(က)-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့်ကြန့်ကြာနေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့(၈.၈.၂၀၁၉)

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း   

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသသည် မိုးအလွန်များပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသ ဖြစ်ပါကြောင်း၊ ယခင်က ဘဏ္ဍာနှစ်ကာလ‌ပြောင်းလဲမှုမရှိမီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် သည့်အခါမှာ ဧပြီလ၊ မေလ နှစ်လလုံးပွင့်လင်းရာသီကို လွတ်သွားခဲ့သည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ် ကာလ ပြောင်းလဲသတ်မှတ်သည့်အခါ  မြန်မာနိုင်ငံ၏ပထဝီအနေအထားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ပွင့်လင်းရာသီတစ်ခုလုံးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက်လည်း ပါဝင်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ ခေါ်သည့်တင်ဒါလုပ်ငန်းများသည် အလွန်နောက်ကျနေသည်ကို တွေ့ရှိရပါကြောင်း၊

တချို့လုပ်ငန်းများသည် မေလကုန်ခါနီးမှ စာချုပ်ချုပ်သည်ဟုသိရပါကြောင်း၊ ဇွန်လရောက်မှ လုပ်ငန်းစဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဒေသတွင် မေလကုန်ဆိုပါက မိုးဝင်နေပြီ ဖြစ်ပါကြောင်း၊ ခြောက်လပိုင်း ဇွန်လရောက်သွားပါက သွားရေးလာရေးအလွန်ခက်ခဲသည့် အချိန်ရောက်သွားပြီ ဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းများ၊ ကတ္တရာလမ်းများ မဟုတ်သည့်အတွက် များစွာသောအခက်အခဲများကြုံရပါကြောင်း၊ အရည်အသွေးပိုင်းတွင် ထိခိုက်မှုများ များစွာကြုံတွေ့နေရပါကြောင်း၊

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က သုံးလပိုင်း နှင့် နှစ်လ ပိုင်းတွင် တင်ဒါခေါ်ထားပါကြောင်း၊ သုံးလပိုင်းတွင် တင်ဒါဖွင့်ပါကြောင်း၊ သို့သော် တင်ဒါဖွင့်ပြီး မေလပိုင်းတွင် စာချုပ်ချုပ်သည်ကို တွေ့ရှိရပါကြောင်း၊ မိုးရွာသည့်အခါ လုပ်ငန်းများ ရပ်နားထားပါကြောင်း၊ လုပ်ငန်းလုပ်သည့်နေရာတွင် ဆီများသယ်ယူပို့ဆောင်သည့်အခါ လမ်းချော် သည့်အတွက် ခြင်းကြိုးပတ်ပြီး သွားနေရပါကြောင်း၊ မြေသားလမ်းများ ဖောက်လုပ်သည့်အခါ မိုးများစိုသည့်အတွက် ကမ်းပါးများပြိုနေသည့်အခြေအနေမျိုးတွင် အန္တရာယ်များစွာဖြင့် လုပ်နေ ပါကြောင်း၊ ကျောက်ချောလမ်းခင်းသည့်အခါ မိုးရွာသည့်အတွက်အခက်အခဲများကြုံနေရ ပါကြောင်း၊

တင်ဒါခေါ်သည့်အခြေအနေနှင့် စိစစ်သည့်အခြေအနေသည် ခုနစ်လ၊ ရှစ်လ ခန့်ကြာနေသည်ကို တွေ့ရသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာနှစ်ကာလပြောင်းလဲသတ်မှတ်သည့် ရည်ရွယ်ချက်ကကောင်းမွန်သော်လည်း သက်ဆိုင်ရာဌာနများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များက အကောင်အထည်ဖော်မှုအားနည်းသည့်အခါ ဒေသအတွင်းဖွံ့ဖြိုးမှုများများစွာနစ်နာနေရသည်မှာ သက်ဆိုင်ရာဦးစီးဌာနများ၏ ကြိုးနီစနစ်မကုန်သေးသည်လား၊ မိမိဌာနနှင့်သက်ဆိုင်သော လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများမလုပ်ကြဘူးလား၊ သက်ဆိုင်ရာအစိုးရအဖွဲ့ကလည်း ဌာနကမလာမချင်းစောင့်နေခြင်းမျိုး ဖြစ်နေသည်လား သိလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသအစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေး ကြန့်ကြာနေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ဝန်ကြီးဌာနများ၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည်‌့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ဒါ ခေါ်ယူရာတွင် သက်ဆိုင်၍ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးရုံးများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးတို့တွင်  နိုင်ငံတော်သမ္မတရုံး၏ (၁/၂၀၁၇) တင်ဒါ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့မှ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ တင်ဒါခေါ်ယူပေးရန် တင်ပြလာသည့်စာများရရှိပြီးမှသာ ကျပ်သန်း ၁၀၀ အောက်လုပ်ငန်းများအား နိုင်ငံတော်ပိုင်သတင်းစာများ၊ ဒေသဦးစီးအဖွဲ့ရုံး၊ နာဂဒေသရှိ မြို့နယ်စီမံခန့်ခွဲရေးကော်မတီရုံးများ၊ သက်ဆိုင်ရာဌာန၏ ခရိုင်/မြို့နယ်ရုံးများ၏ ကြော်ငြာသင်ပုန်း များနှင့် အများပိုင်ကြော်ငြာသင်ပုန်းတို့တွင် အချိန်တစ်လခန့် ကြေညာ၍လည်းကောင်း၊ ကျပ်သန်း ၁၀၀ အောက်လုပ်ငန်းများအား ဒေသဦးစီးအဖွဲ့ရုံး၊ ဒေသအတွင်းရှိ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီရုံးနှင့် သက်ဆိုင်ရာဌာန၏ ခရိုင်/မြို့နယ်ရုံးကြော်ငြာသင်ပုန်းများနှင့် အများပိုင်ကြော်ငြာ သင်ပုန်းတို့တွင် အချိန်နှစ်ပတ်ခန့်ကြေညာ၍လည်းကောင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကုမ္ပဏီများမှတင်သွင်းသည်‌့ တင်ဒါလျှောက်လွှာများအား တင်ဒါစိစစ်ရေးကော်မတီဖွဲ့စည်း၍ ကုမ္ပဏီများ၏ရှေ့မှောက်တွင် တင်ဒါစိစစ်ရေးကော်မတီမှ ဖွင်‌့ဖောက်စိစစ်ကာ ဦးစားပေးအလိုက် ရွေးချယ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသဦးစီးအဖွဲ့၏  အလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးတွင် တင်ဒါအောင်မြင်သည်‌့ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက်ရယူပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိပါက သက်ဆိုင်ရာ ဌာနများ၏ တိုင်းဒေသကြီးရုံးနှင်‌့ ခရိုင်ရုံးတို့တွင် တင်ဒါအောင်မြင်‌သည်‌့ကုမ္ပဏီနှင်‌့ လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းစတင်‌ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်တိုဘာလမှစတင်သော်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသဦးစီးအဖွဲ့ရုံး၌ တင်ဒါခေါ်ယူဆောင်ရွက်ခွင်‌့ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ဒေသဦးစီးအဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြပြီး ခွင်‌့ပြုချက်ရယူ၍ တင်ဒါခေါ်ယူဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့ပါကြောင်း၊ တင်ဒါလုပ်ထုံးလုပ်နည်းများနှင်‌့အညီ ပွင်‌့လင်းမြင်သာမှုရှိစေရန် တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ ဖွင်‌့ဖောက်စစ်ဆေးမည့် အမှတ်ပေးစည်းမျဉ်းများ၊ ကြမ်းခင်းဈေးသတ်မှတ်ပုံစံများအား အတည် ပြုခြင်း၊ သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားချက်များထုတ်ပြန်ခြင်းစသည်‌့လုပ်ငန်းများ အဆင်‌့ဆင်‌့ ဆောင်ရွက်ရခြင်းတို့ကြောင့် တင်ဒါအောင်မြင်သည်‌့ကုမ္ပဏီများအနေဖြင်‌့ လုပ်ငန်းဆောင်ရွက်ချိန် နွေရာသီကာလနှစ်လခန့်သာ ရှိပါကြောင်း၊

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသသည်‌ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မိုးများသည်‌့ဒေသဖြစ်ရာ ဧပြီလနှင်‌့မေလတို့တွင် မိုးတွင်းကာလသို့ရောက်ရှိပြီး နွေကာလအစောပိုင်း၌ လုပ်ငန်းဆောင်ရွက် နိုင်မှုမရှိဘဲ ဖေဖော်ဝါရီလပိုင်းတွင်သာ လုပ်ငန်းများဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက် ချိန် နွေရာသီကာလနှစ်လခန့်သာရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပါသဖြင်‌့ တည်ဆောက်ရေး လုပ်ငန်းသယ်ယူရာတွင်လည်း ခက်ခဲကြန့်ကြာသဖြင်‌့ မိုးတွင်းကာလများတွင် လုပ်ငန်း ဆောင်ရွက်မှုနှောင်‌့နှေးကြန့်ကြာရခြင်းတို့ကြောင်‌့ လာမည်‌့ဘဏ္ဍာရေးနှစ်တွင် အလားတူ မဖြစ် စေရေးအတွက် တင်ဒါလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပြီး တင်ဒါအောင်ကုမ္ပဏီသို့ ပွင်‌့လင်းရာသီရောက်သည်နှင့် လုပ်ငန်းအပ်နှံနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

နာဂဒေသတွင်ဆောင်ရွက်သည့်တင်ဒါများခေါ်ရာတွင် မတ်လခန့်မှ တင်ဒါစခေါ်သည့်အတွက် မိုးတွင်းကာလတွင် အလုပ်လုပ်နိုင်ပါကြောင်း၊ လုပ်ငန်းများကို တင်ဒါခေါ်သည်နှင့်ပတ်သက်ပြီး မေးခွန်းသည် Alpha side လုပ်ထားသည့်အတွက် ၎င်းမေးခွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားပါ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏လက်ရောက် ဖြေကြားပါ ယေဘုယျအားဖြင့် တင်ဒါလုပ်ငန်းများကို မေးသည့်မေးခွန်းဖြစ်သည့်အတွက် အဖြေကို လာရောက်ဖြေကြားခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးကိစ္စနှင့် ပတ်သက်ပြီး မိမိအနေဖြင့်ထပ်မံဖြည်‌့စွက်ပြီး ရှင်းလင်းတင်ပြရပါက အစိုးရသစ် သုံးနှစ်တာ ကာအတွင်းတွင် နာဂဒေသကိုဦးစားပေးပြီး စီမံဆောင်ရွက်ခဲ့သည့်အတွက် ယခင်က လဟယ် သည် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့်နေရာ ဖြစ်ပါကြောင်း၊ လဟယ်ကို ဝန်ထမ်းများ သွားရန် အလွန်အခက်အခဲရှိကြပါကြောင်း၊

သို့သော်လည်း သုံးနှစ်တာကာလအတွင်း လဟယ်သွားသည့်လမ်းရှိ တံတားအားလုံးကို ကွန်ကရစ်တံတားအဖြစ်‌ပြောင်းလဲပြီး ဖြစ်ပါကြောင်း၊ လမ်းများကိုလည်းချဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ခန္တီးမှလဟယ်သည်  ယခုမိုးတွင်းတွင် သုံးနာရီခွဲဖြင့် သွား၍ရသည့်အနေအထား ဖြစ်အောင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လဟယ်မှ ဒုံဟီး၊ ဒုံဟီးမှ နန်းယွန်း ၁၀၂ မိုင်ခရီး ရှိပါကြောင်း၊ ယခင်က မိုးရာသီတွင် လုံးဝပိတ်ထားရပါကြောင်း၊ နွေရာသီတွင် နှစ်ညအိပ်၊ သုံးည အိပ်ခန့်သွားရသည့်လမ်းကို ယခုနွေရာသီတွင် လဟယ်မှနန်းယွန်းကို နေ့ချင်းပြန်သွားနိုင်အောင် ၁၀၂ မိုင် ခရီးကို ယခုမိုးတွင်းတွင် အခက်အခဲအနည်းငယ်ရှိပါကြောင်း၊ တချို့လမ်းများသည် မြေကြီးလမ်းများ ဖြစ်နေပါကြောင်း၊ နောင်နှစ်နှစ်တာကာလအတွင်း အမာခံလမ်းများဖြစ်အောင် ဆောင်ရွက်သွားရန် စီမံချက်များချမှတ်ပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နာဂဒေသ သည် ဦးစားပေးဆောင်ရွက်နေသော ဒေသဖြစ်ပါကြောင်းနှင့် အဆိုပါလမ်းပန်းဆက်သွယ်ရေး ကိစ္စများကို ပိုမိုပြီးတိုးတက်အောင် ဖြေရှင်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။