ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၄၁၂)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်ကို ကျန်းမာရေးအခြေအနေအရ အနားယူခွင့်ပြုကြောင်း လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။
( ခ ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်းနှင့် အဖွဲ့ခေါင်းဆောင်၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။
( ဂ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးတင်အေး၊ မက်မန်း မဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဖွင့်လှစ်ပေးရန်၊ (၁၂၀ x ၉၀)ပေ အားကစားရုံ နှင့် (၄၀၀ x ၃၀၀)ပေ အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အားကစားကွင်း အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်ထားပါကြောင်းနှင့် လိုအပ်သည့်မြေနေရာ သတ်မှတ်ပေးရန်အတွက် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးမှတစ်ဆင့် မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက် ထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးဦးလှစော၊ မြောက်ဦး မဲဆန္ဒနယ်က မေးမြန်းသော စစ်တွေမြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များက စစ်တွေမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ရန် အဆိုပြု လျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးမြင့်လွင်၊ တွံတေး မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီးမပြသမီ ပညာပေးဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေး ဆောင်ပုဒ်များ ပြသပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သက်ဆိုင်ရာမှ မူဝါဒလမ်းညွှန်မှုရယူကာ သင့်တော်သည်များကို Digital စနစ်ဖြင့် ရိုက်ကူးပြီးပြသပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပညာပေး ပိုစတာများ၊ လက်ကမ်း စာစောင်များ ပေးပို့လာပါက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က မေးမြန်းသော ပျော်ဘွယ်မြို့နယ် မြောက်ပိုင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာပေါင်း (၃၀)ခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ရန်အတွက် ယင်းတော်ရွာတွင် 33/11 KV3MVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်း (၁၂)မိုင်ခန့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တည်ဆောက်ခြင်း လုပ်ငန်းတို့အတွက် လိုအပ်သော ဘတ်ဂျက်ရန်ပုံငွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၅)နှစ် စီမံကိန်းတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့် အတည်ပြုချက် ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနေမျိုးထက်၊ ကျောက်တံတား မဲဆန္ဒနယ်က မေးမြန်းသော လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုမရှိစေရန်နှင့် လုံလောက်စွာရရှိနိုင်ရေးအတွက် အရန်ပမာဏထားရှိနိုင်ရန် အထိ တိုးမြှင့်ထုတ်လုပ်ခြင်းကို စီမံကိန်းချလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အနာဂတ်ကာလတွင် အရန်ဓာတ်အားထုတ်လုပ်နိုင်မည့် ပမာဏ ထားရှိပါကြောင်းနှင့် အမြင့်ဆုံးလျှပ်စစ်သုံးစွဲမှုပမာဏထက် Reserve Power ကို ၁၀% မှ ၂၀% အထိ တိုးမြှင့်ထားရှိသွားနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က မေးမြန်းသော ကိုယ်ထူကိုယ်ထ မီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အားရရှိထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့်နှုန်းကို မတတ်နိုင်သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလို သူများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာများတွင် ဖြစ်ပေါ်နေ သည့် ကိစ္စရပ်များကို မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာမီးလင်းရေးကော်မတီ၊ မီးလင်းရန်ကျန်ရှိနေသော အိမ်ထောင်စုများ၊ မီးလင်းပြီးရန်ပုံငွေထည့်ဝင်ထားသည့် ပြည်သူများ နှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးသက်နိုင်ဦး၊ ရေဖြူ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတောင်ပိုင်း လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ရည်မှန်းတည်ဆောက်နေသော LNG ဓာတ်အားပေး စီမံကိန်း (ကံပေါက်)အား မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းအတွက်လိုအပ်မည့် လျာထားမြေနေရာကိစ္စရပ်များ၊ လုပ်ငန်းသဘောသဘာဝ အရ ဆက်စပ်သည့် ဌာနဆိုင်ရာအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ချေရှိသည့် ကနဦးလေ့လာဆန်းစစ်မှု အစီရင်ခံစာများကို အချိန်ယူဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဃ) ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဉပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( င ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က တင်သွင်းသည့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက် ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒ ချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၉) ဦးက ဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်ရက်ကို ၂-၈-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
