(စ)-ဗလမင်းထင်တံတားပေါ် ပြည်သူများဖြတ်သန်းသွားလာချိန်ကို ၂၄ နာရီပိတ်ချိန်မရှိခွင့်ပြုပေးရန်နှင့် မလိုအပ်သော စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)

 

ဝိုင်းမော်မြို့နယ်တွင် တည်ဆောက်ထားသော မြစ်ကြီးနားမြို့မှကြိုဆိုပါ၏ဟူသောဆိုင်းဘုတ် အရှေ့တွင် တည်ဆောက်ထားသော တံတားဖြတ်သန်းခကောက်မည့်ဂိတ်လိုလို၊ တိုးလ်ဂိတ်လိုလို တည်ဆောက်ထားပါကြောင်း၊ ဒေသခံပြည်သူများ ကန့်ကွက်သည့်ကြားထဲက တည်ဆောက် နေပါကြောင်း၊ ဗလမင်းထင်တံတား၏ ဖြတ်သန်းသွားလာချိန်သည် မနက် ၅ နာရီမှ ည ၉ နာရီဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့က ပြည်သူများခရီးသွားပြည်သူအားလုံးက ဂိတ်ဖွင့်ချိန်ကို စောင့်ပြီးမှ ဂိတ်ဖွင့်မှသာလျှင် တစ်ပြိုင်တည်းမိမိယာဉ်များကို ဖြတ်သန်းသွားလာကြရပါကြောင်း၊ ည ၉ နာရီ တံတားပိတ်ခြင်းအားဖြင့် မိမိတို့ဝိုင်းမော်မြို့နယ်ကပြည်သူများက မြစ်ကြီးနားမြို့တွင် လူမှုရေး၊ ဘာသာရေး၊ ပွဲလမ်းသဘင်များ၊ သာသနာရေး၊ နာရေးကိစ္စများအားလုံး မြစ်ကြီးနားမြို့ ပေါ်ကို သွားကြရပါကြောင်း၊ မြစ်ကြီးနားမြို့ပေါ်တွင်သွားနေသည့်အခါ ၉ နာရီဆိုသည့်အချိန်လေး က ခဏလေးဖြစ်ပါကြောင်း၊ ၉ နာရီထိုးလာမည်ကို ပြည်သူတွေစိတ်ထဲတွင် ကလိုင်တီးနေသလို ခံစားရပါကြောင်း၊ ၉ နာရီမထိုးခင်တွင် တံခါးပိတ်မည်စိုး၍ အလျင်အမြန်ပြန်ကြရပါကြောင်း၊ ဝိုင်းမော်မြို့ကပြည်သူများ မြစ်ကြီးနားကို ဈေးရောင်းသွားရန်အတွက် မနက် ၄ နာရီကျော်ခန့်တွင် ဈေးရှေ့တွင် ပြင်ဆင်နေကြ၊ စောင့်ဆိုင်းနေကြရပါကြောင်း၊

လက်ရှိအခြေအနေတွင် မန္တလေး၊ မြစ်ကြီးနားကားဂိတ်မှ မန္တလေး-ရန်ကုန်-နေပြည်တော် စသော အခြားပြည်နယ်မြို့ကြီးများတွင် ၂၄ နာရီသွား၍ရပါကြောင်း၊ မိမိတို့ဝိုင်းမော်ကမြစ်ကြီးနားနှင့် နီးလျက်နှင့်သွား၍မရဘဲ အတားအဆီးတစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ ကမ္ဘာကြီးက ရွာကြီးတစ်ရွာ လိုဖြစ်နေတယ်ဆိုသည့်စကားက မိမိတို့ဝိုင်းမော်အတွက် စဉ်းစားစရာဖြစ်နေပါကြောင်း၊ မြစ်ကြီး နားဘက်ကလာသည့်လိုင်းကားများ၊ ယာဉ်များကို သက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံ နေရသည့်နေရာမှာ လမ်းကလည်းကျဉ်း၊ ကုန်းတက်ကုန်းဆင်းလည်းဖြစ်ပြီး စစ်ဆေးရေးဂိတ် ကလည်းရှိသည့်အခါ ခရီးသွားပြည်သူများအတွက် အလွန်ဒုက္ခရောက်ရပါကြောင်း၊ ယာဉ်မောင်း များအတွက်၊ ခရီးသွားပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်သလို ယာဉ်များအတွက် လည်း အန္တရာယ်များပါကြောင်း၊ အမှန်တော့ ၎င်းနေရာတွင်မလိုအပ်ပါကြောင်း၊ အဆိုပါဂိတ်၏ ကိုက် ၁၀၀ အလိုတွင် ပူးပေါင်းဂိတ်ရှိပြီးဖြစ်ပါကြောင်း၊ ၎င်း၏အထက်တွင်လည်း  ၉ နာရီပိတ် သော တံတားလုံခြုံရေးဂိတ်လည်းရှိပြီးသားဖြစ်ပါကြောင်း၊ ဂိတ်နှစ်ဂိတ်ကြားတွင် အဆိုပါ ဂိတ်ရှိ သည့်အတွက် ပြည်သူများသွားလာရသည်မှာ အလွန်ခက်ခဲရသည့်အတွက် ၎င်းဂိတ်ကိုဖြုတ်သိမ်း ပေးရန် တောင်းဆိုခြင်းဖြစ်ပါကြောင်း၊

မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲလုပ်တိုင်း အဆိုပါဂိတ်များ ကို ဖြုတ်သိမ်းပေးရန်နှင့် ဗလမင်းထင်၏ဖြတ်သန်းချိန်ကို ပြည်သူများအတွက် ၂၄ နာရီ ဖြတ်သန်းခွင့်ပြုရန် တင်ပြပေးပါဟုအမြဲတမ်းတင်ပြတောင်းဆိုလျက်ရှိသည့်အတွက် မဲဆန္ဒရှင် ပြည်သူများကိုယ်စား ဗလမင်းထင်တံတားပေါ် ပြည်သူများဖြတ်သန်းသွားလာချိန်ကို ၂၄ နာရီ ပိတ်ချိန်မရှိခွင့်ပြုပေးရန်နှင့် မလိုအပ်သောစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၃၄၃၇၉.၂၂ ခန့် ကျယ်ဝန်းပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ၅၀၄.၆၄ မိုင်ခန့်ကွာဝေးပြီး အိန္ဒိယနိုင်ငံနှင့် ၁၆၄ မိုင်ခန့်ကွာဝေးကာ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆို၍ တရားဝင်နယ်စပ်ဖြတ်ကျော်ဝင်/ထွက်ခွင့်ပြုထားသည့် မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီ နယ်စပ်ဝင်/ထွက်စခန်း၊ ပန်ဝါနယ်စပ်ဝင်/ထွက်စခန်းနှင့် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ် ဝင်/ထွက် စခန်းတို့ရှိပါကြောင်း၊

ကချင်ပြည်နယ်သို့ ကားလမ်းနှင့် လေကြောင်းလမ်းတို့မှ တရားဝင်ဝင်ရောက်သွားလာသည့် ကမ္ဘာလှည့်ခရီးသည်များ၊ သံတမန်များနှင့် နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းမှ ဝင်ရောက် လာကြသော နိုင်ငံခြားသားဧည့်သည်များအတွက် ခရီးသွားလာမှုနှင့်ပတ်သက်၍ နယ်မြေဒေသ ကန့်သတ်ချက်များကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏လုံခြုံရေး၊ နိုင်ငံခြားသားဧည့်သည် များ၏လုံခြုံရေးတို့အတွက် ခရီးသွားလာခွင့်ပြုသောနယ်မြေများ၊ မြို့ပေါ်ခွင့်ပြု၊ မြို့ပြင်ခွင့်ပြုချက် တောင်းခံရန်နယ်မြေများ၊ ခွင့်ပြုချက်တောင်းခံရမည့်နယ်မြေများအား ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၇-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ပထရ/ခ-၁(၀၆၅၁)/ဦး၁ ဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါကြောင်း၊

မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထားသော ဗလမင်းထင်(ဧရာဝတီ တံတား)၌ ဖြတ်သန်းသွားလာချိန်ကန့်သတ်ထားခြင်းနှင့် စစ်ဆေးရေးဂိတ်ထားရှိရခြင်းမှာ ကချင် ပြည်နယ်သို့ လာရောက်သော နိုင်ငံခြားသားများကန့်သတ်နယ်မြေများသို့ ကျော်လွန် သွား ရောက်ခြင်းမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ တရားမဝင်ကုန်ပစ္စည်းများ သွင်း/ထုတ် သယ်ဆောင် ခြင်းမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ တရားဝင်သွင်းကုန်/ထုတ်ကုန်ပစ္စည်းများအား ခွင့်ပြုချက်နှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ကြပ်မတ်ရန်၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ဓာတုဗေဒဆိုင်ရာကုန်ပစ္စည်းများ သွင်း/ထုတ်သယ်ဆောင်ခြင်းမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ အမျိုး သမီးငယ်များနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုဖြစ်စဉ်အန္တရာယ်မှ ကာကွယ်တားဆီး နိုင်ရေး စစ်ဆေးကြပ်မတ်နိုင်ရန်၊ ဗလမင်းထင်တံတားသည် မြန်မာ-တရုတ်-အိန္ဒိယကုန်စည် စီးဆင်းမှုလမ်းကြောင်းပေါ်ရှိသည့်အတွက် တံတားလုံခြုံရေးတို့ကို စိစစ်ကြပ်မတ်နိုင်ရန် တို့ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှပေးပို့အကြောင်းကြားလာသည့် လူပျောက်အမှုပေါင်း ၅၈ မှုအား ၂၀၁၉ ခုနှစ်အတွင်း ဗလမင်းထင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစုံစမ်းပြီး ဖော်ထုတ်နိုင်ခဲ့သည့်အပြင် လတ်တလောအနေဖြင့်လည်း မသင်္ကာဖွယ်ရာ ခရီးသည်များအား စစ်ဆေးဆောင်ရွက်၍ပေါ်ပေါက်ချက်အရ ၂၁-၂-၂၀၁၉ ရက်နေ့ ၁၁း၁၅ အချိန်မှာ ဝိုင်းမော်မြို့မရဲစခန်း (ပ)၃၁/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် လူကုန်ကူးသူတရားခံအမျိုးသမီးသုံးဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး လူကုန်ကူး ခံရသူအမျိုးသမီးနှစ်ဦးအား တားဆီးကယ်တင်နိုင်ခဲ့ပါကြောင်း၊

ဗလမင်းထင်တံတားသည် မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်တွင်တည်ရှိပြီး ဧရာဝတီမြစ် အားဖြတ်သန်းသွားလာရန်တစ်ခုတည်းသောတံတားတစ်စင်းဖြစ်ပါသဖြင့် တံတား၏လုံခြုံရေး အတွက် တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိရာ မြစ်ကြီးနားမြို့နှင့် တံတား၏လုံခြုံရေးအတွက် နေ့စဉ်ည ၉ နာရီမှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့်အား ကန့်သတ်ထားသော်လည်း ည ၉ နာရီနောက်ပိုင်းတွင် ခရီးသွားပြည်သူ လူထု၏ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်ပြီး အရေးပေါ်အခြေအနေအရ ခွင့်ပြုပေးရန် လိုအပ်ပါက စစ်ဆေးပြီးခွင့်ပြုပေးလျက်ရှိပါကြောင်း၊

လတ်တလောနယ်မြေအခြေအနေအရ အဖျက်အမှောင့်ဆောင်ရွက်လိုသူများမှ တံတားအား မိုင်း ထောင်ဖောက်ခွဲခြင်း၊ တံတားမှဖြတ်သန်း၍ မြို့တွင်း၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေးအတွက် လိုအပ်သောစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန် လုံခြုံရေး/ စစ်ဆေးရေး ဂိတ်များအား မဖြစ်မနေထားရှိရမည်ဖြစ်ပါသဖြင့် ဗလမင်းထင်တံတားအား ၂၄ နာရီဖြတ်သန်း ခွင့်ပြုနိုင်ခြင်းမရှိပါကြောင်း လုံခြုံရေးစစ်ဆေးရေးဂိတ်များအား ဖြုတ်သိမ်းရန်လတ်တလော အစီ အစဉ်မရှိပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှပေးပို့သောအချက်အလက်များအား ဖြေကြား ပါသည်။

ဦးလဂန်ဇယ်ဂျုံး(ဝိုင်းမော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိဆိုလိုသည်မှာ ည ၂၄ နာရီဖွင့်ပေးရန် ဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီးကလုံခြုံရေးအရ စစ်ဆေးရေးကိုလည်း လက်ခံပါကြောင်း၊ အခါအားလျော်စွာ အရေးကြီးရင်ကြီးသလို ဖြတ်ခိုင်း သော်လည်းဖြတ်၍မရဘဲ ပြန်လှည့်သွားရသောပြည်သူ မြောက်မြားစွာရှိပါကြောင်း၊ မန္တလေး-ရန်ကုန်က ဆိုက်ရောက်လာ၊ မြစ်ကြီးနားတွင်ရောက်ပြီး မြစ်ကြီးနားမှ ညသန်းခေါင် ဝိုင်းမော် ကူးမည်၊ မြစ်ကြီးနားနှင့်ဝိုင်းမော်က နီးနီးလေးမဝေးပါကြောင်း၊ သို့သော်ကူး၍မရသည့်အတွက် နီးလျက်နှင့် မြစ်ကြီးနားတွင်အိပ်ရပါကြောင်း၊ ညတွင်းချင်း ကိုယ့်အိမ်ကိုယ့်ရာကို ရောက်အောင် သွားရောက်ခြင်းမရှိတော့ပါကြောင်း၊ စစ်ဆေးရေးဂိတ်ဖြုတ်သိမ်းရန်၊ မဖြုတ်သိမ်းရန်ထက် စစ်ဆေး ပါ၊ စစ်ဆေးပြီး ဝန်ကြီးဖြေသည့်အတိုင်း ခွင့်ပြုပေးပါ မဟုတ်ပါက ည ၁၁ နာရီအထိလည်းကောင်း၊ မနက် ၄ နာရီအထိ လည်းကောင်း အချိန်ကိုပြန်လျှော့ပြီး ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ၊ ၎င်းစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးနိုင်ခြင်းမရှိဟု ဖြေကြားပါကြောင်း၊ မိမိမေးမြန်းသောဂိတ်က လမ်းဆုံလည်းဖြစ်၊ ကုန်းဆင်းကုန်းတက်လည်းဖြစ်၊ ယာဉ်များသွားလာရသည်မှာခက်ခဲသော နေရာက ဂိတ်ကိုဆိုလိုပါကြောင်း၊ ပူးပေါင်းဂိတ်နှင့် အပေါ်က တံတားလုံခြုံရေးဂိတ်ကိုဆိုလိုခြင်း မဟုတ်ပါကြောင်း၊ သွားရလာရခက်ခဲသော ပြည်သူများကို သက်သက်မဲ့ဒုက္ခပေးသလိုဖြစ်နေသည့် အဆိုပါဂိတ်ကို ဖြုတ်သိမ်းပေးရန် မေးမြန်းခြင်းဖြစ်သည့်အတွက် အချိန်တိုးပေးရန်အတွက်ကို ဆက်လက်ပြီးဖြေကြားနိုင်ပါက ဖြေကြားပေးရန် မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

၎င်းဂိတ်များက အမှန်တကယ်တော့ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရခြင်းမဟုတ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူထားသောဂိတ်များ ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော် ကြီး၏ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်လက်ပေးပို့သွားမည် ဖြစ်ပြီး ပြန်ကြားချက်ကို ပေးပို့သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။