(ဃ)-ကျောင်းကုန်းမြို့နယ်ရှိ ပိန်းဂရက်လေး- ကျောင်းအိုင်- ပိန်းဂရက်ကြီးလမ်း အား ရာသီမရွေး သွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့(၈.၈.၂၀၁၉)

ကျောင်းကုန်းမြို့နယ်ရှိ ပိန်းဂရက်လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီးလမ်းသည် အရှည် ၃ မိုင် ၆.၈ ဖာလုံရှိသည့် မြေသားလမ်းမကြီးဖြစ်ကြောင်း၊ ပိန်းဂရက်လေးကျေးရွာ၊ ကျောင်းအိုင်ရွာ၊ သရက်ချောင်းရွာ၊ တောင်စုရွာ၊ ပိန်းဂရက်ကြီးရွာ၊ ငှက်ရိုးရွာတို့နှင့် တစ်ဆက်တည်း ဖြစ်ကြောင်း၊ ၎င်းလမ်းပေါ်တွင် ကျောင်းအိုင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု၊ ကျောင်းအိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပိန်းဂရက်ကြီးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) များ ရှိကြောင်း၊ နွေရာသီတွင် မြေသားလမ်းနှင့် သွားလာရလွယ်ကူပြီးသော်လည်း မိုးတွင်းတွင် သွားလာရခက်ခဲသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ကျောင်းသားအများစုသည် နှစ်စဉ် သွားလာနေသည့် လမ်းမကြီးဖြစ်ပြီး တချို့ကျန်းမာရေးချို့တဲ့သူများအတွက် မိုးတွင်းတွင် ပုခက်ဖြင့် ထမ်းသွားရသည့်အနေအထားမျိုးဖြစ်နေသည့် လမ်းမျိုးဖြစ်နေသည့် လမ်းဖြစ်ကြောင်း၊ မိုးတွင်းတွင် တောင်သူများ၏ စပါးများ၊ ပဲများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများစွာ ကြီးပြီး ဈေးနှုန်းများ ကွာခြားမှုရှိကြောင်း၊ ၎င်းလမ်းသည် ကျေးရွာပြည်သူများ၏ လုပ်အားဒါနဖြင့် တည်ဆောက်ထားသည့် ပေ ၂၀ လမ်းမကြီးဖြစ်ပြီး ကျောင်းကုန်း-ကျုံပျော် ကတ္တရာလမ်းမနှင့် ကိုင်းတာ-ပိန်းဂရက်ကြီး ကျောက်ခင်းလမ်းတို့နှင့် ဆက်သွယ်လျက်ရှိသည့် လမ်းဖြစ်ကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းလမ်းခင်းနိုင်ပါက ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ တိုးတက်လာမည် ဖြစ်သည့်အတွက် ကျောင်းကုန်းမြို့နယ်ရှိ ပိန်းဂရက်လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီးလမ်းအား ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်း လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပိန်းဂရက်လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီး မြေသားလမ်း အရှည် ၃ မိုင် ၅ ဖာလုံအား လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာ ၁၉ ရွာရှိ လူဦးရေ ၈၂၀၀ ကျော်တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ ၎င်းမြေသားလမ်း အရှည် ၃ မိုင် ၅ ဖာလုံသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့်(၃) တွင် ပါဝင်သဖြင့် မိမိတို့၏ ဦးစားပေးအဆင့်များအရ  ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။