ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၄)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရာတွင် ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ခေါင်းဆောင်၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ရယူပြီး လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဉီးဉီးထွန်းဝင်း၊ ကျောက်တော် မဲဆန္ဒနယ်က မေးမြန်းသော တပ်ပိုင်မြေဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြု နေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ဒေသခံတောင်သူလယ်သမားများကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသောမြေများဖြစ်သည့် အတွက် တပ်ရင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဉီးတိုးဝင်း၊ တာမွေ မဲဆန္ဒနယ်က မေးမြန်းသော ဂျပန်-ကိုရီးယား စက်မှုလက်မှု လုပ်ငန်းများ မြန်မာပြည်သို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးဆက်အောင်က ကိုရီးယားရင်းနှီးမြှုပ်နှံသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (JICA)မှ ကျွမ်းကျင်သူများ၊ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)မှ ကျွမ်းကျင်သူများ၊ ဂျပန်ရင်းနှီးမြှုပ်နှံလိုသူများ နှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လက်ရှိတွင် အသက်မွေးပညာသင်ပုဂ္ဂလိကကျောင်း (၃)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ အတည်ပြုမိန့်ထုတ် ပေးထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်နီနီမေမြင့်၊ တောင်ကုတ် မဲဆန္ဒနယ်က မေးမြန်းသော ပြည်(နဝဒေး) တောင်ကုတ်လမ်းမကြီးအား (BOT) စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး စာချုပ်ပါ အချက် အလက်များအား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှု ရှိ၊ မရှိနှင့် ထိုလမ်းမကြီးအား ကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက BOT ကုမ္ပဏီနှင့် Termination Aggrement လက်မှတ်ရေးထိုးပြီးမှသာလျှင် နိုင်ငံတော်မှ တရားဝင်လွှဲပြောင်းရယူမည်ဖြစ်ကြောင်းနှင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရန်အတွက် ငွေလုံးငွေရင်းရန်ပုံငွေ တင်ပြတောင်းခံပြီး စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၄) ဉီးစိုင်းကျော်မိုး၊ မိုင်းပန် မဲဆန္ဒနယ်က မေးမြန်းသော မိုင်းပန်မြို့ရှိ မြို့နယ်ဉီးစီး ဌာနဆိုင်ရာ ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာ(၂)လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အိမ်ရာတည်ဆောက်ရန်အတွက် ပထမဦးစားပေးအနေဖြင့် မြေနေရာရရှိပြီးမှသာ ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဉီးပါထန်း၊ မတူပီ မဲဆန္ဒနယ်က မေးမြန်းသော မတူပီ-မင်းတပ်လမ်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက နှစ်စဉ်ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျန်ရှိနေသောလမ်းပိုင်းများ ကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဉီးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က မေးမြန်းသော ဗလမင်းထင်တံတားပေါ် ပြည်သူများဖြတ်သန်းသွားလာချိန်ကို (၂၄)နာရီ ပိတ်ချိန်မရှိ ခွင့်ပြုပေးရန်နှင့် မလိုအပ်သော စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဗလမင်းထင် တံတားအား (၂၄)နာရီ ဖြတ်သန်းခွင့်ပြုနိုင်ခြင်းမရှိပါကြောင်းနှင့် လုံခြုံရေး/စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းရန် လတ်တလော အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဉီးမိုးရွှေ၊ ပူတာအို မဲဆန္ဒနယ်က မေးမြန်းသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အန္တရာယ်ရှိတံတားဖြစ်သော ဆွမ်ဗီယန်တံတားနှင့် ဖုန်အင်တံတားတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆွမ်ဗီယန်တံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီးဖြစ်ပါကြောင်းနှင့် ဖုန်အင်တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အဆို (၁)ခုတင်သွင်းခြင်း
ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင် အထည်ဖော်နိုင်စေရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွင်း အပြီးအပြတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါက်တာဉီးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်က တင်သွင်းပြီး ဦးဖြိုးဇေယျာသော် (ခ)ဦးဇေယျာသော်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၅-၈-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဉပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၆-၈-၂၀၁၉ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
