မင်္ဂလာဒုံ မြို့နယ် ဂုံညင်းနီရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ စံသမာဓိရပ်ကွက်များရှိ ပြည်သူများသည် အနယ်နယ်အရပ်ရပ်က စီးပွားရေးအကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့အခြေချနေထိုင်သူ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါကြောင်း၊ သို့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးပိုင်းက အဆိုပါရပ်ကွက်များရှိ ပြည်သူ များကို ထောက်ခံစာမပေးသည့်အတွက် သန်းခေါင်စာရင်းပြုလုပ်ရာတွင် အခက်အခဲဖြစ်နေပြီး မွေးဖွား လာသည့် ကလေးများအတွက်လည်း မှတ်ပုံတင်မရဘဲဖြစ်နေပါကြောင်း၊ ယင်းသို့ အခက်အခဲကြုံတွေ့နေရ သည့်အတွက် ဝန်ကြီးဌာနပိုင်းအနေဖြင့် မည်သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးမည်ဆိုပါက အကောင်းဆုံးဟု ထင်မြင်မိပါကြောင်း၊ အကယ်၍ ကွင်းဆင်းဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ကွင်းဆင်းဆောင်ရွက်ပေးမည်ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းခြေ ပြန်လည်ဖြေကြားပေးစေလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးရန် ဌာနအနေဖြင့် အိမ်ထောင်စုစာရင်းနှင့် ချိတ်ဆက်ထားရပါကြောင်း၊ အဓိကအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူပုဂ္ဂိုလ် တစ်ဦးတည်းကနေမှ အကြိမ်ကြိမ်ထုတ်ယူခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်သည့်အပြင် စနစ်တကျ မှတ်တမ်းတင်နိုင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ကိုင်ဆောင် သင့်သည့် မှတ်ပုံတင်တစ်မျိုး လျှောက်ထားရာတွင် သက်ဆိုင်ရာဒေသ၊ အာဏာပိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)မှာ ပါဝင်သူများကို စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုစာရင်းတွင် ပါဝင်မှသာလျှင် သက်ဆိုင်ရာမြို့နယ်များမှ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးခဲ့ခြင်းရှိ/မရှိ ပြန်လည်စိစစ်နိုင်ရန်အတွက် အိမ်ထောင်စုစာရင်းဖြင့် မှတ်ပုံတင် ထုတ်ပေးခြင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ မချိတ်ဆက်ထားဘူးဆိုပါက ပျောက်ခြင်း၊ မှတ်ပုံတင်မပြုလုပ်ရသေးခြင်း စသည့် လူစာရင်းများကို စစ်ဆေးနိုင်သည့် အနေအထား မရှိပါကြောင်း၊ ပျဉ်းမပင်ကျေးရွာအုပ်စု အရပ်အခေါ် စံသမာဓိ ရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်နှင့် ဂုံညင်းနီရပ်ကွက်တို့သည် ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ ကျူးကျော် ရပ်ကွက်ဖြစ်ပါများကြောင်း၊ မွေးရာပါ နိုင်ငံသားများ မဲဆန္ဒပေးနိုင်ခွင့် မဆုံးရှုံးစေနိုင်ရန် ရွေးချယ်တင်မြှောက်ရေးကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းပြီး မဲဆန္ဒပေးခွင့် ရရှိအောင် ဆောင်ရွက်နေပါကြောင်းနှင့် ယာယီအိမ်ထောင်စုစာရင်းများ ထုတ်ပေးရန် သက်ဆိုင်ရာ ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးပါက အဆိုပါရပ်ကွက်ရှိ လူတစ်ဦးချင်းစီအတွက် မှတ်ပုံတင်များကို ဆက်လက် စိစစ်ပြီး ဥပဒေနှင့် အညီ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါနေရာတွင် နေထိုင်သူအားလုံး၏ မိဘ၊ ဘိုးဘွား၊ မူလပြောင်းရွှေ့လာသည့် အရပ်ဒေသများမှ မိဘ၊ ဘိုးဘွားများ ရှိနိုင်သကဲ့သို့ ယင်းတို့၏ မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ ရှိနိုင်ပါကြောင်း၊ အဆိုပါစာရင်းများကို အထောက်အထားများကို ပြောကြားနိုင်မည် ဆိုပါက သက်ဆိုင်ရာမြို့နယ်အချင်းချင်း ချိတ်ဆက်ပြီး ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော ပုဂ္ဂိုလ်များကို မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးအနေဖြင့် အိမ်ထောင်စုစာရင်းများကို ကျူးကျော်ရပ်ကွက်ဖြစ်နေခြင်း၊ နိုင်ငံတော်ပိုင်မြေများဖြစ်နေသည့်အတွက် ထုတ်ပေးခြင်းမဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင်မြေများတွင် နေထိုင်သော ကျူးကျော်သူများကို အုပ်ချုပ်ရေးမှူးများအနေဖြင့် အိမ်ထောင်စုစာရင်းများထုတ်ပေးခဲ့မည်ဆိုပါက နောင်တွင် မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုများ ဖြစ်ပွားနိုင်ည့်အတွက် မြေပိုင်ဆိုင်မှုခိုင်မာသည့် နေရာများကိုသာ ပုံစံ(၆၆/၆)ကို ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊
မွေးရာပါနိုင်ငံသားများအနေဖြင့် မှတ်ပုံတင်တစ်မျိုးမျိုးကိုင်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ထုတ်ပေးရမည်ဖြစ် ကြောင်း မိမိတို့ ခံယူပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် EID စနစ်နှင့် National ID ကို အတုအပ မပြုလုပ်နိုင်စေရန်နှင့် Duplication မပြုလုပ်နိုင်စေရန် စီစဉ်နေပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ အဆိုပါဒေသရှိ ပြည်သူများ မဲပေးခွင့်ရရှိစေရန်၊ လိုအပ်သည့် ယာယီအိမ်ထောင်စု စာရင်းများရရှိစေရန် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဦးအောင်လှိုင်ဝင်း(မင်္ဂလာဒုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီး၏ ဖြေကြားချက်တွင် ကျူးကျော်ရပ်ကွက်ဟု ဖြေကြားခဲ့သည့်အပေါ် သဘောမတူပါကြောင်း၊ မြေပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကိစ္စဖြစ်ပါကြောင်း၊ မွေးရာပါနိုင်ငံသားတွေဖြစ်သည့်အတွက် မှတ်ပုံတင်တစ်မျိုးမျိုးဆိုသည်ကို သဘောမတူပါကြောင်းနှင့် မူလနိုင်ငံသား၊ နိုင်ငံသားစိစစ်ရေးကတ်ကိုသာ ပေးရန်ဖြစ်ပါကြောင်း၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြေပိုင်ဆိုင်မှုအငြင်းပွားတာကို စိစစ်ရမည့် ဝန်ကြီးဌာနမဟုတ်သည့်အတွက် နိုင်ငံသားဥပဒေနှင့် စိစစ်ပြီးမှ ထုတ်ပေးရန်ဖြစ်ပါကြောင်း၊ မြေပိုင်ဆိုင်မှုအငြင်းပွားသည့်ကိစ္စကို နောက်မှာ ရှင်းလင်းမည်ဖြစ်ပါကြောင်း၊ ယခုတောင်းဆိုနေသည်မှာ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ထဲတွင် နေထိုင်သည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ အဆိုပါဒေသတွင် နေထိုင်သော ပြည်သူများက တရားဝင် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်မှ တစ်ဆင့် လွှတ်တော်တွင် တောင်းဆိုနေခြင်းဖြစ်သည့်အတွက် အလေးအနက် ထားပြီးတော့ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယာယီသန်းခေါင်စာရင်း ပုံစံတစ်မျိုးမျိုးနှင့် ကိုင်ဆောင်မှုပြုမည် ဆိုပါသည်ကို လက်မခံနိုင်ပါကြောင်းနှင့် ယင်းသို့ ကိုင်ဆောင်ရန် ဥပဒေတွင် မရှိပါကြောင်း၊ နိုင်ငံသားကတ်ကို တောင်းဆိုနေခြင်းဖြစ်သည့်အတွက် မည်သည့်နည်းဖြင့် ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်နေရက်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ပေးနိုင်မည် နေ့ရက်အတိအကျကို ယခုအချိန်တွင် ဖြေကြားပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
