(ခ)-သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှန်တကယ် လိုအပ်နေသော မန်းချောင်း တံတားအထက်ပိုင်း သောင်တူးပေးရန်နှင့် စကုမြို့သို့ ဦးတည်တိုက်စားနေသော နေရာတွင် ရေကာတာ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၂၅.၇. ၂၀၁၉)

သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် လိုအပ်ချက်ကို မေးခွန်း မေးမြန်းမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ် အတွင်းတွင် ဖြတ်သန်းစီးဆင်းနေသည့် မန်းချောင်းသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရေမပြတ် စီးဆင်းနေကြောင်း၊ မန်းချောင်းတစ်လျှောက် ဘေးဝဲ/ယာတွင် စကုမြို့နှင့် ကျေးရွာပေါင်းများစွာ တည်ရှိကြောင်း၊ မန်းချောင်းရေ စီးဆင်းသည် ဒေသခံပြည်သူများ စိုက်ပျိုးရေးအတွက် အဆင်ပြေမှု ရှိသော်လည်း မန်းချောင်းရေ တိုက်စားသည့်အတွက် စိုက်ပျိုးမြေ ဆုံးရှုံးရခြင်းများ၊ နေအိမ်များ ပြောင်းရွှေ့ရခြင်းနှင့် ရေကြီးခြင်း ဒုက္ခများကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် မန်းချောင်းသည် စကုမြို့ကို ဦးတည် တိုက်စားနေသည့်အတွက် စကု-ပွင့်ဖြူ လမ်းပေါ်ရှိသည့် မန်းချောင်း တံတား၏ ချဉ်းကပ်လမ်းကို တိုက်စားသွားမည်ကို ဒေသခံများက များစွာ စိုးရိမ်ပူပန်လျက် ရှိကြောင်း၊ ထို့ကြောင်း ယခုသဘာဝဘေးအန္တရာယ်ကို ကြိုတင်နိုင်ရန်အတွက် ချောင်းရေနည်းသည့် အချိန်တွင် သောင်တူးခြင်း၊ ကမ်းထိန်းနံရံ ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊

မန်းချောင်းသည် စကုမြို့သို့ ဦးတည်ပြီး တိုက်စားနေကြောင်း၊ မန်းချောင်းသည် အကွေ့များ များစွာဖြင့် ရွာများဘက်ကို တိုက်စားနေခြင်း၊ သောင်တူးရန် လိုအပ်မှု ရှိကြောင်း၊ ကန်ထိန်းရန်အတွက် မျောတိုင်များ ရိုက်ကြောင်း၊ မြေကြီးများချပြီး ယာယီကမ်းထိန်းခြင်းကို ဆောင်ရွက်ခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း၊ ထပ်ပြီး စားနေကြောင်း၊ စကုမြို့နှင့် အင်မတန် နီးကပ်နေပြီ ဖြစ်ကြောင်း၊ စကု အမှတ်(၃)ရပ်ကွက်နှင့် မန်းချောင်းတံတား ချဉ်းကပ်လမ်းကို နီးကပ်နေပြီဖြစ်သည့်အတွက် ဒေသခများ စိုးရိမ်ပူပန်နေရခြင်း ဖြစ်ကြောင်း၊

ထို့ကြောင့် မိမိတို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် မန်းချောင်းတံတား အထက်ပိုင်းကို သောင်တူးခြင်းနှင့် စကုမြို့ကို ဦးတည် တိုက်စားနေသည့် နေရာများတွင် ရေကာတာ ပြုလုပ်ပေးရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး  အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

မေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားမည်ဖြစ်ကြောင်း၊

မန်းချောင်းသည် မန်းတမံမှ စီးဆင်းလာသည့် မန်းချောင်းနှင့် ပန်းထိမ်းမန်းချောင်းတို့သည် ငဖဲမြို့အောက်ဘက်တွင် ပေါင်းဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း စီးဆင်းသည့် ချောင်းဖြစ်ကြောင်း၊ ရေဝေရေလွှဲဒေသများတွင် သစ်တောများ ပြုန်းတီးမှု၊ လယ်ယာမြေနှင့် တောင်ယာများ တိုးချဲ့လုပ်ကိုင်မှုများကြောင့် မန်းချောင်းအတွင်း အနယ်ကျမှု များလာပြီး တိမ်ကော လာခဲ့ခြင်း၏ အကျိုးဆက်များအဖြစ် ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း ရေကြီးရေလျှံမှုများ၊ ရေစားကမ်းပြိုမှုများနှင့် ရေလမ်းကြောင်း ပြောင်းလဲမှုများ နှစ်စဉ်ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း၊

       မကွေးတိုင်းဒေသကြီးအတွင်း ရေတိုက်စားမှုဒဏ်ကို နှစ်စဉ်ခံစားနေရသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ၊ ကမ်းထိန်းတမံနှင့် ရေကာတာ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ စုစုပေါင်းကျပ် ၇၆၆.၉၈ သန်းဖြင့်ေ ဆာင်ရွက်ပေးခဲ့ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားကြောင်း၊

       ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများအနေဖြင့် မင်းဘူးမြို့နယ်တွင် မန်းချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ကျပ်သန်း ၁၁၂.၄၃ သန်း အပါအဝင် ပေါက်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်တို့ အသီးသီးတွင် ယင်းချောင်းနှင့် လောင်ထောင်ချောင်း ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စုစုပေါင်း ရန်ပုံငွေကျပ် သန်း ၃၃၀ ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့အသီးသီးတွင် ယင်းချောင်းနှင့် ဧရာဝတီမြစ် ရေတိုက်စား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို စုစုပေါင်းရန်ပုံငွေ ကျပ် ၄၃၆.၉၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မန်းချောင်းတံတား အထက်ပိုင်း သောင်တူးခြင်းနှင့် စကုမြို့သို့ ဦးတည်တိုက်စားနေသည့် နေရာတွင် ရေကာတာ ပြုလုပ်ပေးရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့တို့နှင့် အမှန်တကယ် လိုအပ်ချက် တွက်ချက်ခြင်း၊ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းနှင့် နည်းပညာ ဖော်ထုတ်ခြင်း၊ နည်းပညာအရ သဘောထား တောင်းခံခြင်းတို့ကို ညှိနှိုင်းဆောင်ရွက် သွားပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက် ခံယူသွားမည် ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါကြောင်း၊

မန်းချောင်းသည် စကုမြို့အထက်ဘက်တွင် ရေလမ်းကြောင်းပြောင်းမှုကြောင်း စကုမြို့ အမှတ်(၃) ရပ်ကွက်ဘက်သို့ ရေဦးတိုက်စားလျက် ရှိနေခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူလခွင့်ပြု ရန်ပုံငွေကျပ်သန်း ၅၀ ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလွှဲရေကာများ တည်ဆောက်ပေးခြင်း၊ ရေလမ်း အကျယ်ချဲ့ပေးခြင်းနှင့် သဲအိတ်ဖြည့် ကမ်းထိန်းကရစ်များ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အထိုက်အလျောက် ကာကွယ်မှု ပေးနိုင်ခဲ့ကြောင်း။

မန်းချောင်း(စကု-စလင်း) တံတားအဝင် ရေလမ်းသည် စကုမြို့အမှတ်(၃)ရပ်ကွက်ဘက်မှ “S” ပုံသဏ္ဍာန် ကွေ့ကောက်စီးဆင်းပြီး တံတားအဝင် ရေလမ်းဖြောင့်သဖြင့် တံတားအတွက် ထိခိုက်မှု မရှိသော်လည်း မိုးရာသီရေများချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်များသို့ ချောင်းရေ ဦးတိုက်စီးဆင်မှုကြောင့် ရေတိုက်စားကမ်းပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း။

ရေရှည်တွင် အမှတ်(၃)ရပ်ကွက် ရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန်နှင့် မန်းချောင်းတံတား အထက်ဘက် ရေလမ်းအခြေအနေကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန်အတွက် တံတားအထက်ပိုင်း အလျား ၇၅၀ ပေကို သောင်တူးခြင်း လုပ်ငန်းနှင့် အမှတ်(၃) ရပ်ကွက်တွင် ဦးတည်တိုက်စားနေသည့် နေရာကမ်းပါးတစ်လျှောက် အလျား ၁၂၀၀ ပေ မျောကျောက်ဖြည့် အခြေထိန်းနှင့် အလျား ပေ ၁၀၀ ရေလွှဲရေကာ သုံးခု တွဲဖက်တည်ဆောက်ပေးခြင်း လုပ်ငန်းနှင့် မန်းချောင်း(စကု-စလင်း)တံတား အဝင်ရေလမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ၎င်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သန်း ၁၅၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားမှု ရှိကြောင်း၊

၎င်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားခဲ့ခြင်း မရှိသည့်အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းတွင်လည်း လျာထားခြင်း မရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီထံ တင်ပြ၍ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဆိုပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေါင်းစပ်ဖြေကြားထားမှုရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းဝင်း(မင်းဘူး မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီးဖြေကြားမှုတွင် ၂၀၁၉-၂၀၂၀ တွင် ဘတ်ဂျက်လျာထားမှု မရှိသည့်အတွက် ၂၀၂၀-၂၀၂၁ တွင် ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု နားလည်ကြောင်း၊ အမှန်တကယ် ဘတ်ဂျက်ကာလကို စောင့်နေမည်ဆိုပါက ပိုပြီးဆိုးသွားနိုင်သည့် အခြေအနေကို ဒေသခံပြည်သူများလည်း စိုးရိမ်နေကြောင်း၊ အမှန်က မိမိ မေးခွန်းတင်ထားတာက ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်း ကဖြစ်ကြောင်း၊ ရေနည်းသည့် အချိန်တွင် သောင်တူးခြင်း၊ ကမ်းထိန်းနံရံ လုပ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိမိအနေဖြင့် ကြိုပြီး တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ယခု ဘတ်ဂျက်ချပေးပါက လုပ်ရမည်ဆိုပါက အခက်အခဲများ ရှိကြောင်း၊ မည်သည့်အတွက်ဆိုသော် မိုးဦးကျ သွားပြီဖြစ်သည့်အတွက် ဖြစ်ကြောင်း၊ မိုးများလာသည့်အချိန်တွင် မန်းချောင်းရေသည် တရှိန်ထိုး ချက်ချင်း ရေကြီးလာပြီး သောင်တူးသည့် စက်များ  အဆင်မပြေ ရေနစ်နာများ ဖြစ်နိုင်ကြောင်း၊ ထို့အတွက် မိုးကုန်သည့် အချိန်တွင် ဘတ်ဂျက်ကျနိုင်ရန်အတွက် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ခေါင်းစဉ်အောက်မှ ပေါင်းစပ်ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရန် ယခုမိုးရာသီကုန်သည့် အချိန်တွင် မန်းချောင်း ရေနည်းသည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ကြိုးစား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ဆက်စပ်မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနနှင့် ထပ်မံပြီး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။