မိမိတို့မြို့နယ်အတွင်း ကျေးရွာများသွားလာရေးအဆင်ပြေစေရန်နှင့် မြို့နယ်အတွင်း ကုန်စည် စီးဆင်းမှုလွယ်ကူစေရေးအတွက်ရည်ရွယ်ပြီး B.O.T စာချုပ်တွင်မပါသော မြင်းမူမြို့က တိုးဂိတ် ကိုဖျက်သိမ်းပေးရန် မိမိမေးခွန်းမေးမြန်းခဲ့ဖူးပါကြောင်း၊ ၎င်းမေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးကဖြေကြားရာတွင် တိုးဂိတ်ဖျက်သိမ်းရန်အစီအစဉ် မရှိကြောင်းနှင့် မြို့နယ် အတွင်း သွားလာရေးအဆင်ပြေစေရန် ၃ မိုင်အတွင်းတည်ရှိသော ကျေးရွာများကို အခမဲ့ဖြတ်သန်း ခွင့်ပြုမည်ဟု ဖြေကြားခဲ့သော်လည်း တကယ်ခွင့်ပြုသည့်အခါ ကားအားလုံးပါမလာဘဲ အိမ်စီးကား ငယ်များကိုသာ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျေးရွာများသည် အိမ်စီးကားရှားပါကြောင်း၊ မြို့နှင့်ဆက်သွယ်ရာတွင်၊ ကုန်စည်ရောင်းဝယ်ရာတွင် ကားကြီးများ၊ ထော်လာဂျီများကိုသာ အသုံးပြုကြသည်မှာများပါကြောင်း၊
ထို့ကြောင့် ဝန်ကြီးဌာနကခွင့်ပြုပေးခဲ့သော အခမဲ့ဖြတ်သန်းခွင့်သည် ပြည်သူလူထုအတွက် အကျိုး သက်ရောက်မှုအလွန်နည်းခဲ့သည့်အပြင် တိုးဂိတ်နှင့် ၃ မိုင်အတွင်း မြင်းမူ-အရာတော်- နောင်ကြီး အိုင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများရှိသည့်အတွက် ၎င်းလမ်းများကလာသည့်ကားများ အတွက် ထည့်သွင်းစဉ်းစားပေးရန်လိုအပ်သည်ဟု ဆက်စပ်မေးခွန်းတွင် မိမိမေးခဲ့ပါကြောင်း၊ ဒုတိယဝန်ကြီးက သင့်တင့်သည့်နှုန်းထားတစ်ခုဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း လက်တွေ့ခွင့်ပြုသည့်အခါ တစ်ရွာမျှပါမလာပါကြောင်း၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် အောက်ခြေကအကောင်အထည်ဖော်မှုများသည် ကွဲလွဲနေသည်ဟု တင်ပြ ခဲ့သော်လည်း နှစ်နှစ်ကျော်ကြာသည့်ယနေ့အထိ ၃ မိုင်အတွင်း အိမ်စီးကားများကိုသာ အခမဲ့ ဖြတ်သန်းခွင့်ပြုနေသည့်အတွက် ယခုကဲ့သို့မေးခွန်းမေးမြန်းရသည့်အခြေအနေကို ရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊
မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာအုပ်စု ၁၇ စုက ကျေးရွာ ၃၀ သည် မြင်းမူမြို့နယ် ဖြစ်ဖြစ်၊ အခြားမြို့နယ်အတွင်းရှိကျေးရွာများနှင့်ဖြစ်ဖြစ် ဆက်သွယ်သွားလာသည့်အခါ အဆိုပါ တိုးဂိတ်ကို မဖြစ်မနေဖြတ်သန်းရသည့်အခါ လမ်း၏ ၃၊ ၄ မိုင် ကိုသာအသုံးပြုပြီး စစ်ကိုင်း ကလာသည့်ကြေးကို ပေးနေရပါကြောင်း၊ ထိုနည်းတူစွာ မြို့နယ်၏အနောက်ဘက်ခြမ်းရှိ ကျေးရွာ များကလည်း အရှေ့ဘက်ခြမ်းက မိမိမြို့နယ်တွင်းကျေးရွာတစ်ခုကိုသွားသည့်အခါစစ်ကိုင်းကို သွားမည့်ကြေးပေးနေရပါကြောင်း၊ မိမိတို့မြို့နယ်ရှိပြည်သူလူထုများအတွက်အနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်နေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသလိုဖြစ်နေပါကြောင်း၊ မြင်းမူမြို့နယ်ကို နှစ်ပိုင်းပိုင်းထားသလိုလည်း ဖြစ်နေသည့်အတွက် မြင်းမူမြို့နယ်အတွင်း သွားလာရေးလွယ်ကူ စေရန်၊ ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်ရည်ရွယ်ပြီး မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ အုပ်စု ၁၇ စုက ကျေးရွာ ၃၀ ရှိ မော်တော်ယာဉ်များ(အားလုံး)နှင့် ထော်လာဂျီများကို မည်သည့် အချိန်တွင် တိုးဂိတ်အားအခမဲ့ဖြတ်သန်းခွင့်ပြုမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင် ရွှေတောင်ကုမ္ပဏီက တည်ဆောက်ထားသော တိုးဂိတ် ဖြတ်သန်းမှုအပေါ် ဒေသခံပြည်သူများအပြည့်အဝရရှိခံစားနိုင်ရေးအတွက် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ မြင်းမူ တိုးဂိတ်၏အရှေ့အနောက် ၃ မိုင်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှမော်တော်ယာဉ်များစာရင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးသောယာဉ်စာရင်းအမှန်ကောက်ယူရေးအဖွဲ့က ဒေသခံမော်တော်ယာဉ်စာရင်းအမှန်ကို ကောက်ယူပြီးဖြေလျှော့ပေးထားပြီးဖြစ်ပါကြောင်း၊ စီးပွား ရေးလုပ်ငန်းသုံးအဝေးပြေးကုန်စည်သယ်ယူပို့ဆောင်နေသောယာဉ်များမှာ ဒေသခံမော်တော်ယာဉ် များဖြစ်သော်လည်း မြန်မာပြည်အနှံ့ပြေးဆွဲနေသောယာဉ်များဖြစ်ပါက လမ်းအသုံးပြုခပေးဆောင် ရမည် ဖြစ်ပါကြောင်း၊ လမ်းအသုံးပြုခကိုတွက်ချက်ရာတွင် ၁ မိုင်ခရီးသွားလျှင် ၁ မိုင်နှုန်း၊ တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီး တစ်မြို့တွက်ချက်ပြီးကောက်ခံရခြင်းမဟုတ်ဘဲ ဂိတ်တစ်ခုနှင့် တစ်ခုကြား အကွာအဝေးကိုတွက်ချက်ကောက်ခံခြင်းဖြစ်ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းကို ရွှေတောင်ကုမ္ပဏီမှ B.O.T စနစ် ဖြင့် အကျယ် ၂၄ ပေ နိုင်လွန်ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးဖြစ်သည့် အတွက် မြင်းမူတိုးလ်ဂိတ်အရှေ့အနောက် ၃ မိုင်ဝန်းကျင်ရှိ ဒေသခံကျေးရွာများက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသော ယာဉ်စာရင်းအမှန်ကောက်ယူရေးအဖွဲ့က ကောက်ယူ ထားသည့်စာရင်းများအတိုင်း ဖြေလျှော့ပေးထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုးစံသက်ထွန်း(မြင်းမူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမေးခွန်း၏ဆိုလိုရင်းက မြို့နယ်အတွင်းသွားလာရေးကိုဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ရွှေတောင် တိုးလ်ဂိတ်သည် မြင်းမူမြို့နယ်၏အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းကို ခြမ်းထားသလို ဖြစ်နေပါကြောင်း၊ ၎င်းတိုးလ်ဂိတ်သည် မြင်းမူမြို့၏အဝင်ဝထိပ်တည့်တည့်တွင် ရှိသည့်အတွက် မြင်းမူမြို့၏အရှေ့ဘက်ခြမ်းကကျေးရွာများသည် မြင်းမူမြို့ကိုလာမည်ဆိုပါက အဆိုပါတိုးလ်ဂိတ် ကိုဖြတ်ရပါကြောင်း၊ ဝန်ကြီးဖြေကြားသွားသလို တစ်နိုင်ငံလုံးကို အနှံ့သွားနေသောယာဉ်များ လည်း မဟုတ်ပါကြောင်း၊ မိမိတို့ကျေးရွာမှမြို့ကိုတက်ပြီး လူမှုစီးပွားကိစ္စများလာကြခြင်းများ ရှိပါကြောင်း၊ မြို့တက်ပြီးဈေးဝယ်ခြင်းများရှိပါကြောင်း၊ တစ်နိုင်ငံလုံးသွားနေသည့်ယာဉ်များ မဟုတ်ပါကြောင်း၊ ကိုယ့်မြို့နယ်တွင်း၊ မြို့နှင့်ကျေးရွာဆက်သွယ်သောယာဉ်များကိုသာ ပြောခြင်း ဖြစ်ပါကြောင်း၊ ယခု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကဖွဲ့စည်းထားသည့် ယာဉ်စာရင်း ကောက်ယူရေးအဖွဲ့က အိမ်စီးကားငယ်များသာဆိုသည့်အချက်ကိုထည့်ပြီး ၎င်းတို့က ညွှန်ကြား ချက်ထုတ်ထားခြင်း ဖြစ်ပါကြောင်း၊ ရွာများတွင် အိမ်စီးကားငယ်များ အလွန်ရှားပါးပါကြောင်း၊ တစ်ရွာတွင် တစ်စီးရှိရန် မလွယ်ပါကြောင်း၊ ကျေးရွာများတွင် အမှန်တကယ်အသုံးပြုနေသော မြို့နှင့်ရွာ ကူးသန်းသည့်ယာဉ်များကို အခမဲ့ဖြတ်သန်းခွင့်ကိုပြုမည်ဆိုပါက မိမိတို့မြို့နယ်အတွင်း သွားလာရေးအတွက်ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်သည့်အတွက် ယာဉ်စာရင်းကောက်ယူရေး အဖွဲ့တွင် အိမ်စီးကားငယ်များသာဆိုသည့်အချက်ကိုဖျက်ပြီး မြို့နယ်အတွင်းသွားလာနေသော ယာဉ်များဟူ၍ ထည့်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေတောင်ကုမ္ပဏီဆောင်ရွက်နေသော B.O.T လမ်းကို အဓိက ကြီးကြပ်နေသည်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဖြစ်သည့်အတွက် ၎င်းတို့နှင့် ထပ်မံ ညှိနှိုင်းပြီး ကိုယ်စားလှယ်တော်ကြီးမေးမြန်းတင်ပြချက်ကို ပြန်လည်ညှိနှိုင်းပြီး ပြန်လည်ဖြေကြား ပေးမည်ဖြစ်သည့်အကြောင်း ဖြေကြားပါသည်။
