည့် စာစစ်ဌာနများအရ တက္ကသိုလ်ဝင် ရွေးချယ်ရေးအဖွဲ့အား ရွေးချယ်ခွင့်ပြုလျက်ရှိပါကြောင်း၊
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အခန်း(၉) အဝေးသင်သင်တန်းရေးရာ ကိစ္စရပ်များ အခန်းတွင် အဝေးသင်သင်တန်းသားတိုင်းသည် အဝေးသင်သင်တန်းတွင် ဘာသာပြောင်း လိုသည့် ကိစ္စ၊ ကျောင်းပြောင်းလိုသည့်ကိစ္စများကို မိမိတို့သင်ကြားခွင့်ရရှိသည့် တက္ကသိုလ်၏ အဝေးသင်ဌာနခွဲသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်၍ရပါကြောင်း၊ ကျောင်းပြောင်းလျှောက်ထားရာတွင် မိမိတက်ရောက်လိုသည့် ဌာနခွဲဆိုင်ရာနယ်မြေတွင် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း အိမ်ထောင်စုစာရင်းမိတ္တူ သို့မဟုတ် ကျောင်းသား သည် ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် သို့မဟုတ် ကျောင်းသားမိဘ တစ်ဦးဦးသည် ဝန်ထမ်းဖြစ်ပါက ပြောင်းရွှေ့မိန့်မိတ္တူ တို့ကို ပူးတွဲတင်ပြရပါကြောင်း၊
ကျောင်းပြောင်းရွှေ့ခွင့်ပြုရေး၊ မပြုရေး၊ ဆုံးဖြတ်ရာတွင် ကျောင်းပြောင်းရွှေ့လိုသည့် ကျောင်းသားကျောင်းသူက တင်ပြလာသည့်အထက်ပါအချက်အလက်များကို ပြည့်စုံ မှန်ကန် မှု ရှိ/မရှိ ဦးစွာစစ်ဆေးပြီးမှ ပြည့်စုံမှန်ကန်မှုရှိပါက လက်ခံမည့်တက္ကသိုလ်၏ ဆရာ ဆရာမ အင်အား၊ လက်တွေ့ခန်းနှင့် စာသင်ခန်းအင်အားတို့ကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှ သာ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အချက်အလက်များ တောင်းရခြင်းမှာ သွား ရောက်လို သည့် တက္ကသိုလ်တည်ရာ နယ်မြေတွင် အမှန်တကယ်နေထိုင်ခြင်း အိမ်ထောင်စုစာရင်းမိတ္တူ သို့မဟုတ် မိဘပြောင်းရွှေ့မိန့်မိတ္တူများ တောင်းခံရခြင်း၏ အဓိကရည်ရွယ်ချက်သည် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားမြို့ကြီးများရှိ တက္ကသိုလ်ကြီးများသို့ အခြားတက္ကသိုလ်၊ ဘာသာရပ်ဌာနခွဲများမှ ပြောင်းရွှေ့သင်ကြားလိုသူ လွန်စွာများပြားသည့်အတွက် ဝန်နှင့်အား မျှစေရန် အထောက်အထားအဖြစ် တောင်းခံခြင်းဖြစ်ပါကြောင်း၊ သို့သော် ကျောင်းပြောင်း ရွှေ့လိုသည့် အဝေးသင်ကျောင်းသားကျောင်းသူများအတွက် အမှန်တကယ် အခက်အခဲရှိ မည်ဆိုပါက အိမ်ထောင်စုစာရင်းမိတ္တူ တောင်းခံနေမှုကို ဖြေလျော့ပြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်း၊ အမှန် တကယ် နေထိုင်သည့် ဒေသ၊ အလုပ်အကိုင် လုပ်ကိုင်နေသည့်ဒေသများရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်အတည်ပြု ထောက်ခံချက်ဖြင့် ကျောင်းပြောင်းရွှေ့ရေးအတွက် စိစစ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အဝေးသင်တက္ကသိုလ် ဌာနခွဲများနှင့်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
