Main Arterial Road-22 လမ်းမကြီးသည် တမူးမှမူဆယ်ကို ချိတ်ဆက်ထားသော လမ်းမကြီး ဖြစ်ပါကြောင်း၊ စုစုပေါင်း ၃၈၉ မိုင် ဝေးကွာပါကြောင်း၊ ၎င်းလမ်းမကြီးသည် လူဦးရေ သန်း ၁၃၇၀ ရှိသော အိန္ဒိယနိုင်ငံနှင့် လူဦးရေ သန်း ၁၄၂၀ ရှိသည့် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ အတိုဆုံး လမ်းကြောင်းဖြင့် ချိတ်ဆက်ပေးမည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိ တမူးမှ ကလေး၊ ကလေး မှ မုံရွာ-မန္တလေး-မေမြို့-လားရှိုး-မူဆယ် ၆၄၅ မိုင်ရှိပါကြောင်း၊ အဆိုပါ Main Arterial Road-22 လမ်းမကြီးသာ ပြီးစီးသွားမည်ဆိုပါက အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို ခရီးမိုင် ၂၅၆ မိုင်ခန့် လျော့နည်းပြီးချိတ်ဆက်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊
တမူး-စစ်သောင်-ရောင်ဟီးလမ်းပိုင်းသည် အဆိုပါလမ်းမကြီး၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၅၃.၅ မိုင် ကွာဝေးပါကြောင်း၊ တမူး-စစ်သောင်က မိုင် ၃၀ ရှိပြီး စစ်သောင်နှင့်ရောင်ဟီး ၂၃.၅ မိုင် ရှိပါကြောင်း၊ ပြီးခဲ့သည့်မေလခန့်က ဖောက်လုပ်နေမှုကို ကွင်းဆင်းပြီး သက်ဆိုင်ရာအင်ဂျင်နီယာ များနှင့်အတူ မိမိလေ့လာခဲ့ပါကြောင်း၊ တမူး-စစ်သောင် မိုင် ၃၀ ကို ပြီးခဲ့သည့် ၂၀၁၈-၁၉ တိုင်းဒေသကြီးရန်ပုံငွေမှ သန်း ၇၀ ခွင့်ပြုခဲ့ပြီး တစ်ကြောင်းထိုးဖောက်လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးသည် အင်္ဂလိပ်လက်ထက်က စစ်ပြေးလမ်းအနေဖြင့်ဖောက်လုပ်ခဲ့သော လမ်းမကြီး ဖြစ်ပြီး အသုံးမပြုသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခု သက်ဆိုင်ရာ ဝန်ကြီးဌာနက လမ်းပုံထုတ်အဖွဲ့က လမ်းပုံအသစ်ပြန်လည်ထုတ်ပြီးဖြစ်ပါကြောင်း၊ အခု ၂၀၁၉-၂၀ ခုနှစ် ပြည်ထောင်စုရန်ပုံငွေတွင်လည်း သန်း ၅၀၀ လျာထားထောက်ခံထားပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အဆိုပါ လမ်းမကြီး တွင် ဖို့မြေ၊ ဖြတ်မြေလုပ်ငန်းများ၊ လမ်းတာချဲ့လုပ်ငန်းများ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းနယ်နိမိတ်တိုင်းတာရေးလုပ်ငန်းတို့ကို လုပ်ဆောင်ရန် ကျန်ရှိနေသေးပါကြောင်း၊ ၎င်းလမ်းမ ကြီးကိုသာ ဖောက်လုပ်ပြီးစီးသွားမည်ဆိုပါက ကမ္ဘာတွင်စားသုံးသူဈေးကွက်အကြီးမားဆုံး ဖြစ်သော အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံကို အချိန်တိုအတွင်း ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက် အရေးပါသောလမ်းမကြီးတစ်ခုဖြစ်ပြီး မိမိတို့တမူးမြို့အတွက်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာစေမည်ဖြစ်သည့်အတွက် Main Arterial Road-22 လမ်းမကြီးမှ တမူး-စစ်သောင်-ရောင်ဟီးလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် မည်သည့်အချိန်တွင် အပြီးဖောက်လုပ်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အဆိုပါလမ်းကြောင်းသည် တရုတ်-မြန်မာ-အိန္ဒိယ ဆက်သွယ်မည့်အတိုဆုံးလမ်းကြောင်းဖြစ်သည့် အတွက် မိမိတို့၏ Project Bank တွင်လည်း ၎င်းလမ်းကြီးကို ထည့်ထားပြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းကြောင်းကြီးသည် တမူးမှတစ်ဆင့် ဖောင်းပြင်-တမူး-စစ်သောင်၊ စစ်သောင်နှင့် ဖောင်းပြင်ကြားတွင် ချင်းတွင်းမြစ်ကြီးရှိပါကြောင်း၊ ထို့ကြောင့် တံတားထိုးရန်အတွက် မိမိတို့ Project Bank တွင် တံတားတစ်စင်းထည့်ထားပြီး ဖြစ်ပါကြောင်း၊ ဖောင်းပြင်မှ ပင်လယ်ဘူး၊ ထိုမှတစ်ဆင့် ထီးချိုင့်၊ ထီးချိုင့်ကနေ တံတားထိုးထားပြီး ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကူး တံတားကြီးကိုကျော်ပြီး မူဆယ်ကိုအနီးဆုံးလမ်းကြောင်းဖြင့်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ သုံးနိုင်ငံလမ်းမကြီးသည် အနာဂတ်တွင် ၎င်းလမ်းကြီးဖောက်ပြီးသွားပါက အဆိုပါ လမ်းကြောင်းတစ်လျှောက်သည် Economic Corridor ကြီးတစ်ခု ဖြစ်လာမည့်အနေအထား ဖြစ်သည့်အတွက် ၎င်းလမ်းကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ် Survey ဆင်းပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး-စစ်သောင်-ရောင်ဟီးလမ်းသစ်ဖောက် ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၇၅ သန်းဖြင့် လမ်းအူကြောင်းတိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လမ်းတိုင်းတာပုံထုတ်မှုအရ လမ်းမိုင်အရှည် စုစုပေါင်း ၅၂ မိုင် ၇ ဖာလုံရှည်လျား ပြီး မိုင်တိုင် ၂၅ အထိ တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်းဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းလျာထား ရန်ပုံငွေ ကျပ် ၅၀၀ သန်း ဖြင့် ၁၀ မိုင်အတွင်း ဖို့မြေ၊ ဖြတ်မြေလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း လျာထားရန်ပုံငွေ ကျပ် ၄၀ သန်းဖြင့် မိုင်တိုင်အမှတ် ၂၉ နှင့် ၅၂ အတွင်းတစ်ကြောင်း ထိုးလမ်းလုပ်ငန်းများ ဖောက်လုပ်ဆောင်ရွက်ရန် လျာထားတင်ပြပြီးဖြစ်သဖြင့် ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
