ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့နှင့် တောင်ကုတ်မြို့သို့ ရေကြောင်းခရီးဖြင့် စရိတ်သက်သာစွာ သွားလာ ဆက်သွယ်နိုင်ရေးအတွက် ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင်သင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရမ်းဗြဲမြို့နယ်ဒေသသည် ရခိုင်ပြည်နယ်၏ အလယ်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ကျေးရွာပေါင်း ၂၀၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်းနီးပါးနေထိုင်သည့်မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ဆက်သွယ်သွားလာရေး အနေဖြင့် ကုန်းလမ်းခရီး နှင့် ရေလမ်းခရီး နှစ်မျိုးစလုံးကိုအသုံးပြုနေရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ကုန်းလမ်းခရီးအနေဖြင့် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးမှတစ်ဆင့် တောင်ကုတ်မြို့နှင့်ရန်ကုန်မြို့ တို့သို့ မော်တော်ကားဖြင့် ဆက်သွယ်သွားလာရေးလွယ်ကူသော်လည်း ရမ်းဗြဲမြို့မှ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဌာနဆိုင်ရာများအနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာကိစ္စများ အနေ ဖြင့်သော်လည်းကောင်း ဆက်သွယ်သွားလာရာတွင် များစွာအခက်အခဲကြုံတွေ့ကြရပြီး အချိန်ကုန်၊ ငွေကုန် ၊ လူပန်းကာ အဆင်မပြေမှုများ ကြုံတွေ့နေရပါကြောင်း၊ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းတွင် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ မဆိုက်ကပ်သဖြင့် ပုဂ္ဂလိကအမြန်ရေယာဉ်များရှိသော နေရာများ၌ မတန်တဆစရိတ်စက အကုန်အကျခံကာ သွားလာနေကြရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေကြရပါကြောင်း၊ သာမန်လုပ်သား ပြည်သူများမှာ စရိတ်ကြီးမြင့်သော ပုဂ္ဂိလက အမြန်ရေယာဉ် ဖြင့် စီးနင်းသွားလာရန်မတတ်နိုင်၍ များစွာ အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခင်က ရခိုင်ပြည်နယ် ဌာနခွဲ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် အောင်တံခွန်သင်္ဘောများပြေးဆွဲခဲ့စဉ်က ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်နှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့မှ တောင်ကုတ်မြို့၊ စစ်တွေမြို့သို့ စရိတ်သက်သာ စွာဖြင့် ဆက်သွယ်သွားလာနိုင်ခဲ့ကြသဖြင့် အဆင်ပြေကောင်းမွန်မှုများရှိကြပါကြောင်း၊ ရမ်းဗြဲမြို့နယ် ဒေသနေ ပြည်သူလူထုအနေဖြင့် ရေကြောင်းဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေစေရန် ရမ်းဗြဲ မြို့ ဒေါရထဆိပ်ကမ်နှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့ကို နိုင်ငံတော်မှ ဘဏ္ဍာငွေ သိန်းပေါင်းများစွာ အကုန်အကျခံကာ ဆိပ်ကမ်းတံတားများကိုလည်း တည်ဆောက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ များ ရေကြောင်းခရီးဆက်သွယ်သွားလာရေးလွယ်ကူ အဆင်ပြေစေရန် ဂျပန်နိုင်ငံအစိုးရမှ ကမ်းရိုးတန်း သွား သင်္ဘောသုံးစီးကို ပံ့ပိုးကူညီပေးထားပြီး ဆက်သွယ်သွားလာပို့ဆောင် ပေးလျက်ရှိနေပါကြောင်း၊ ရမ်းဗြဲမြို့နယ်ဒေသနေ ပြည်သူများမှာ သင်္ဘောကြီးများကို မြင်တွေ့နေရပါလျက် မြင်သာမြင်ရမကြင်ရ ဆိုသလို လက်တွေ့ကြုံတွေ့ ခံစားနေကြရပါကြောင်း၊ နိုင်ငံတော်မှ စရိတ်စကများအကုန်အကျခံ တည်ဆောက်ထားသော ဆိပ်ခံတံတားကြီးများမှာလည်း အချည်းနှီးဖြစ်နေကြရပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့သို့ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ပိုင် ကစ္ဆပနဒ အမြန်သင်္ဘောများ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်ဆိုက်ကပ်ပေးခြင်းဖြင့် ကုန်ပစ္စည်း များကို စရိတ်စက သက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်ပြီး ခရီးသွားပြည်သူများလည်း စရိတ်သက်သာစွာ လျှင်မြန်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ဘဏ္ဍာငွေများစွာ ကျခံတည်ဆောက်ထားသော ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟိုးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ဆိုက်ကပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်အချိန်တွင်စတင်ဆိုက်ကပ်ပေးသွားမည်၊ အစီစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ စစ်တွေ-တောင်ကုတ်ခရီးလမ်းကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလကစပြီး အောင်တံခွန် ရေယာဉ်များဖြင့် ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ(ဒေါရထ)နှင့် ကျောက်နီမော်(ဟိုးဝ) ကြားဆိပ်ကမ်းများတွင်ဆိုက်ကပ်၍ တစ်ပတ်(၃)ခေါက်ပြေးဆွဲပေးခဲ့ပါကြောင်း၊ စစ်တွေ-တောင်ကုတ် ခရီးလမ်းသည် မြစ်တွင်းသွားခရီးစဉ် သက်သက်မဟုတ်ဘဲ ကျောက်ဖြူနှင့်မြေပုံကြားခရီးလမ်းမှာ ပင်လယ်ပြင်ကို ဖြတ်သန်းခုတ်မောင်းရသည့် ရေလမ်းကြောင်းခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ရေယာဉ်များ ၏ ကြံ့ခိုင်မှုအခြေအနေအရ နောက်ပိုင်း တွင် တစ်ပတ် တစ်ခေါက်သာပြေးဆွဲပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် အောင်တံခွန်-၃ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သက်တမ်းကြာမြင့်ပြီဖြစ်သည့် အောင်တံခွန်ရေယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေအရ ပင်လယ်ပြင်ကို ဖြတ်သန်းခုတ်မောင်းရန် စံချိန်စံညွှန်းသတ်မှတ်ချက် ပြည့်မီ ခြင်းမရှိသဖြင့် ဆက်လက်ပြေးဆွဲခြင်း မပြုရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်း ညွှန်ကြားမှုဦးစီးဌာနက ကန့်သတ် လိုက်ခြင်းကြောင့် ၁-၅-၂၀၁၅ ရက်နေ့မှစ၍ စစ်တွေ-တောင်ကုတ် ခရီးလမ်းကို ပိတ်သိမ်းခဲ့ရပြီး မြစ်တွင်းသွားခရီးစဉ်ဖြစ်သည့် စစ်တွေ-ဘူးသီးတောင်ခရီးလမ်းတွင်ရေယာဉ် သုံးစီးဖြင့် အလှည့်ကျ တစ်ပတ် သုံးခေါက်ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ၎င်းအချိန်တွင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနရှိ ရေယာဉ်များအားလုံးသည် ပင်လယ်ပြင်ကိုဖြတ်သန်း ခုတ်မောင်းရ သည့် စစ်တွေ-တောင်ကုတ်ခရီးစဉ်ပြေးဆွဲနိုင်ရန် စံချိန်စံညွှန်း သတ်မှတ်ချက်ပြည့်မီခြင်းမရှိသည့်အတွက် အခြားရေယာဉ်များဖြင့်လည်း ပြေးဆွဲပေးနိုင်ခြင်းမရှိဘဲ ဂျပန် နိုင်ငံမှ လှူဒါန်းသည့် ကစ္ဆပနဒီ-၁ ရေယာဉ် ကို ၂၉-၃-၂၀၁၇ ရက်နေ့တွင် လက်ခံရရှိပြီးနောက် ၁၀-၄-၂၀၁၇ ရက်နေ့မှစ၍ ၎င်းရေယာဉ်ဖြင့် စစ်တွေ-တောင်ကုတ်ခရီးလမ်းကို တစ်ပတ် နှစ်ခေါက် ပြန်လည် ပြေးဆွဲပေးနိုင်ခဲ့ပါကြောင်း၊ ကစ္ဆပနဒီ-၁ ရေယာဉ် ၏ ရေစူးကန့်သတ်ချက်ကြောင့် ယခင်က အောင်တံခွန် ရေယာဉ်များဖြင့်ပြေးဆွဲခဲ့သည့် စစ်တွေ-တောင်ကုတ်ခရီးစဉ်၏ ကြားဆိပ်ကမ်းများဖြစ်သည့် ရမ်းဗြဲ(ဒေါရထ) နှင့် ကျောက်နီမော်(ဟိုးဝ) ဆိပ်ကမ်း များ၏ အဝင်ရေလမ်းအနေအထားအရ ဝင်ရောက်ဆိုက်ကပ် နိုင်ခြင်းမရှိဘဲ စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ်ခရီးစဉ်အတိုင်းသာ ဆိုက်ကပ်ပြေးဆွဲပေးနိုင်ခဲ့ပါကြောင်း၊ ဆိပ်ကမ်းမှ ရေမိုင် ၆ မိုင်ခန့် ၎င်း ထဲကိုဝင်ရပါကြောင်း၊ ထို့နောက် ကျောက်ဆောင်များကြား ခုတ်မောင်း ရသည့်အတွက် ရေကျချိန်မှာ အထူးသတိထားပြီး ဆိပ်ကမ်းအဝင်မှာ ရေလမ်းကျဉ်းမြောင်းသည့်အတွက်ကြောင့် ပြန်ထွက်သည့် နေရာ ရေယာဉ်လှည့်ရာတွင် အခက်အခဲများရှိပါကြောင်း၊ ပုံမှန်ရေလမ်းကြောင်း မှနေပြီး ဟိုးဝဆိပ်ကမ်းကို ရေမိုင် ၃.၇ မိုင်ခန့်ဝင်ရောက်ရပါကြောင်း၊ အဝင်ဝတွင်လည်း ရေမြုပ် ကျောက်တန်းများရှိသည့်အတွက် အထူးသတိထားပြီး ခုတ်မောင်းရသည့်အခြေအနေဖြစ်ပါကြောင်း၊ ကစ္ဆပနဒီ-၁ ရေယာဉ်ဖြင့် ၁၁-၄-၂၀၁၇ ရက်နေ့နှင့် တောင်ကုတ်-မာန်အောင် ခရီးလမ်းကို ၁၁-၄-၂၀၁၇ ရက်နေ့မှစ၍ တစ်ပတ် နှစ်ခေါက် ပြေးဆွဲပေးခဲ့ပါကြောင်း၊ တောင်ကုတ်-မာန်အောင်ခရီးစဉ် ကစ္ဆပနဒီ-၁ ရေယာဉ်နှင့်ကျောက်နီမော် (ဟိုးဝ) ကို ဝင်မည်ဆိုပါက ရင် ရေမိုင် ၅.၄ မိုင်ခန့် သီးခြားဝင်ရောက်ရမည်ဖြစ်ပါကြောင်း၊ တောင်ကုတ်-မာန်အောင်ခရီးလမ်းသည် ပင်လယ် ရေတက်ချိန် လေးနာရီအတွင်း အသွား/အပြန်အချိန်ကိုက် ပြေးဆွဲရ သည့် အတွက်ကြောင့်လည်းကောင်း၊ ရေမြုပ်ကျောက်တန်းများ ရှိသည့်အတွက်ကြောင့်လည်းကောင်း အချိန်လုံလောက်မှုမရှိသည့် အတွက် တောင်ကုတ်-မာန်အောင် တိုက်ရိုက်ပြေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ကစ္ဆပနဒီ-၁ ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူခရီးလမ်းကိုလည်း ၅-၈-၂၀၁၇ ရက်နေ့မှ စတင်ပြီး တစ်ပတ် နှစ်ခေါက်ပြေးဆွဲပေးခဲ့ပြီး ၂၅-၇-၂၀၁၇ ရက်နေ့မှာ ထပ်မံရောက်ရှိလာသည့် ဂျပန် နိုင်ငံမှလှူဒါန်းသည့် ဒုတိယရေယာဉ် ကစ္ဆပနဒီ-၂ ရေယာဉ်ဖြင့် ၁-၉-၂၀၁၇ ရက်နေ့မှစ၍ စစ်တွေ- ကျောက်ဖြူခရီးလမ်းကို တစ်ပတ် နှစ်ခေါက် ပြေးဆွဲပေးခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံက တတိယအကြိမ်မြောက်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ယာဉ်အသစ် ကစ္ဆပနဒီ-၃ ရေယာဉ်သည် ၈-၃-၂၀၁၉ ရက်နေ့မှာ ရောက်ရှိ လာပြီး ၅-၄-၂၀၁၉ ရက်နေ့မှာစ၍ စစ်တွေ-ကျောက်ဖြူခရီးလမ်းကို ကမ်းရိုးတန်းသွားတိုက်ရိုက် ရေလမ်းကြောင်းဖြင့် စတင်ပြေးဆွဲခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဂျပန်နိုင်ငံမှ ၂၀၁၇ ခုနှစ်မှာထောက်ပံ့လှူဒါန်းခဲ့သည့် အသုံးပြုဆဲ ခရီးသည် သီးသန့်တင် ကစ္ဆပနဒီ-၁ နှင့် ကစ္ဆပနဒီ-၂ ရေယာဉ်တို့ဖြင့် စစ်တွေ-တောင်ကုတ်၊ တောင်ကုတ်- မာန်အောင်ခရီးပြေးဆွဲခဲ့သော်လည်း ဆီစားနှုန်းများပြီး ခရီးသည်လိုက်ပါမှုအလွန်နည်းပါးသဖြင့် ခရီးစဉ်အခေါက်တိုင်း အရှုံးများစွာဖြစ်ပေါ်နေခြင်း၊ ၈-၃-၂၀၁၉ ရက်နေ့မှာ ဂျပန်နိုင်ငံမှရောက်ရှိ လာသည့် ကမ်းရိုးတန်းသွားခရီးသည်တင် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်အသစ်ကိုလည်း အဆိုပါခရီးလမ်း ကို ပြေးဆွဲပါက ပိုမိုအရှုံးပေါ်လာနိုင်သည့်အတွက် စစ်တွေ-ကျောက်ဖြူခရီးလမ်းကိုသာ ပြေးဆွဲပေး ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ စီးပွားရေးတွက်ခြေမကိုက်မှုများရှိသော်လည်း ပြည်သူ့ဝန်ဆောင်မှုတစ်ရပ် အနေဖြင့် ခရီးစဉ်များကို လုံးဝရပ်နားခြင်းမပြုခဲ့ဘဲ အခေါက်ရေများကိုသာလျှော့ချပေး ဆွဲပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သို့သော် ကစ္ဆပနဒီ-၁ ရေယာဉ်နှင့် ကစ္ဆပနဒီ-၂ ရေယာဉ်များ၏ ကိုယ်ထည်နှင့်စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် အဆိုပါရေယာဉ်နှစ်စီးဖြင့်ပြေးဆွဲခဲ့သည့် စစ်တွေ-တောင်ကုတ်၊ တောင်ကုတ်-မာန်အောင်နှင့် စစ်တွေ-ကျောက်ဖြူခရီးစဉ်များကိုရပ်နားခဲ့ရပြီး ကျင်းတင်ပြင်ဆင်ပြီးမှအချို့ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိမှာ ကစ္ဆပနဒီ-၃ ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ တိုက်ရိုက် ခရီးစဉ်နှင့် အောင်တံခွန်ရေယာဉ်များနှင့် စစ်တွေ-ဘူးသီးတောင်တိုက်ရိုက်ခရီးစဉ်များ ကိုသာ ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ကျောက်ဖြူ-စစ်တွေ၊ မြေပုံ-ကျောက်ဖြူကို ကစ္ဆပနဒီ-၁ နှင့် ကစ္ဆပနဒီ-၂ ပြေးဆွဲသည့်နေရာတွင် ရေယာဉ်များကို စက်မှုပိုင်းနှင့် ကိုယ်ထည်ပိုင်းချို့ယွင်းမှု များကြောင့်ရပ်နားခဲ့ရပြီး ကျင်းတင်ပြုပြင်ပြီးမှ ၎င်းခရီးစဉ်များကိုပြန်လည် ပြေးဆွဲရန်စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ကစ္ဆပနဒီ ရေယာဉ်များသည် ခရီးသည်သီးသန့်တင် ရေယာဉ်များဖြစ်ပြီး ကုန်စည်သယ်ဆောင်နိုင်မှုမရှိခြင်း၊ ရေယာဉ်များ၏ ရေစူးနှင့်အမြန်နှုန်းကြောင့် ဆီစားနှုန်းများပြားခြင်း တို့ကြောင့် ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့ နှင့် တောင်ကုတ်မြို့များသို့ သွားလာဆက်သွယ်နိုင်ရန်အတွက် ရမ်းဗြဲမြို့(ဒေရထိ)ဆိပ်ကမ်းနှင့် ကျောက်နီမော်(ဟိုးဝ)ဆိပ်ကမ်း တို့မှာ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
