(စ)-လယ်ယာ၊ အိမ်၊ ခြံမြေတို့၏ နယ်နိမိတ် အငြင်းပွားမှုများကို လျင်မြန်ထိရောက်စွာ ‌ဖြေရှင်းပေးနိုင်မည့် လုပ်ထုံးလုပ်နည်းတစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)

 

မဲဆန္ဒရှင်အတော်များများမှ အိမ်နီးချင်းများနှင့် နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ အချို့ပြဿနာများမှာ လမ်းမြေကို ကျူးကျော်လာ၍ လမ်းကျဉ်းလာရသည့်အတွက် ပြည်သူများမှ တိုင်းထွာသတ်မှတ်ပေးစေ လိုကြောင်းကို တင်ပြကြပါကြောင်း၊ ၎င်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ တင်ပြကြသော်လည်း ထိရောက်စွာဖြေရှင်းမပေးနိုင်မရှိသည့်အတွက် မြေစာရင်းဦးစီးဌာနသို့ စာတင်အကူအညီတောင်းရာတွင်လည်း ဆိုင်ရာတရားရုံး၌ အမှုလုပ်ရန် ညွှန်ကြားကြောင်း၊ တရားရုံး သို့ အမှုဖွင်‌့ရန်စုံစမ်းရာတွင်လည်း ၎င်းပြဿနာသည် မြေစာရင်းရုံးနှင့်သာဆိုင်ပါကြောင်း၊ တရားမ မှုဖွင့်ပါက အမှုစရိတ်နှင့် အချိန်ကြာမည်ဟုပြောကြောင်း ထို့ကြောင့်မိမိထံသို့ ကူညီပေးပါရန် တင်ပြ လာကြခြင်းဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် တစ်တိုင်းပြည်လုံးတွင် ဖြစ်နေကြောင်းကို ကိုယ်စားလှယ်  အချင်းချင်းဆွေးနွေးကြမှ သိရှိရပါကြောင်း၊ မိမိတို့မှ ဆိုင်ရာဌာနများနှင့် တာဝန်၊ လုပ်ပိုင်ခွင့်များအရ ပေါင်းစပ်ညှိနှိုင်းသည့် အခါတွင် ဘောလီဘောအပုတ်ခံရပါသည်ဆိုသည့် လူထုထင်မှတ်မှားရခြင်း အကြောင်းအရင်းကို ဖော်ထုတ်တွေ့ရှိလာခဲ့ရခြင်းဖြစ်ပါကြောင်း၊ မြေစာရင်းက တိုင်းထွာပေး၍ မရခြင်း အကြောင်းအရင်းမှ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏  ၁၅-၉-၂၀၁၆ ရက်စွဲပါ စာအမှတ်(၇၀၀၂/၆သ(၁))အရ ဖြစ်ပါကြောင်း၊ ယခုလို နယ်နိမိတ်ပြဿနာဖြစ်၍ လူထုကတင်ပြလာလျှင် ညွှန်ကြားထားသည်မှမြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ပုဒ်မ ၉၇၅ အရ တိုင်းတာ ခွင့်မပေးဘဲ သက်ဆိုင်ရာတရားရုံး၌ ဖြေရှင်းဆောင်ရွက်ကြစေရန်နှင့် တရားရုံးမှ ကြားနာစစ်ဆေးပြီး တိုင်းထွာရန် လိုအပ်သည်ဟု ယူဆပါက တရားမကျင့်ထုံးဥပဒေနှင့်အညီ မြေစာရင်း ဝန်ထမ်းတစ်ဦး အား Commissioner အဖြစ်ခန့်အပ်ပြီး မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၉၇၇ အရ မြေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ခွင့်ပြုချက်တောင်းခံ၍ တိုင်းထွာရန်ဟု တွေ့ရှိရပါကြောင်း၊  ၎င်း အတွက် တရားစီရင်ရေးအာဏာဘက်တွင် ညွှန်ကြားချက်မပေးဟု မြို့နယ်တရားသူကြီးမှ ပြောပါကြောင်း၊ ထို့အပြင် Commissioner ခန့်ရမည်ဆိုပါက ၎င်း၏ဝန်ထမ်းကို သာခန့်နိုင်ပြီး မြေစာရင်းဝန်ထမ်းကို ခန့်နိုင်မည်မဟုတ်ကြောင်းကို ရှင်းပြပါကြောင်း၊ ဌာနနှစ်ခုပေါင်းစပ် ဖြေရှင်း ရမည့်ကိစ္စကို သေချာပေါင်းစပ်ညှိနှိုင်းထားခြင်းလည်းမပြုခဲ့ဘဲ တရားရုံမှ တာဝန်ပေးခိုင်းလာပြီးမှ တစ်ခေါက်၊ ရုံးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံ ခွင့်ပြုချက်ထပ်တောင်းအုံးဆိုသည့် သူတစ်လူ ငါတစ်မင်းဆန်သည့် လုပ်ထုံးလုပ်နည်းမျိုးသည် လူထုအပေါ် ဘယ်လောက်ဝန်ထုပ်ဝန်ပိုးဖြစ်နေမလဲ ဆိုသည်ကို သုံးသပ်စေလိုပါကြောင်း၊ မိမိတို့သည် အသွင်မတူသော အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ကူးပြောင်းနေကြခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုသည်မှာ လူထုကို ဗဟိုပြုစီမံကိန်းရေးဆွဲပြီး မျက်နှာမူဆက်ဆံရသည့်အတွက် လူထုကိုဝန်ဆောင်မှုပေးရာတွင် မှန်ကန်၊ မျှတ၊ ချောမွေ့၊ မြန်ဆန်ဖို့ လိုအပ်ပါကြောင်း၊ ထိုမှသာ လူထုဝန်ထုပ်ဝန်ပိုး မဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့သို့ဖြစ်ရန်အတွက် မိမိတို့တွင် ရှိပြီးသားအမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်ပြီးပြောင်းပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာ၊ အိမ်၊ ခြံမြေတို့၏ နယ်နိမိတ်အငြင်းပွားမှုများကို လျင်မြန်ထိရောက်စွာ ‌ဖြေရှင်းပေးနိုင်မည့် လုပ်ထုံးလုပ်နည်း တစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံး၏ သဘောထားပြုဖြေကြားချက်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပေါင်းစပ်ရှင်းလင်း ဖြေကြားမည်ဖြစ်ပါကြောင်း၊ အောက်ခြေ မြေပြင်မြို့နယ်၊ ကျေးရွာများတွင်မြေကိစ္စရှုပ်ထွေးမှုများသည် မလျော်ကန်သည့် အတ္တနှင့်လောဘ အခြေခံရလိုမှုတို့အပေါ် အခြေပြုပြီး အငြင်းပွားမှုများမှ ပေါ်ပေါက်လာရခြင်းဖြစ်သည်ကို တွေ့ရပါ ကြောင်း ၊ အငြင်းပွားမှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် ၎င်းမေးခွန်းကို မေးမြန်း ရခြင်း ဖြစ်သည်ဟု သုံးသပ်ရပါကြောင်း၊ လူများ၏မလျော်မကန် ရလိုမှုတို့ကြောင့် လမ်းပေါ်များကို ကျူးကျော်သည့်ကိစ္စ၊ မိမိနှင့်တစ်ဆက်တစ်စပ်တည်းရှိသည့် နယ်နိမိတ်ကို ကျူးကျော်သည့်ကိစ္စ၊ အရပ်စကားပြောရရင် မြေခိုးသည့်ကိစ္စများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စများကို ပြန်လည် ဆန်းစစ်ကြည့်မည်ဆိုပါက မိမိ၏အတွေ့အကြုံအရ နှစ်စဉ်မိဘနှင့်သားသမီး၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်း၊ တစ်ရပ်ထဲအတူနေသူတွေအချင်းချင်း အငြင်းပွားမှုများဖြစ်နေသည့် Case အကြောင်းအရာများကို  မိမိတို့ဝန်ကြီးဌာနကို တိုင်ကြားမှုများလည်း ရှိပါကြောင်း၊  အချင်းချင်း အငြင်းပွားမှုများသည် ညှိနှိုင်းဖြေရှင်းမရသည့်အဆုံး တရားရုံးရောက် တရားရင်ဆိုင်ဖြေရှင်းရသည့် အထိ ဖြစ်ကြရခြင်းဖြစ်ပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး လယ်ယာမြေ၊ အိမ်ခြံမြေတို့နှင့် နယ်နိမိတ် အငြင်းပွားမှုနှင့်စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မှုအပိုင်းများအပေါ် မိမိအနေဖြင့် ခွဲခြားစိတ်ဖြာ ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေနယ်နိမိတ်တိုင်းတာမှုများကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများ က ဆောင်ရွက်ရပါကြောင်း၊ ကျန်ရှိသည့် မြို့မြေ၊ ရွာမြေနှင့်စိုက်ပျိုးမြေစသည့် မြေများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူ အကျိုးငှာ ပြင်ပပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ၎င်းတို့တရားဝင်ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ မြေနယ်နိမိတ်များတိုင်းတာပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အငြင်းပွားမှု မရှိသည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၉၇၁၊ အပိုဒ် ၉၇၂ နှင့် အပိုဒ် ၉၇၃ ပါပြဋ္ဌာန်းချက်များအရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၏ ခွင့်ပြုမိန့်ရယူဆောင်ရွက်ပြီး မြေတိုင်းခြင်းများဆောင်ရွက်မှုရှိပါကြောင်း၊  လယ်ယာမြေဆိုသည့် စကားရပ်တွင် အကျုံးဝင်သည့်မြေများကို တောင်သူလယ်သမားတစ်ဦးကျ ၎င်း၏ ဦးပိုင်ခြံနယ်နိမိတ် များကို မြေပုံပေါ်တွင် ပြသပေးရန် တင်ပြသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၉၇၄ ပါ ပြဋ္ဌာန်းချက်အရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဦးပိုင်ခြား နယ်နိမိတ် ကို ပြသပေးထားပါကြောင်း၊  မြို့မြေ၊ ရွာမြေများအတွက် ပိုင်ဆိုင်မှုအငြင်းပွားမှုရှိသည့် မြေနယ်နိမိတ်များတိုင်းတာပေးရန် လျှောက်ထား လာသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မြေစာရင်း လက်စွဲဥပဒေအပိုဒ် ၉၇၅ တွင် အခွန်မြေတိုင်းစာရေးများက ဦးပိုင်ခြားနယ်နိမိတ်ကို ပြသခြင်း သို့မဟုတ် ဦးပိုင်ခြားနယ်နိမိတ်ကို တိုင်းတာသတ်မှတ်ပေးခြင်း စသည့်ကိစ္စရပ်များတွင် မှန်ကန်ခြင်း မရှိသည့်မြေပုံကို အခြေပြုမိပါက မတရားသည့်ပိုင်ဆိုင်မှုများ ဖြစ်တတ်မှုကြောင့် ဦးပိုင်ခြားနယ်နိမိတ် ကို တိုင်းတာသတ်မှတ်ပေးရန်လျှောက်ထားခြင်းကို သာမန်အားဖြင်‌့ ငြင်းပယ်ရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် မြေနယ်နိမိတ်အငြင်းပွားနေသည့် ကာယကံရှင်များအနေဖြင့် ၎င်းတို့၏ မြေ ပိုင်ဆိုင်မှုများအတွက် သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်ကြရသည့် အခြေအနေမျိုး ဖြစ်ပါကြောင်း၊ နယ်နိမိတ်အငြင်းပွားသည့် မြေများအပေါ် မြေတိုင်းတာပေးခြင်းနှင့် ပတ်သက်ပြီး ၁၉၀၈ ခုနှစ်၊ တရားမကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊  ၎င်းဥပဒေ ကဏ္ဍအမှတ် ၂၆၊ နည်းဥပဒေ ၉ တွင် အငြင်းပွားသည့် အကြောင်းအရာတစ်ရပ်ရပ်ကို ရှင်းလင်း ထင်ရှားအောင်ပြုလုပ်ရန်ဖြစ်စေ၊ စိစစ်ရန်ဖြစ်စေနယ်နိမိတ်အငြင်းပွားမှုများ၊ မည်သည်‌့မြေဖြစ်ကြောင်း အငြင်းပွားသည့်အမှုများကို ဒေသန္တရစုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ကြောင်း၊ ဒေသန္တရစုံစမ်းစစ်ဆေးမှုကို တရားရုံးကမိမိသဘောအတိုင်း ခွင့်ပြုနိုင်ကြောင်း၊ တရားမမှု သို့မဟုတ် မှုခင်းကိစ္စတစ်ခုခုမှာ မြေပေါ်ကိုသွား‌ေ‌ရာက်စုံစမ်းဖို့လိုအပ်လျှင် သက်ဆိုင်ရာတရားရုံးက ခရိုင်လယ်ဝန် သို့မဟုတ် ၎င်း၏ လက်အောက်တွင်ရှိသည့် အရာရှိတစ်ဦးဦးကို ၎င်းကိစ္စဆောင်ရွက်ရန်ပုဂ္ဂိုလ်အဖြစ်  မခန့်ထားမီ  ရွေးချယ်ထားသည့် အရာရှိကို ခန့်ထားနိုင်ရန်အတွက် ခွင့်ပြုချက်ရယူရန်၊  ၎င်းသို့ ဆောင်ရွက် ပေးခြင်းအတွက် အခကြေးငွေရယူခွင့်ပြုရန် ကော်လိတ်တော်အရာရှိမှတစ်ဆင့် ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးထံ အမိန့်တောင်းယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိမှုနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊      ထို့အတူ တရားရုံးများလက်စွဲဥပဒေအပိုဒ်-၂၉၂ (The Courts Manual Section 292) တွင်  တရားမမှု သို့မဟုတ် မှုခင်းတစ်ရပ်ရပ်တွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၆ နည်း ၉ တွင် ဖော်ပြထားသည့် ကိစ္စတစ်ရပ်ရပ်အတွက် ဒေသန္တရစုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ထင်မြင်ပါက  လယ်ဝန်ထံသို့ဖြစ်စေ၊ ၎င်း၏လက်အောက်ခံအရာရှိထံဖြစ်စေ ကော်မရှင်အမိန့်စာကို မထုတ်ပေး သေးမီ ရွေးချယ်ထားသည့်အရာရှိကို ကော်မရှင်လူကြီးအဖြစ်ခန့်အပ်ရန်နှင့် ကော်မရှင်အမိန့်ကို အတည်ပြုဆောင်ရွက်ရန်အတွက် အခငွေကို ထိုအရာရှိကလက်ခံရယူနိုင်စေရန် ခွင့်ပြုချက်ကို ကော်လိတ်တော်အရာရှိမှတဆင့် မြန်မာနိုင်ငံ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကနေပြီး တရားရုံးတွင် ရယူမည်ဟု  ပြဋ္ဌာန်းထားပါကြောင်း၊           လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် နယ်နိမိတ်အငြင်းပွားမှုကိစ္စရပ်များတွင် မြေတိုင်းတာပေးရန် မြေတိုင်းကော်မရှင်နာခန့်အပ်ကြောင်းကို သက်ဆိုင်ရာတရားရုံးကနေပြီး တရားမပုံစံ ၆၀နှင့် အကြောင်းကြားလာမည်ဆိုပါက  ဌာန၏ စာရင်း မြေပုံမှတ်တမ်းများအပေါ် အခြေခံပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ယခင် ကြေးတိုင်နှင့် မြေစာရင်းမင်းကြီး ယခုညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုမိန့်နှင့် မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၉၇၇  အရ မြေတိုင်းတာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်နိမိတ်အငြင်းပွားသည့် ကိစ္စရပ် များ အတွက် မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တရားမကျင့်ထုံးဥပဒေ အမိန့်  ၂၆၊ နည်းဥပဒေ ၉ ပါ ပြဋ္ဌာန်းချက်များနှင့်အတူ တရားရုံးလက်စွဲဥပဒေ အပိုဒ်၂၉၂ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာတရားရုံးများ၏  ဥပဒေနှင့်အညီ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အငြင်းပွားမှုမရှိသည့် ကိစ္စရပ်များ အတွက် သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများမှ  ၎င်းတို့ပိုင်ဆိုင်သည့် မြေနယ်နိမိတ်ကို တိုင်းတာ ပေးရန် လျှောက်ထားလာပါက တရားရုံးများကို တင်ပြလျှောက်ထားရန်မလိုဘဲ မြေစာရင်း လက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြေတိုင်းတာပေးသည့်အခါ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်မှာ တရားမကျင့်ထုံးဥပဒေနှင့် တရားရုံး လက်စွဲ ဥပဒေအရဆောင်ရွက်ခြင်းတွင် နယ်နိမိတ်တိုင်းတာမှု လွဲမှားသွားပါက သက်ဆိုင်ရာ ကာယကံရှင်များ နစ်နာသွားနိုင်သည့်အတွက် တိကျမှန်ကန်မှုဖြစ်စေရန် တည်ဆဲဥပဒေနှင့်အညီ ထိန်းကျောင်းပြီး လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်ဆောင်ရွက်ကြရသည့် အနေအထားဖြစ်သည့် အလျောက် လုပ်ထုံး လုပ်နည်း ထပ်မံဖော်ထုတ်ရန် လိုအပ်မှုရှိမည်မဟုတ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးဉာဏ်ဟိန်း(သံဖြူဇရပ်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိ မေးခွန်းမေးသည့်နေရာတွင် အသုံးအနှုန်းကို ချင့်ချိန်ပြီး ရေးရခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေ အငြင်းပွားမှုကို လယ်/စီအဖွဲ့များနှင့်  စစ်ဆေးနေသည်ကို သိပါကြောင်း၊ သို့သော်အဓိက မိမိပြောချင် သည်မှာ အိမ်နီးနားချင်း အချင်းချင်း မြေခိုးသည့်ပြဿနာဖြစ်ပါကြောင်း၊ ဒါက ငါ့မြေကို ၆ လက်မ လောက်တော့ ကျော်ပြီးစိုက်ထားသည် စသည်ဖြင့် အချင်းချင်းကြားတွင် မညီမညွတ်နေသည့်အတွက် ဖြေရှင်းရန်အတွက်ကိုကျတော့လည်း လုပ်ထုံးလုပ်နည်းကြီးများ အဆင့်ဆင့်များသည်  များလွန်းသည့် အတွက် ပြည်သူများသည် ၎င်းကို မလုပ်ချင်ကြပါကြောင်း၊ အချင်းချင်း ကျေနပ်သလား ဆိုတော့ လည်း မကျေနပ်ပါကြောင်း၊ ရင်ထဲမှာ တအုံနွေးနွေးနှင့် အိမ်ချင်းသာကပ်နေကြပြီး တစ်ယောက်နှင့် တစ်ယောက်မတည့်ကြသည်မှာ များပါကြောင်း၊  နှစ်ဦးနှစ်ဖက်‌ပြေလည်ပါက မြေစာရင်းရုံးမြေပုံနှင့် တိုင်းလိုက်ရုံလေးနှင့် နယ်နိမိတ်အမှန်ထွက်လာမည်‌့ကိစ္စကြီးကို နှစ်ဦးနှစ်ဖက်ကျေနပ်ကြောင်း လက်မှတ်ထိုး လိုက်သော်လည်း  တရားရုံးသွားရန်သာပြောနေသည့်အတွက် ၎င်းမေးခွန်းကို မိမိ မေးရခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ နှစ်ဦးနှစ်ဖက် မြေစာရင်းရုံး လာတိုင်းထွာပြီး သတ်မှတ်ပေးသည့် နယ်နိမိတ်ကို ကျေနပ်လက်ခံသည်ဆိုပါက ၎င်းနည်းလမ်းနှင့်ဖြေရှင်းပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါ ကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်

နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပြေလည်သွားမည်ဆိုသည့်ကိစ္စရပ်တစ်ခုသည် ၎င်းမြေတိုင်းတာမှုအတွက် အငြင်းပွားမှုမဖြစ်ခင်တည်းက ရှိသင့်သည့်ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်၎င်းအငြင်းပွားမှု ကိစ္စဖြစ်ပေါ်လာပြီးသည့် အချိန်အခုလိုနှစ်ဦးနှစ်ဖက်ပြေလည်စွာဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဆိုပါက အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ၎င်းကို မိမိတို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာန သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များမှနေပြီး  ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံ ဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။