(က)-မိုးမိတ်မြို့နယ် တောင်ပေါ်ေ ဒသများတွင် ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)

မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် တောင်ပေါ်ဒေသများဖြစ်သည့် လွယ်မောက်၊ တုံးကြီး၊ ရေပုံး၊ ခတ်ချယ်၊ လွယ်ရာ၊ မိုင်းနင်း၊ နန့်ရှီး၊ ညောင်တောက်၊ မန့်ယွန်း စသည့် ရေပုံးကျေးရွာအုပ်စု ကိုးတောင်နယ်နှင့် ငါးတောင်နယ်ဖြစ်သည့် မန်ကောင်ကျေးရွာအုပ်စု တောင်ပေါ်ဒေသများတွင် လမ်းများသည့် မကောင်းသည့်အပြင် ဆက်သွယ်ရေးများကလည်း မရဖြစ်နေကြောင်း၊ ရွာသားများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများသည် ခက်ခက်ခဲခဲဖြင့် ဆိုင်ကယ် စီးပြီး သွားလာနေရကြောင်း၊ မိုးတွင်းနှင့် မိုးများသည့် ဒေသများတွင် ဆိုင်ကယ်များကိုသော်လည်း စီး၍မရကြောင်း၊ ခြေလျင်ခရီးသွားနေရကြောင်း၊ တောင်ပေါ်ဒေသများတွင် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများသည် နေမကောင်းဖြစ်သည့်အခါ မိမိအိမ်နှင့် ဆက်သွယ် လိုသည့်အချိန်တွင် များစွာအခက်အခဲ ဖြစ်ရကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် လေပြင်း တိုက်ခတ်သည့်အချိန်တွင် အိမ်များ၊ ကျောင်းများ ပျက်စီးသွားသည့်အချိန်တွင် အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ခြင်းမရှိပါကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် ဆက်သွယ်ရေး မကောင်းသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတောင်ပေါ်ဒေသများတွင် ဆက်သွယ်ရေး ကောင်းမွန်းစေရန်အတွက် တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်းတွင် ဟော်နန်းရပ်ကွက်၊ ကျောက်တောင် ကျေးရွာ၊ ညောင်ပင်ဇောက်ကျေးရွာ၊ မြစ်ဆုံကျေးရွာအုပ်စု၊ အောင်မြေကျေးရွာ၊ စင့်ကင်ကျေးရွာ၊ ဘော်ဒေကျေးရွာ၊ မိုးဘုံကျေးရွာ၊ ရေတံခွန်ကျေးရွာ၊ သစ်ဆိပ်ကုန်းကျေးရွာ၊ အာသံကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ အုန်းဂျောကျေးရွာနှင့် ဗော်ဓိကျေးရွာများတွင် GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်း ၁၄ ခုကို ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊

တယ်လီနောမြန်မာလီမိတက်(Telenor) သည် မိုးမိတ်မြို့နယ်တွင် တောင်ပိုင်းရပ်ကွက်၊ လက်ခုတ် တန်းရပ်ကွက်၊ မြစ်ဆုံကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ၊ အောင်မြေကျေးရွာ၊ မိုးဘုံကျေးရွာနှင့် ပေကုန်းကျေးရွာတို့မှာ GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်း ခုနစ်ခု ဖွင့်လှစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အူရီဒူးမြန်မာလီမိတက်သည် မိုးမိတ်မြို့နယ်အတွင်းတွင် ဟော်နန်းရပ်ကွက်၊ ကျောက်တောင်ကျေးရွာ၊ မြစ်ဆုံကျေးရွာအုပ်စုနှင့် ဘော်ဒေကျေးရွာများတွင် GSM စခန်း တစ်ခုစီ စုစုပေါင်း GSM စခန်း လေးခု ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက် ရှိကြောင်း၊

ထို့အတူ Telenor International Myanmar (MyTel) သည် မိုးမိတ်မြို့နယ်အတွင်းတွင် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လက်ခုတ်တန်းရပ်ကွက်၊ ဒေါင့်ကြီးရပ်ကွက်၊ အာသံ ကျေးရွာ၊ မိုးဘုံကျေးရွာ၊ ကျိန်တောကျေးရွာ၊ တောင်ကိုင်းကျေးရွာများတွင် GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း စခန်းရှစ်ခု ဖွင့်လှစ်ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်းတွင် MPTTelenor Ooredoo နှင့် MyTel တို့မှ ဖွင့်လှစ်ထားရှိခဲ့သည့်၊ လက်ရှိဆောင်ရွက်နေသည့် GSM စခန်း စုစုပေါင်း ၃၃ ခုနှင့် ဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းဆို ထားသည့်ကျေးရွာများ၏ တည်နေရာပြမြေပုံကို ပြုစုထားကြောင်း၊

ပြည်တွင်း/ပြည်ပဆက်သွယ်ရေး အော်ပရေတာများသည် နိုင်ငံတစ်ဝန်းလုံးတွင် မြို့ပြနှင့် ကျေးလက်များပါမကျန် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန်အတွက် မိုဘိုင်းဆက်သွယ်ရေးစခန်းများကို တိုးချဲ့တည်ဆောက်ပေးလျက်ရှိသော်လည်း မိုဘိုင်းစခန်းများ တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်း (မိုက်ခရိုဝေ့ဗ်၊ ဖိုင်ဘာ၊ ဂြိုလ်တု) များ တည်ဆောက်ရခြင်း၊ လျှပ်စစ်မီးရရှိနိုင်မှုအခြေအနေ၊ မြေပြင် အနေအထား၊ ရာသီဥတုအခြေအနေ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လူဦးရေ သိပ်သည်းမှုနှင့် ပြန်လည်ရရှိနိုင်မည့်ဝင်ငွေအခြေအနေစသည်တို့အပေါ် မူတည်ပြီး တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းဆိုသည့် မိုးမိတ်မြို့နယ် အတွင်းရှိ တောင်ပေါ်ဒေသများဖြစ်သည့် လွယ်မောက်၊ တုံးကြီး၊ ရေပုံး၊ ခတ်ချယ်၊ လွယ်ရာ၊ မိုင်းနင်း၊ နန့်ရှီး၊ ညောင်တောက်၊ မန့်ယွင်းစသည့် ရေပုံးကျေးရွာအုပ်စု  ကိုးတောင်နယ်နှင့် ငါးတောင်နယ်ဖြစ်သည့် မန်ကောက်ကျေးရွာအုပ်စုတို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူ ပေးရန်အတွက် ၎င်းကျေးရွာများသည် လူဦးရေနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ ချိတ်ဆက်ရန်ခက်ခဲခြင်း စသည်တို့ကြောင့် ဆက်သွယ် ရေး အော်ပရေတာများမှ လက်ရှိအခြေအနေတွင် တည်ဆောက်ပေးရန်  အစီအစဉ်မရှိသေး သည်ကို သိရှိရကြောင်း၊

သို့သော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် နယ်မြေဒေသများ (Underserved Area) များတွင် အခြေခံ ဆက်သွယ်ရေးအဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများမှ အချိုးကျထည့်ဝင်သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်း ဆိုင်ရာရန်ပုံငွေ Universal Service Fund ဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။