(င)-လုပ်ငန်းခွင် ဆရာအကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT ဝင်ခွင့်ရွေးချယ်ရေး ကိစ္စကို ဒေသခံထဲမှ ဦးစားပေးရွေးချယ်ရန်နှင့် လုံလောက်မှုမရှိမှသာ အခြားတိုင်းဒေသကြီးမှ လျှောက်ထားသူများကို ရွေးချယ်သည့်စနစ်ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့(၁၃.၉.၂၀၁၉)

ချင်းပြည်နယ်၊ ဟားခါးပညာရေးကောလိပ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT ဝင်ခွင့်ရွေးချယ်ရာတွင် ဖြေဆိုသူ စုစု ပေါင်းဦးရေ ၁၁၅၁ ဦးဖြစ်ပြီး ချင်းပြည်နယ်အတွက် ရွေးချယ်ခဲ့သောဦးရေမှာ ၁၈၈ ဦးဖြစ် ပါကြောင်း၊ အဆိုပါရွေးချယ်ဦးရေအနက် ၅၆ ဦးသာ ဒေသခံတိုင်းရင်းသားများဖြစ်၍ ရွေးချယ်ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကျန် ၁၃၂ ဦးမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှရွေးချယ်၍ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်း ရှိသည် ကို တွေ့ရှိရပါကြောင်း၊ ထန်တလန်မြို့နယ်အတွက် ၂၁ ဦးရွေးချယ်ပြီး ဒေသခံလေးဦးသာ ပါဝင်၍ ကျန် ၁၇ ဦးသည် တိုင်းများမှရွေးချယ်သူများဖြစ်ပါကြောင်း၊

ချင်းပြည်နယ်သည် မြန်မာပြည်တစ်ပြည်လုံးတွင် စာမေးပွဲအောင်ချက် နှစ်စဉ် အနိမ့်ဆုံး အဆင့်ဖြစ်ရသည်ကို လေ့လာစုံစမ်းရာ ဆရာ၊ ဆရာမများလိုအပ်ချက်ကြောင့်ဖြစ်သည်ကို ပညာရေးဝန်ထမ်းများ တင်ပြချက်အရ သိရှိရပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ် များမှ သင်တန်းသားများရွေးချယ်၍ ချင်းပြည်နယ်တွင်ခန့်ထားပေးသော ဆရာ၊ ဆရာမများ သည် ခေတ္တခဏသာ တာဝန်ထမ်းဆောင်ပြီး မိမိတို့ဒေသဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ် များသို့ ရာထူးတိုးဖြင့်သော် လည်းကောင်း၊ အခြားလူမှုရေးကိစ္စများကြောင့် သော်လည်း ကောင်း ပြောင်းရွှေ့သွားသည့်အခါ လစ်လပ်သည့်နေရာများတွင် ချက်ချင်းအစားထိုးခန့်ထား နိုင်ခြင်းမရှိခြင်းကြောင့် သင်ကြားရေးတွင် အခက်အခဲကြုံတွေ့သည်ကို သိရှိရပါကြောင်း၊ ဥပမာ- ချင်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သင်ကြားရေးဝန်ထမ်းများကို ၃၀ ဦး ပြောင်းရွှေ့ပါက စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်းပြည်နယ်သို့ ၁၀ ဦး အစားထိုးပြန်ဝင်ရမည် ဖြစ်သော်လည်း ဤကဲ့သို့ အစားထိုးခြင်းမရှိဘဲ လစ်လပ်နေရာတွင် အကြိုမူလတန်း ဆရာ အတတ်သင် သင်တန်းဆင်းမှ ခန့်ထားပေးရမည့် အခြေအနေဖြစ်နေပါကြောင်း၊  သို့ဖြစ်ပါ၍ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းသားများကို ရွေးချယ်ရေးမူအရ ရွေးချယ်မည့် အစား ဒေသခံတိုင်းရင်းသားများမှ ဦးစားပေးရွေးချယ်ပါက အထက်ဖော်ပြပါ ဆရာ လိုအပ်ချက် လျော့နည်းသွားမည်ဟု ယူဆမိပါကြောင်းနှင့် အဆင့်မြင့်ပညာရေး ဦးစီးဌာန၏ ရွေးချယ်ရေးလုပ်ငန်းစဉ်အရ အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာဗဟုသုတကို ယှဉ်ပြိင်ဖြေဆို စေ၍ ရမှတ်အပေါ်မူတည်ပြီး ဆရာ၊ ဆရာမတစ်ဦး၏ အရည်အချင်းကို အကဲဖြတ်ရသည်မှာ လည်း ဖွံ့ဖြိုးမှုနောက်ကျသောဒေသများအတွက် ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင်ပါဟု ယူဆ မိပါကြောင်း၊ ဆရာ၊ ဆရာမတစ်ဦး၏ လိုအပ်သော အရည်အချင်းဖြစ်သည့် ဝါသနာ၊ အနစ်နာ၊ စေတနာသုံးပါးရှိပြီး အခါအားလျော်စွာ ဖွင့်လှစ်ပေးသော သင်တန်းများ တက်ရောက်ပြီး လုပ်ငန်းအတွေ့အကြုံရှိလာပါက စွမ်းရည်ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လက်ရှိ ကျင့်သုံးသည့် ရွေးချယ်မှုစနစ်သည့် ဝေးလံခေါင်းပါးသော ဒေသခံ တိုင်းရင်းသား ပညာတတ် ဘွဲ့ရများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနစ်နာခြင်း၊ ဆရာ/ဆရာမ အပြောင်း အရွှေ့များကြောင့် သင်ကြားရေးတွင် နစ်နာမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT ဝင်ခွင့်ရွေးချယ်ရာတွင် အနေမြဲသည့် ဒေသခံတိုင်းရင်းသားများထဲမှ ဦးစားပေးရွေးချယ်ရန်နှင့် လုံလောက်မှု မရှိ မှသာ အခြားတိုင်းဒေသကြီး/ ပြည်နယ်မှ လာရောက် လျှောက်ထားသူများကို ရွေးချယ်သည့် စနစ်ကျင့်သုံးပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း(PPTT)သင်တန်းသို့ တက်ရောက်ခွင့်ပြုရန် သင်တန်းသားများ ရွေးချယ်ရာတွင် တက္ကသိုလ်မှ ဘွဲ့ရသူများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဖွင့်လှစ်ထား သည့် ပညာရေး ကောလိပ်များတွင် ဝင်ခွင့်လျှောက်ထားစေပြီး ရွေးချယ်ရေးလုပ်ငန်းစဉ်အရ အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတတို့ကို ယှဉ်ပြိုင်ဖြေဆိုစေပါကြောင်း၊ ယင်းသို့ ဖြေဆိုရာတွင် နှစ်ဘာသာရမှတ်ပေါင်းကို ကြီးစဉ်ငယ်လိုက်အရလည်းကောင်း၊ သတ်မှတ်ထားသော ရွေးချယ်ရေးမူအရလည်းကောင်း၊ မြို့နယ်အတွင်းရှိ မူလတန်း ကျောင်းသားအရေအတွက်အရ၊ လိုအပ်ချက်အရလည်းကောင်း၊ ပညာရေးကောလိပ်များ၏ ဝင်ဆံ့မှု ဦးရေအပေါ်မူတည်၍လည်းကောင်း၊ မြို့နယ်ခွဲဝေသတ်မှတ်မှုဦးရေအရ လည်း ကောင်း၊ ရွေးချယ်ပြီး တက်ရောက်သင်ကြားခွင့်ပြုခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဝင်ခွင့်ဖြေဆိုသူအားလုံးသည် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ နှစ်သက်ရာမြို့နယ်တစ်ခုကို ရွေးချယ်လျှောက်ထားခွင့်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသကဲ့သို့ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ် ပညာသင်တန်း(PPTT)ဝင်ခွင့်ရွေးချယ်ရေးကိစ္စကို ဒေသခံထဲမှ ဦးစားပေးရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသခံအတွင်းမှ လုံလောက်မှု မရှိမှသာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ လျှောက်ထားသူများကို ရွေးချယ်သည့် စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ်က စပြီး ဆောင်ရွက်ကျင့်သုံးလျက် ရှိပါကြောင်းနှင့် ယခုအချိန်တွင်လည်း ကျင့်သုံးနေပါကြောင်း၊ ဆက်လက်ကျင့်သုံးမည်လည်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။