ကချင်ပြည်နယ်၊ မချမ်းဘောမြို့သည် မလိခမြစ်နှင့် မကျန်းခချောင်း ဆုံသောနေရာတွင် တည်ထားသော မြို့ကလေး တစ်မြို့ဖြစ်ပါကြောင်း၊ မြစ်ချောင်းနှစ်သွယ်ဆုံသောနေရာကို ဒေသစကား ကချင်ဘာသာဖြင့် ဘော့ဟု အဓိပ္ပာယ်ရပါ ကြောင်း၊ ထို့ကြောင့် မချမ်းဘောမြို့သည် မလိခနှင့်မကျမ်းခချောင်းဆုံသောနေရာတွင် တည်ထားသည့် မြို့ဖြစ် သည့်အတွက် မချမ်းဘော့ဟု အမည်ပေးထားခြင်းဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ဌာနတိုင်း၊ နေရာတိုင်းတွင် ဘော့ကိုမသုံးဘဲ ဘောကိုသာသုံးနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မချမ်းဘော အစား မချမ်းဘော့ဟု အောက်ကမြစ်ထည့်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၏အမည်ခေါ်ရာတွင် ဘောနေရာတွင် ဘော့ဆိုပြီးအောက်ကမြစ်ထည့်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၄-၈-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ထုတ်ပြန်ထားရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများစာရင်း ပြန်တမ်းစာအုပ်တွင်လည်း မချမ်းဘောမြို့ဟု ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိသော ကျေးရွာ၊ ကျေးရွာ အုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတကလိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊
မချမ်းဘော မြို့အစား မချမ်းဘော့မြို့ဟု အမည်ပြောင်းလဲသတ်မှတ်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်မှ စတင်ပြီး မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့၊ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဒေသခံပြည်သူလူထု၏ ဆန္ဒသဘောထားများရယူ၍ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာခရိုင်၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများ၏ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြရမည် ဖြစ်ပါကြောင်း၊ အဆိုပါတင်ပြချက်အပေါ် ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပေးမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြလာမှုအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးသို့ အကြောင်းကြားလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ အဆင့်ဆင့် တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူကြောင်း ဆုံးဖြတ်ချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် မချမ်းဘောမြို့အစား မချမ်းဘော့မြို့ဟု အမည်ပြောင်းလဲ သတ်မှတ်သည့်အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
