(ဂ)-ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးအား(B.O.T)စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး စာချုပ်ပါ အချက်အလက်များအား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှု ရှိ/မရှိနှင်‌့ ထိုလမ်းမကြီးအားကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)

 

ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးသည် ရခိုင်ပြည်နယ်နှင်‌့ ပဲခူးတိုင်းဒေသကြီးကို အဓိက ဆက်သွယ် ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းမကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင်‌့ နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီ တို့မှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး B.O.T စနစ်ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လမ်းမကြီး၏ သုံးပုံတစ်ပုံ ဖြစ်သည့် ၃၃ မိုင်ကို ၁၈-၆-၂၀၁၃ ရက်နေ့တွင် ပြန်လည်အပ်နှံခဲ့သည်ဟု သိရှိရ ပါကြောင်း၊ ထို့ကြောင့် မူလစာချုပ်အရ အခွန်သုံးနှစ်ကင်းလွှတ်ခွင်‌့ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်မှ အခွန် တစ်ပြားတစ်ချပ်မှ မရဘဲ နစ်နာဆုံးရှုံးခဲ့ရသည့်အပြင် ၂၀၁၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မူလစာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊  လမ်းမိုင် ၃၃ မိုင်ကို ၂၀၁၃ ခုနှစ်က အပ်နှံခဲ့သော် လည်း စာချုပ်ကို ၂၀၁၇ ခုနှစ်ကျမှသာ ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည်ကို တွေ့ရှိရသည့်အတွက် ပြန်အပ်ခဲ့ သည့် နှစ်နှင့် ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့သည့်နှစ်တို့သည့် ကွာဟနေသည်ကို သိရှိရပါကြောင်း၊ ထို့ပြင် စာချုပ် ပြင်ဆင်ပြီး တစ်နှစ်မပြည့်ခင် ၁၃-၃-၂၀၁၈ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အမှတ်စဉ် ၉/၂၀၁၇ ခုနှစ်အရဟုဆိုကာ ကျန်ရှိ လုပ်ငန်းအားလုံးကိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနမှ ပြန်လည်ထိန်းသိမ်းရန် ဆုံးဖြတ်ဆောင်ရွက်ကြသည်ဟုလည်း သိရှိ ရပါကြောင်း၊ စာချုပ်ပါအရ ပဋိဉာဉ် စာချုပ်ကို ရပ်စဲလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင်‌့ အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်သော်လည်း ဝန်ကြီးဌာန၏ သာမန်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ စာချုပ်ကို ဖျက်သိမ်း ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှံးနစ်နာရသည့်အပြင် ဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းသည်လည်း လုံးဝလွဲမှားနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ကိုယ်စားဆောင်ရွက်သည့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင်‌့ပုဂ္ဂလိက  B.O.T စနစ်ဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်ကြရာတွင် နိုင်ငံတော်နှင်‌့ ပြည်သူ့မျက်နှာကို မထောက်ထားဘဲ စီးပွားရေးလုပ်ငန်းရှင်ကိုသာ တစ်ဖက်သက် ဦးစားပေးခဲ့ သည်ကို စာချုပ်များအရတွေ့ရှိရပါကြောင်း၊ ထို့ပြင် နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီသည် ယင်းလုပ်ငန်းကို အကြောင်းပြပြီး MEB ဘဏ်မှ ၇.၅ ဘီလီယံကျပ်ကို ၂၀-၁၀-၂၀၁၁ ရက်နေ့တွင် ချေးယူခဲ့ ပါကြောင်းနှင့် ယင်းသို့ ချေးယူရာတွင်လည်း ပြည်-တောင်ကုတ်လမ်း ၁၀၂ မိုင်နှင်‌့ တောင်ကုတ်-သံတွဲ-ငပလီ-လုံးသာ-မဇင်လမ်း  ၅၆ မိုင် ၇ ဖာလုံကို လုပ်ငန်းအာမခံအဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အစိုးရအာမခံအဖြစ်လည်းကောင်း၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များပိုင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများက လည်းကောင်း၊ အာမခံ၍ ချေးယူခဲ့ခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊  ယခုမှစတင် ဆောင်ရွက်ရ မည့် ပြည်-တောင်ကုတ်လမ်း ၁၀၂ မိုင်ကိုပါ လုပ်ငန်းအာမခံစာရင်းထဲတွင် တင်သွင်းထားခြင်းသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊  အဆိုပါ ချေးငွေကိုလည်း ဆိုင်းငံ့ကာလငါးနှစ်၊ အတိုး၊ အရင်းဆပ်ကာလ ရှစ်နှစ်၊ ရှစ်ရစ်ဖြင့် အကျေ ဆပ်ရန် ထုတ်ချေးခဲ့တာဖြစ်ပြီး ယခုနှစ်အထိ ပေးဆပ်ရမည့်ပထမအရစ်နှင်‌့ ဒုတိယအရစ်ကိုလုံးဝ ပေးသွင်းခဲ့ခြင်းမရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ငွေချေးရန်အတွက် လုပ်ငန်းပြခဲ့သည်လား ဆိုသည်ကို စဉ်းစားစရာဖြစ်နေပါကြောင်း၊  

B.O.T စနစ်နှင်‌့ လုပ်ငန်းဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိ၍ ပြန်အပ်သည်ကို လက်ခံပါကြောင်း၊ ယင်းလုပ်ငန်းကိုပြပြီး ဌာနမှ အာမခံကာ ငွေကို ဘီလီယံချီ ချေးပေးထားသောသော်လည်း ကုမ္ပဏီဘက်မှာ ဆပ်ရမည့်အချိန်ရောက်သည်အထိ တစ်ပြားတစ်ချပ်မှ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် B.O.T ကိစ္စနှင်‌့ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင် ဌာနအနေဖြင့် အားနည်းသည်ဟု ထင်မြင်မိပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်လည်း B.O.T စာချုပ်ချုပ်ဆိုပြီးသည့် လုပ်ငန်းလမ်းမကြီးများနှင်‌့ ပတ်သက်ပြီး တင်သွင်းခဲ့သည့် အဆိုများကိုလည်း  အတည်ပြုပြီးသားဖြစ်ပါကြောင်း၊

ယခုအချိန်တွင် ပြည်(နဝဒေး)တောင်ကုတ်လမ်းမကြီးသည် ဌာနလက်ထဲပြန်ရောက်နေသည်မှာ တစ်နှစ် ကျော်ပြီဖြစ်သည့်အတွက် ပြည်သူများ အဆင်ပြေချေမွေ့စွာ သွားလာနိုင်ရေးအတွက် မည်သို့ ကောင်းမွန် အောင် ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်နှင်‌့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်- နဝဒေး-တောင်ကုတ်လမ်း ၁၀၂ မိုင် ၂ ဖာလုံကို နိုင်ငံတော်အေးချမ်းသာယာရေးနှင်‌့ ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် B.O.T စနစ်ဖြင့် ဆောင်ရွက်ရန်အတွက် ကုမ္ပဏီမှအဆိုပြုတင်ပြခြင်းမရှိဘဲ ရခိုင်တိုင်းရင်းသားပိုင် ကုမ္ပဏီဖြစ်သည့် နေလသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီအား ၁၃-၂-၂၀၁၀ ရက်နေ့မှစ၍ B.O.T စနစ်ဖြင် တိုက်ရိုက်တာဝန်ပေး ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ၁-၉-၂၀၁၁ ရက်နေ့တွင် MIC ဖြင့် ပဋိဉာဉ်စာချုပ်ချုပ် ဆိုခဲ့ပါကြောင်း၊ နေလသစ္စာကုမ္ပဏီမှ ၁၈-၆-၂၀၁၃ ရက်နေ့တွင် ၎င်းတို့တာဝန်ယူဆောင်ရွက်နေသော ၁၀၂ မိုင် ၂ ဖာလုံအနက် မိုင်တိုင်အမှတ် ၄၁/၀ မှ ၇၄  အထိ ၃၃ မိုင်ကို ပြန်လည်အပ်နှံခဲ့သဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး မိုင်တိုင်အမှတ်  ဝ/၀ မှ ၄၁/၀ အထိ ၄၁ မိုင်နှင်‌့ မိုင်တိုင်အမှတ် ၇၄  မှ ၁၀၂/၂ အထိ ၂၈ မိုင် ၂ ဖာလုံ စုစုပေါင်း ၆၉ မိုင် ၂ ဖာလုံအား B.O.T စနစ်ဖြင့် နေလသစ္စာကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊

နေလသစ္စာကုမ္ပဏီမှ ဆောင်ရွက်သော လမ်းပိုင်း စုစုပေါင်းအရှည် ၆၉ မိုင် ၂ ဖာလုံအတွက် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် ၃ ဂိတ်ထာရှိခဲ့ပြီး လမ်းအသုံးပြုခများ ကောက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းပိုင်းများနှင်‌့ပတ်သက်၍ စိစစ်တင်ပြရမည်ဆိုပါက ဖြတ်သန်းသွားလာသည့် ယာဉ်အရေအတွက်နှင်‌့ ရင်းနှီးမြှုပ်နှံမှု အခြေအနေ လိုက်လျောညီထွေမဖြစ်ခြင်း၊ လမ်းပိုင်းကို ထပ်မံအဆင်‌့မြှင်‌့တိုးတက်ပြင်ဆင်နိုင် ရန် အခြေအနေမရှိခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် ၃ ဂိတ်စလုံးကို ၃၁-၃-၂၀၁၈ ရက်နေ့ ည ၁၂ နာရီအချိန်တွင် စတင်ပိတ်သိမ်းခဲ့ပြီး အခမဲ့ဖြတ်သန်းခွင်‌့ပြုခဲ့ ပါကြောင်း၊ ယခု လက်ရှိအခြေအနေအရ အဆိုပါ B.O.T လမ်းပိုင်းတစ်ခုလုံး၏ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်(နဝဒေး)-တောင်ကုန်လမ်းပိုင်းအား တာဝန်ယူဆောင်ရွက်သော B.O.T ကုမ္ပဏီနှင်‌့ Termination Agreement လက်မှတ်ရေးထိုးရန်လိုအပ်ပါကြောင်း၊ Termination Agreement  လက်မှတ်ရေးထိုးပြီးမှသာလျှင် နိုင်ငံတော်မှ တရားဝင်လွှဲပြောင်းရယူပြီး လမ်းပိုင်းများကို အဆင်‌့မြှင်‌့တင် ရမည်ဖြစ်ပါကြောင်း၊ Termination Agreement ထိုးရန် B.O.T ကုမ္ပဏီစာချုပ်ကို ရပ်ဆိုင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်းရန်ပုံငွေ တင်ပြကာ လမ်းအဆင့်မြှင်‌့တင်နိုင်ရေးအတွက် စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်နီနီမေမြင့်(တောင်ကုတ်မဲဆန္ဒနယ်)က ဆက်စပ် မေးခွန်းမေးမြန်းပါသည်။

လွှတ်တော်ထဲက ဘဏ်များနှင်‌့ငွေကြေးဆိုင်ရာကော်မတီက တစ်ဆင်‌့ လမ်းဦးစီးဌာနကို မေးမြန်းခဲ့ပြီး လမ်းဦးစီးဌာနက ဖြေကြားထားချက်ရှိပါကြောင်း၊ ယင်းငွေအား ဘဏ်မှဆိုင်းငံ့ကာလငါးနှစ်၊ အတိုးအရင်း ဆပ်ကာလ ရှစ်နှစ်ဖြင့် အကျေဆပ် ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ၁၉-၁၀-၂၀၁၇ ၇က်နေ့တွင် ဆပ်ရောက်ခဲ့သည့်  ပထမအရစ် အရင်း၊ အတိုးငွေ၊ ၁၉-၁၀-၂၀၁၈ ရက်နေ့တွင် ဆပ်ရောက်ခဲ့သည့်  ဒုတိယအရစ်နှင့်အတိုး၊ အရင်းငွေ ပေးသွင်းခဲ့ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ချေးငွေကျပ် ၇.၅ ဘီလီယံနှင်‌့ အတိုးငွေ များအား ပုံမှန်ပေးဆပ်နိုင်ခြင်း မရှိသေးသောကြောင့် မြန်မာ့စီးပွားရေးဘဏ်မှ တရားစွဲဆိုသွားမည့် အခြေအနေ ရှိပါကြောင်းဟူ၍ ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့ရက်စွဲဖြင့် ဖြေကြားထားပါကြောင်း၊ ယခု ၂ ရက် ၈ လပိုင်းကို ရောက်ရှိလာပြီဖြစ်သည့်အတွက် တရားစွဲဆိုမှုကိစ္စအပိုင်းနှင့် စပ်လျဉ်း၍ မည်သို့ အခြေ အနေရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ယင်းတို့အနေဖြင့် အဆိုပါလမ်းပိုင်းကြီးကို ၂၀၁၀ ခုနှစ် စတင်ဆောင်ရွက်ခဲ့ချိန်က ၇.၅ ဘီလီယံချေးပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အဆိုပါ ကုမ္ပဏီက ဆောင်ရွက်နိုင်ခြင်းမရှိ၍ ပြန်သိမ်းခဲ့ချိန်တွင် ဘဏ်ချေးငွေ ရှိနေသည့်အတွက် Termination Agreement  ထိုးဖို့ရန်  အခက်အခဲတွေ့နေခြင်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာနကို သဘောထား မှတ်ချက်များတောင်းခံရာတွင် အဆိုပါ ဘဏ်ချေးငွေကိစ္စကို ရှင်းလင်းပေးရမည်ဟူသည့် အချက်ပါရှိလာ ပါကြောင်း၊  နေလသစ္စာကုမ္ပဏီက စုစုပေါင်း ၂၀၁၀ မှ ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံထားရသည့် ဘီလီယံပေါင်းက ၁၇ ဘီလီယံကျော်ရှိပြီး သူကအတိုးပေးထားတာနှင်‌့ နိုင်ငံတော်အတိုးပေးထားသည့် ဘီလီယံက လေးဘီလီယံ ကျော်ရှိသည့်အပြင် တစ်နှစ်တစ်နှစ်ကို အတိုးက သိန်း ၈၀၀၀ လောက် ပေးရပြီး ပြန်လည်ကောက်ခံရရှိသည့် ငွေကြေးက  သိန်း ၁၀၀၀ ကျော်သာရသည့်အတွက် Balance မဖြစ်ဘဲ ဒေဝါလီခံသည့်သဘောဖြစ်ပြီး နိုင်ငံတော်က ပြန်ယူကာ နိုင်ငံတော်ကစီမံခန့်ခွဲပေးပါရန်ဟူ၍ တင်ပြလာခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ် မည်စိုးသည့် အတွက် သာမန်ပြင်/ထိန်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းအဆင့်မြှင်‌့ရန် နိုင်ငံတော်ဘတ်ဂျက်တွင် ငွေလုံငွေရင်းဘတ်ဂျက် ထည့်မည်ဆိုပါက Termination Agreement ထိုးဖို့လိုအပ်သည့်အတွက် Termination Agreement ထိုးရန် စီမံကိန်းနှင်‌့ဘဏ္ဍာရေးဝန်ကြီးဌာနနှင်‌့ ညှိနှိုင်း ဆွေးနွေးနေပါကြောင်း၊  ယင်းသို့ ဆွေးနွေးရာတွင် ကုမ္ပဏီတင်ပြချက်အရ ၁၇ ဘီလီယံရှိပါကြောင်းနှင့် စပ်လျဉ်းပြီး ပြန်စစ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို ညှိနှိုင်းထားပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ ဘဏ်အနေဖြင့် နေလသစ္စာကုမ္ပဏီကို တရားစွဲရမည်ဖြစ်ပါကြောင်းနှင့် တရားရုံးတွင် ရင်ဆိုင်ရမည် ဖြစ် ကြောင်း ပြန်ကြားထားသည့်အတွက် တရားစွဲရန်နှင့် အခြားကိစ္စများအားလုံးကို စီမံကိန်းနှင်‌့ဘဏ္ဍာရေး ဝန်ကြီး ဌာနနှင်‌့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။