(င)-မတူပီ-မင်းတပ်လမ်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ခွင်‌့ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)

 

မတူပီ-မင်းတပ်လမ်းသည် ၁၀၂ မိုင်သာရှိပြီး ချင်းပြည်နယ်(တောင်ပိုင်း) တစ်ခုတည်းသော ထွက်ပေါက် လမ်း လည်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့် ပတ်သက်ပြီး ၂၀-၉-၂၀၁၆ ခုနှစ်တွင် ကြယ်ပွင်‌့ပြမေးခွန်း မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၁ ခုနှစ်ထိ နှစ်အလိုက် ပြည်နယ်ဘတ်ဂျက်နှင်‌့ ပြည်ထောင်စုဘတ်ဂျက်ကို ခွဲဝေချထားပေးမည်ဟုလည်းကောင်း၊ ၁၈ ပေ ကတ္တရာအကျယ်ကိုလည်း ခင်းပေးမည်ဟုလည်းကောင်း ဖြေကြားခဲ့သော်လည်း အဆိုပါ ဖြေကြားချက်အတိုင်း ပြည်နယ်ဘတ်ဂျက် ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေပေးမှုရှိခဲ့သော်လည်း ပြည်ထောင်စု ရန်ပုံငွေမှ ဘတ်ဂျက်ခွဲဝေမှုမရှိသလောက် နည်းပါးခဲ့ ပါကြောင်း၊

မတူပီ-မင်းတပ်ကြားရှိ မုန်းချောင်းတံတားနှင့် အလည်မြူချောင်းတံတား ယခုနှစ် မတူပီ လမ်းပိုင်းတွင် သန်းပေါင်း ၃၀၀ ကလွဲ၍ တခြား ပြည်ထောင်စုနှင်‌့ဘတ်ဂျက်ခွဲဝေမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကို ခွဲဝေပေးရန် တောင်းခံရသည်မှာလဲ ချင်းပြည်နယ်သည် လွတ်လပ်ရေးရပြီးကတည်းကပင် ဖွံ့ဖြိုးမှုရန်ပုံငွေလုံးဝခွဲဝေပေးခဲ့ခြင်း မရှိသည့်အတွက် အဆင်းရဲဆုံး ပြည်နယ်၊ ဖွံ့ဖြိုးမှုအနောက်ကျဆုံးပြည်နယ်ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်နောက်ပိုင်းတွင် ရန်ပုံငွေအလုံးအရင်း ချပေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သော်လည်း လိုအပ်ချက်အလွန် များပြားသည့်အတွက် မလုံမလောက်ဖြစ်နေရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတစ်ခုတည်းဖြင့် မည်သို့မျှ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို တောင်းခံရခြင်းဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်၊ ဘဏ္ဍာရန်ပုံငွေ၏  ၆၀ ရာခိုင်နှုန်းကို  လမ်း/တံတားအတွက် အသုံးပြုခဲ့သော်လည်း ၁၀၂ မိုင်သာရှိသည့် မတူပီ-မင်းတပ်လမ်း မြေသားတာချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းသည် ယနေ့အထိ မြေသားတာချဲ့ခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းသာ ပြီးစီးသည့် အနေအထားသာ ရှိပါကြောင်း၊

ထို့ကြောင့် မတူပီမြို့၊ လိုင်လင်းပီမြို့၊ အရီဇွာမြို့တွင် တိုင်းရင်းသားပြည်သူများအနေဖြင့် မိုးတွင်းကာလ ရောက်ရှိပါက လမ်းမကောင်းသည့်အတွက် ရိက္ခာပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင်‌့မှု၊ လူမှုဘဝဒုက္ခအဖြာဖြာ ကို တွေ့ကြုံနေရပါကြောင်း၊ ချင်းပြည်နယ်နှင့် အနီးစပ်ဆုံး မကွေးတိုင်းဒေသကြီးတွင် ကတ္တရာလမ်းအကုန်လုံး ပြီးစီးပြီး ကတ္တရာလမ်း တာချဲ့ခြင်းလုပ်ငန်းကိုတောင် ဆောင်ရွက်နေသည့်အခြေအနေတွင် ၁၀၂ မိုင်သာ ရှိသည့် မြေသားတာချဲ့ခြင်းလုပ်ငန်းနှင်‌့ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း မပြီးစီးနိုင်သေးသည်မှာလည်း အင်မတန်မှ ဝမ်းနည်း ဖွယ်ရာကောင်းပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့်      ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေပေးရန်အစီအစဉ်ရှိ/မရှိကို  သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်အတွင်းရှိ မင်းတပ်-မတူပီကားလမ်း အရှည် ၁၀၂ မိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင်  မတူပီ-မင်းတပ်ကားလမ်းကို အမြန်ဆုံးပြီးစီးရေး တာချဲ့ပေးရန်နှင်‌့ ကတ္တရာလမ်း အမြန်ဆုံးပြန်လည် ခင်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းအပေါ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွင်း စီမံချက်များရေးဆွဲပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ကာ တည်ဆောက်သွားမည်ဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊

အဆိုပါလမ်းကို ၃၄ ပေ လမ်းတာချဲ့ခြင်းနှင်‌့  ၁၈ ပေအကျယ် ကတ္တရာလမ်းအဆင်‌့မြှင်‌့တင် ပေးနိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင်‌့ ပြည်နယ်ရန်ပုံငွေများတွင် နှစ်စဉ်တင်ပြဆောင်ရွက် လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ  ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်အထိ စုစုပေါင်း ပြည်ထောင်စုမှာ ၁၂၂၇.၂ သန်းနှင့် ပြည်နယ်ရန်ပုံငွေ ၁၈၀၅၈.၇၄၈ သန်း စုစုပေါင်း ၁၉၂၈၅.၉၄၈ သန်း ရရှိအောင်ဆောင်ရွက်ခဲ့ ပါကြောင်း၊ အဆိုပါရန်ပုံငွေဖြင့်  ၅၃ မိုင်ကို အကျယ် ၃၄ ပေလမ်းတာချဲ့ခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၃၅ မိုင် ၄ ဖာလုံကို ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ ၂ မိုင် ၆ ဖာလုံကို လမ်းကွေ့ဖြောင်‌့ပြီး ကျောက်လမ်းခင်းခြင်း၊ သံကူကွန်ကရစ် ရေထုတ်ပြွန် ၇၂ စင်း၊ သံကူကွန်ကရစ်ကြမ်းခင်းလဲလှယ်ခြင်း ၂၅ စင်း၊ ကျောက်စီရေမြောင်း အရှည် ၁၄၆၉၁ ပေ၊ ရေပြွန်ထပ်ဆက်ကွေ့ ၁၇ စင်း အစရှိသည့် လုပ်ငန်းများ၊ မြေကာ/မြေထိန်းနံရံ ၅၇ ခု၊ မြေကာ/မြေထိန်းနံရံ သံကူကွန်ကရစ်တံတားနှစ်စင်းစသဖြင်‌့ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ၆၄ မိုင် ၆ ဖာလုံကို အကျယ် ၃၄ ပေ လမ်းတာချဲ့ခြင်း ဆောင်ရွက်ပြီးစီးနိုင်ခဲ့ပါကြောင်း၊ မင်းတပ်-မတူပီလမ်းကို လမ်းအဆင်‌့မြှင်‌့တင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်တွင် ရန်ပုံငွေ ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၂၀၈၀ သန်း ကိုလည်းကောင်း တင်ပြခဲ့သော် လည်းပဲ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေတွင် ရန်ပုံငွေခွဲဝေရရှိခြင်း မရှိခဲ့ပါသဖြင်‌့ လမ်းအဆင်‌့မြှင်‌့တင်ခြင်း လုပ်ငန်းများကို အဆိုပါကာလများတွင် ဆောင်ရွက်ပေးနိုင်မှု မရှိခဲ့ခြင်းဖြစ်ပါကြောင်း၊

နှစ်စဉ်မိုးသည်းထန်စွာရွာသွန်းမှုကြောင်‌့ လမ်းသားပဲ့ကျခြင်းနဲ့ တောင်ပြိုခြင်းများကြောင်‌့ လမ်းသားပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ်လာ၍ အဆိုပါ လမ်းမကြီးကို ယခုအချိန်တွင် အလေးထားပြီး ပြင်/ထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်/ထိန်းရန်ပုံငွေ ၂၉၈.၉၀၄ သန်းနှင်‌့ ပြည်နယ်ရန်ပုံငွေ ၅၁၀၁ သန်းတို့ဖြင်‌့ မော်တော်ယာဉ်ကြီး/ငယ်များ ရာသီမရွေးသွားလာနိုင်ရန်  ၂၉ မိုင် ၆ ဖာလုံရှိသည့် လမ်းကို ကတ္တရာထပ်ပိုးလွှာခင်းပေးခဲ့ပါကြောင်း၊ ၃၄ ပေအကျယ်  ကတ္တရာ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ၊ လမ်းဖြောင်‌့ကွေ့ပြီးတော့ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ၊ လမ်းသားနိမ့်ကျနေသည့် နေရာများကို အမာခံလမ်းခင်းပေးခြင်းလုပ်ငန်းများ၊ Gabion Wall တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေထုတ်ပြွန် ၁၂ စင်း၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Gabion Box Walling ၄၆၈ ခု အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၀၀၀ သန်းနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေ ကျပ် ၂၈၉၇ သန်း လျာထားတင်ပြတောင်းခံပြီး ခွင်‌့ပြုချက်ရရှိပါက  ၂ မိုင် ၂ ဖာလုံအကျယ် ၃၄ ပေ လမ်းတာချဲ့ခြင်း၊ ၂ မိုင်အရှည် ၃၄ ပေ ကွန်ကရစ်လမ်းခင်းခြင်း၊ ၁၂ မိုင် ၁ ဖာလုံကို ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းတာချဲ့ပြီးအပိုင်း ၁ မိုင် ၄ ဖာလုံကို အမာခံကျောက်လမ်းခင်းခြင်း စသည်‌့လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လျာထားလုပ်ငန်းများ ဆောင်ရွက်ပြီးပါက  ကတ္တရာကွန်ကရစ်လမ်း ၃ မိုင် စုစုပေါင်း ၁၀၂ မိုင်ရှိသည့်အနက် AC လမ်း ၃ မိုင်၊ ကတ္တရာ လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၂ ဖာလုံနှင့် ကတ္တရာလမ်း ၉၈ မိုင် ၆ ဖာလုံကို ဆောင်ရွက်ပြီးစီးသွားမည်ဖြစ်ပါကြောင်း၊

မင်းတပ်-မတူပီလမ်းကို အဆင်‌့မြှင်‌့တင်ဆောင်ရွက် နိုင်ရေးအတွက် နှစ်စဉ်ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆင်‌့မြှင်‌့ တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျန်ရှိသောလမ်းပိုင်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။