ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၁)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်နန်းသန်းသန်းလွင်၊ ဘားအံမဲဆန္ဒနယ်က မေးမြန်းသော ပြည်ထဲရေးဝန်ကြီး ဌာနက သိမ်းယူထားသော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏ ကျေးရွာ၊ ဝါဂွမ်းလှိုင်ထိပ်ကွင်း၊ ကွင်းအမှတ် (၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက် လယ်မြေများအား ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေး မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများ၏လုပ်အားဖြင့် ဖော်ထုတ် ခဲ့သည့်အတွက် ၎င်းတို့၏ သက်သာချောင်ချိရေးကို အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်၍ စွန့်လွှတ်အပ်နှံ ထားသော လယ်ယာမြေ ၉၁.၁၀ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရန် နှင့်လက်ရှိလုပ်ကိုင်လျက်ရှိသည့် လယ်ယာမြေ ၈၁၁.၉၉ ဧကအား ထပ်မံ စွန့်လွှတ် ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်က မေးမြန်းသော မူးယစ်ဆေးဝါးသုံးစွဲသူများ အတွက် လူမှုရေးပြစ်ဒဏ်အဖြစ် ချမှတ်သည့် ပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတော် အစိုးရအနေဖြင့် လက်ရှိအချိန်တွင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ပြင်ဆင်သည့် နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးမှ သာလျှင် ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အဆောက်အဦများ ဆောက်လုပ် ထားခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်က မေးမြန်းသော မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုအတွင်းရှိ စံသမာဓိ၊ မြဲမြံအောင်နှင့် ဂုံညင်းနီရပ်ကွက်များရှိ ပြည်သူများအတွက် နေထိုင်မှုအထောက်အထား အခက်အခဲကြောင့် မှတ်ပုံတင် မရရှိခြင်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပျဉ်းမပင် စက်မှုဇုန်အတွင်း ကျူးကျော် ဝင်ရောက်နေထိုင်သည့် ကျူးကျော်နေရာများ ဖြစ်သောကြောင့် လိုအပ်သည့် ယာယီအိမ်ထောင်စုစာရင်းနှင့် နေထိုင်သူတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၄) ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်က မေးမြန်းသော မိုင်းလားမြို့နယ်၊ ဝမ်နောင်လုံ အုပ်စုအတွင်းရှိ ဝမ်နောင်လေးကျေးရွာ၊ ဝမ်လောက်ဖျားကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို မိုင်းခတ်မြို့နယ်အတွင်း ပြန်လည်ထည့်သွင်း ဖွဲ့စည်းပေးနိုင်ရန်နှင့် ၎င်းကျေးရွာသူ၊ ကျေးရွာသားများအတွက် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ညှိနှိုင်းဆောင်ရွက် ပေးမှုတို့ဖြင့် အထူးဒေသ(၄) မိုင်းလားဒေသ တာဝန်ရှိသူများ၏ သဘောတူညီမှု ရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ဒလ-တွံတေးကား လမ်းမကြီးဘေးရှိ အများပြည်သူကျန်းမာရေးနှင့် မြို့အင်္ဂါရပ်ကို ထိခိုက်နေသော အမှိုက်ပုံကြီးအား ပြောင်းရွှေ့ရန် နှင့်စပ်လျဉ်း၍ မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက ပြောင်းရွှေ့ရန် တင်ပြလာသည့် မြေနေရာနှင့်ပတ်သက်၍ ရေရှည်မသင့်လျော်သဖြင့် မြေနေရာအသစ် ဝယ်ယူရန် ထပ်မံရှာဖွေဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်၌ ထည့်သွင်းလျာထားပြီးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါက်တာမေဝင်းမြင့်၊ မရမ်းကုန်းမဲဆန္ဒနယ်က မေးမြန်းသော မရမ်းကုန်းမြိုနယ်၊ (၂)ရပ်ကွက် ဦးချစ်ထွန်းလမ်းနှင့် ကျောက်ပြားစက်ရုံလမ်းကြားရှိ အလျားပေ (၁၀၀)၊ အနံ (၈၅) ပေ ကျယ်ဝန်းသော မြေကွက်အား နိုင်ငံရေးပါတီတစ်ခုအမည်ဖြင့် ဂရန်ထုတ်ပေးထားခြင်းကို ပယ်ဖျက်ပြီး မူလအတိုင်း ကလေးကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက အဆိုပါ မြေကွက်အား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ကလေးကစားကွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဟု မြို့မြေစာရင်း (Town Land Roll) တွင် ပြင်ဆင်မှတ်သား ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ်က မေးမြန်းသော ရဲလောင်းချောင်း ရေပေး စီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် နိုင်ရန် လျာထားတင်ပြထားရှိပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁)ခုတင်သွင်းခြင်း
ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က တင်သွင်းပြီး ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၀-၇-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။ အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၁-၇-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၃၁-၇-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
